DVB Logo
Home
မြန်မာသတင်း
အပတ်စဉ် ၁ စစ်မှုထမ်းများကို အိမ်ပြန်ခွင့်ပေးခဲ့ဟု စစ်ကောင်စီဝါဒဖြန့်နေ
ဝေဝေ
·
April 9, 2026
အပတ်စဉ် ၁ စစ်မှုထမ်းများကို အိမ်ပြန်ခွင့်ပေးခဲ့ဟု စစ်ကောင်စီဝါဒဖြန့်နေ
Donate to DVB

ပြည်သူ့ စစ်မှုထမ်းအပတ်စဉ် ၁ က စစ်မှုထမ်းတပ်သားသစ်တွေကို မိဘအိမ်ပြန်ခွင့်ပေးခဲ့ကြောင်း စည်းရုံးလှုံ့ဆော်ဖို့ စစ်ကောင်စီက ဝါဒဖြန့်ထုတ်ပြန်နေပါတယ်။

ပြည်သူ့စစ်မှုထမ်းအပတ်စဉ် ၁ ခေါ်ယူခဲ့တာဆိုရင် ၂၀၂၆ ဧပြီ ၈ ရက်မှာ စစ်မှုထမ်းကာလ ၂ နှစ် ပြည့်ပြီ ဖြစ်ပြီး ၂ နှစ်ပြည့်ရင် အိမ်ပြန် ခွင့်ရရှိမယ်လို့ ဥပဒေမှာ ဖော်ပြပါရှိတဲ့အတွက် စစ်ကောင်စီဟာ အပတ်စဉ် ၁ တပ်သားတွေကို မိသားတွေဆီ ပြန်ခွင့်ပေးခဲ့ကြောင်း တပ်ထောက်ခံသူတွေနဲ့ ဝါဒဖြန့် သတင်းချန်နယ်တွေမှာ ဝါဒဖြန့်ထုတ်ပြန်နေတာပါ။

စစ်မှုထမ်း အပတ်စဉ် ၁ မှာ  ပစ တပ်သားဦးရေ ၅.၁၅၅ ယောက် သင်တန်းဆင်းခဲ့ကြောင်း စစ်ကောင်စီဘက်က ထုတ်ပြန်ပြောဆိုချက်တွေအရ သိရသလို သင်တန်းဆင်းတပ်သားဦးရေ စုစုပေါင်းရဲ့ ၃၀ ရာခိုင်နှုန်းလောက်သာ အသက်ရှင်ကျန်ရစ်နိုင်ကြောင်းနဲ့ နောက်ထပ် စည်းရုံးမှုတွေ အတွက် ဝါဒဖြန့်လုပ်ဆောင်နေတာဖြစ်ကြောင်း မြန်မာ့စစ်ဘက်ရေးရာနှင့် လုံခြုံရေးဆိုင်ရာ လေ့လာရေးအဖွဲ့ MDSI က ပြောပါတယ်။

MDSI စစ်ဘက်သုတေသနတာဝန်ခံ ကိုနောင်ရိုးက “အသက်ရှင်ကျန်ရစ်သူတွေထဲကမှ တချို့ကို စည်းရုံးဝါဒ ဖြန့်ဖို့အတွက် ပြန်လည်နုတ်ထွက်ခွင့်ပြုတယ်လို့လည်း ကျနော်တို့ ရှုမြင်တယ်။ အဲဒီထဲမှာ တိုင်းစစ်ဌာနချုပ် ဒေသအလိုက်ဆို လက်ရှိ ကရင်ပြည်နယ်မှာဆို တွေ့ရတာ ၃၈၀ လောက် ရှိတာတွေ့ရတယ်။ နိုင်ငံအနှံ့ဆိုရင်တော့ အရေအတွက် ထောင်ဂဏန်းကျော်ကျော် ဝန်းကျင်လောက်တော့ ရှိလိမ့်မယ်လို့ ကျနော်တို့ ယူဆတယ်။ ရာခိုင်နှုန်း အားဖြင့်ဆိုရင်တော့ စစ်မှုထမ်း ပစရဲ့ ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်းလောက်ပဲ နုတ်ထွက်ခွင့်ပြုနိုင်တယ်ဆိုတော့ အများအပြားက ထိခိုက်သေဆုံးခဲ့တယ်၊ ဆုံးရှုံးခဲ့တယ် ဆိုတဲ့ဟာကိုတော့ ကျနော်တို့ ပြောလို့ရနိုင်မယ် ထင်ပါတယ်၊ စစ်ကောင်စီကတော့ သူတို့ ဝါဒဖြန့်တာ၊ သူတို့ ထွက်ခွင့်ပြန်ပြုတယ်ဆိုတဲ့ သဘောမျိုး နောက်ထပ် စည်းရုံးဝါဒဖြန့်မှု၊ ပုံဖော်ဝါဒဖြန့်မှု လုပ်ဆောင်တာ ဖြစ်ပေမဲ့ တဖက်မှာတော့ တကယ်မြေပြင်အခြေအနေမှာ ခက်ခဲကြုံတွေ့ ဖြတ်သန်း ထိခိုက်ဆုံးရှုံးနေရတဲ့ အခြေအနေကို တဖက်မှာ မြင်သာလှစ်ဟ လှစ်ပြလိုက်တယ်လို့ ပြောရမယ် ထင်ပါတယ်”လို့ ပြောပါတယ်။

စစ်တပ်ရဲ့ ဝါဒဖြန့်သတင်းချန်နယ်တွေမှာတော့ တာဝန်ထမ်းဆောင်ချိန် ၂ နှစ်ပြည့်မြောက်လို့ မိဘနေရပ်ဆီ ပြန်ပို့ဖို့ ရှေ့တန်းနယ်မြေတွေကနေ ပြန်လည်ခေါ်ယူခဲ့တဲ့ ပစ ၂၄၆ ယောက်  ပြန်လည်ရောက်ရှိလာကြောင်းနဲ့ ဂုဏ်ပြုဆုငွေ တသိန်းကျပ်စီ ချီးမြှင့်ခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင်ကရင်နီပြည်နယ် ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (လွိုင်ကော်) တခုတည်းမှာတင် ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၁) က ပစ ၃၈၅ ယောက်ကို ဂုဏ်ပြု ထောက်ပံ့ ပစ္စည်းတွေ  ချီးမြှင့်ပေးအပ်တဲ့ အခမ်းအနားကျင်းပခဲ့ကြောင်းကို ဧပြီ ၄ ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။

ဒီထုတ်ပြန်ပြောဆိုချက်တွေ စုစည်းလည်းကြည့်မယ်ဆိုရင်လည်း တရားဝင်နုတ်ထွက်ခွင့်ရတဲ့ အပတ်စဉ် ၁ က ပြည်သူ့စစ်မှုထမ်းဦးရေဟာ ၆၀၀ ကျော်သာရှိပါတယ်။

ပြည်သူ့စစ်မှုထမ်း အပတ်စဉ် ၁ မှာ စုဆောင်းခံရသူ လူငယ်တွေရဲ့ မိသားစုတွေမှာတော့ သတင်း အချက်အလက်နဲ့ အဆက်အသွယ်တွေ ဘာတခုမှ မသိရဘဲ စိုးရိမ်ပူပန်နေကြရပါတယ်။

စစ်မှုထမ်းစုဆောင်းခံရသူမိသားစုဝင်နဲ့ နီးစပ်သူက “အပတ်စဉ် ၁ က လူတွေကို ပြန်လွှတ်ပေးတာတွေ ဆိုတာက တကယ်တော့ အကုန်မှမဟုတ်တာ။ ဒီ မပြန်နိုင်တဲ့ သူတွေရဲ့ မိသားစုတွေကိုလည်း အတိအကျ အကြောင်းပြန်ပေးသင့်တယ်။ တိုက်ပွဲကျတယ်ဆိုရင်လည်း ကျတယ်၊ ပြန်မလာနိုင်တော့ဘူးဆိုရင်လည်း ပြန်မလာနိုင်တော့ဘူး။ တချို့ဆိုလို့ရှိရင်လည်း တိုက်ပွဲမကျဘူး၊ ပြန်မလာချင်ဘူး၊ သူတို့ရဲ့ ဆန္ဒအရပဲ တပ်ထဲမှာ ဆက်နေမယ်ဆိုရင်လည်း တမျိုးပေါ့။ အခုဟာက သေလား ရှင်လားလည်းမသိ၊ ဘာအကြောင်းမှလည်းမကြား၊ မိဘတွေက အခု သူတို့သားအကြောင်းကိုလည်း မသိရဘူး။ မေးရင်လည်း ဘာမှမပြောတဲ့အခါကျတော့ သူတို့ရဲ့သားကို ဒီလို ခေါ်သွားတာ ဒါသေပြီပေါ့။ သေလို့ ဘာမှ ပြန်မပြောတာပေါ့။ သေသွားလို့ ဒါအကြောင်းမကြားတာပေါ့။ မိသားစုမှာတောင်မှ ဆွမ်းကပ်ရမလိုလို၊ အလှူပဲလုပ်ရမလိုလို၊ သူ့အတွက်ပဲ အမျှဝေရတော့မလိုလို၊ ဘာဆက်လုပ် လို့လုပ်ရမှန်း မသိဘဲနဲ့ မိဘတွေမှာ တကယ့်ကို အပူကြီးနေကြတာပေါ့နော်။ အရမ်းကို စိုးရိမ်သောက တွေ ဖြစ်နေကြတာပေါ့”လို့ ပြောပါတယ်။

ပြည်သူ့စစ်မှုထမ်း(ပစ) သင်တန်းဆင်းအင်အားက အပတ်စဉ် တခုကို ပျမ်းမျှ ၄,၈၀၀ ဝန်းကျင်နဲ့  အပတ်စဉ် ၂၀ ထိကို တသိန်းနီးပါးထိ ရှိလာပြီး လက်ရှိမှာ အပတ်စဉ် ၂၃ ထိ ခေါ်ယူလေ့ကျင့် သင်တန်းပေးနေကြောင်း MDSI ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013