DVB Logo
Home
Lead Story
ချင်းတောင်တန်းက ချပ်ခုတ်ရက်ကန်း
DVB
·
May 23, 2015
ချင်းတောင်တန်းက ချပ်ခုတ်ရက်ကန်း
1 / 4
Donate to DVB

ဟားခါးမြို့ရဲ့ တောင်စောင်းမှာ ချင်းပျိုမလေးတွေ စုပေါင်းတည်ထောင်ထားတဲ့ အိုင်းဒီး ဆိုတဲ့ ချပ်ခုတ် ရက်ကန်းအိမ်လေးတအိမ် ရှိနေပါတယ်။ အလွန် ခေတ်အမြင်ရှိတဲ့ လူငယ်တွေ လုပ်တဲ့ ရိုးရာလုပ်ငန်းပါ။

မျှော်ကြည့်လိုက်ရင်တော့ တောင်စောင်းလမ်းဘေးတလျှောက်မှာ အိမ်ကလေးတွေ စီရရီ။ ဟားခါးမြို့ရဲ့ထူးခြားချက်ကတော့ အိမ်တွေကို ဆေးရောင်စုံသုတ် လိမ်းခြယ်သထားတာပါ။ ပန်းနုရာင်၊ အစိမ်းရောင်၊ လိမ္မော်ရောင်၊အပြာရောင်..၊ အရောင်တွေကလည်း စုံပါပေ့။

ကျနော်တို့ တောင်စောင်းက ခြေတန်ရှည် အိမ်ကလေးတလုံးပေါ် ရောက်နေတယ်။ အိမ်ကလေးပေါ်မှာ ချင်းအမျိုးသမီး ၁၀ ယောက်လောက်က အိမ်နံရံကို ခြေကန်လို့ တယောက်ကို တယောက်က ကျောပေးထိုင်နေတယ်။ နံရံကတန်းမှာ ချည်ခင်ကို ချိတ်ပြီး ရိုးရာ ချပ်ခုတ် ရက်ကန်းရက်နေကြတယ်။

ဒီရက်ကန်းရုံလေးကို Anna Biak Tha Mawi အမည်ရှိတဲ့ ချင်းအမျိုးသမီးလေးနဲ့ သူငယ်ချင်းတွေ စုပေါင်းထူထောင်ထားတာ။ aidii Chin Traditional Weaving လို့ နာမည်ပေးထားတယ်။ အန်နာက အိုင်းဒီး ဆိုတဲ့ ကလောင်နာမည်နဲ့ကဗျာလည်း ရေးတဲ့ဆရာမ ဖြစ်တယ်။ အိုင်းဒီးက ခေတ်မီမီ ကမ္ဘာကြည့် ကြည့်တတ်တဲ့ ချင်းပျိုမလေးပါ။ ဒါကြောင့် အိုင်းဒီး ချင်းရိုးရာရက်ကန်းလုပ်ငန်းက ခေတ်မီတယ်။ အဘိုးအဘွားတွေလက်ထက်က ရက်လုပ်ခဲ့တဲ့ ချင်းရိုးရာ ဒီဇိုင်းတွေကို အခြေခံပြီး ခေတ်မီ ဆန်းသစ်တဲ့ ဒီဇိုင်းနဲ့ ပေါင်းစပ်ကာ ချပ်ခုတ် နည်းဟောင်းအတိုင်း ရက်လုပ်တာပါ။

“ချင်းရိုးရာက အာကတန်း (arket့eng - ကြက်ခြေရာ)။ အာပီဖရော( arpi farual - ကြက်မိသားစု) ထွေဘော ( thawibor - ပန်းပွင့်ပုံစံ၊ ဆုံသင်းပါရ် ၀တ်လို့ လူသိများတယ်။) လို့ ရှိတာ။ အာပီဖရော နဲ့ ထွေဘော ကခက်လို့ သိပ်မလုပ်ကြ တော့ဘူး။ ဈေးကွက်မှာ မရှိတော့ဘူး ပျောက်ကွယ်သွားနိုင်တယ်။ အာကတန်း ပဲလုပ် တာများလာတယ်” လို့ အိုင်းဒီး ကပြောပြတယ်။

အိုင်းဒီးတို့ကိုယ်တိုင်လည်း ချပ်ခုတ် ရက်ကန်း ရက်တယ်။ သူက ကဗျာ ဆရာမ၊ သူ့ကဗျာစာအုပ်တွေ ထုတ်ဝေရာမှာ သရုပ်ဖော်ပန်းချီတွေကို ကိုယ်တိုင်ရေးဆွဲသူ ဆရာမလည်း ဖြစ်တယ်။ သူက ရက်ကန်းခတ်တာကို ပန်းချီဆွဲတာလို ခံစားတယ်။

“ကိုယ့်ရဲ့ စိတ်ကူးတွေက ဒီထဲမှာ ပါသွားတယ်။ အပွင့်တွေ အခက်တွေ၊ အထည်ပေါ်မှာ ပန်းချီဆွဲသလို ကိုယ့်စိတ်ကူး ဒီထဲ ထည့်တယ်။ အထည်မှာ အရောင် ရှိတယ်။ Space ရှိတယ်။ လိုင်းရှိတယ်။ Composition ရှိတယ်ဆိုတော့ ဒါပန်းချီကားချပ် လို့ခံစားတယ်။”

သူတို့ ချပ်ခုတ် ရက်ကန်းက စက်ရဲ့ အကူမပါဘဲ လက်နဲ့သာ လုပ်ရတာမို့ မတွင်ဘူး။

“တကယ့်ရိုးရာထည်တွေက Detail (အနုစိပ်)  ဖြစ်တာကိုး။ ဈေးက အရမ်း ကြီးတယ်။ လုံချည်တထည်ရက်ဖို့ဆိုရင် ၁ လခွဲ ၂ လကြာတယ်။ လုပ်အားခနဲ့ ဈေးကိုလျှော့လို့ ဘယ်လိုမှ မရနိုင်ဘူး။ ဒီဇိုင်းကို minimum ( အနည်းဆုံး) ဖြစ်အောင်လျှော့လိုက်ရတယ်။”

ထဘီတထည်ကို ကျပ် ၃၀၀၀၀ က နေ ၄၀၀၀၀။ Pattern ( အဆင်အပြောက် အမွမ်း ) ပါရင် ၅၀၀၀၀- ၁၅၀၀၀၀။

“ကျနော်တို့ ကိုယ်တိုင်လည်း ကိုယ့်ဝတ်စုံကို ကိုယ်ပြန်မ၀ယ်နိုင်သေးဘူး ဖြစ်နေတယ်။”

အိုင်းဒီးက ပြောပြီး ရယ်တယ်။ သူ့ထူးခြားချက်က အရယ်သန်တယ်။ သွက် သွက် လွင်လွင်လေး ရယ်မောလေ့ ရှိတယ်။

ချင်းတွေက  တနင်္ဂနွေနေ့ ဘုရားကျောင်းတက်ချိန်မှာ ရိုးရာဝတ်စုံကို ၀တ်ဆင် သူ များတယ်။ ရိုးရာ ပွဲတွေမှာလည်း ၀တ်ဆင်တယ်။

ချင်းရိုးရာ ချပ်ခုတ်အထည်တွေရဲ့ အဓိကဈေးကွက်က နိုင်ငံခြားရောက် ချင်း တွေ ဖြစ်ပါတယ်။ အိုင်းင်္ဒီးက www.facebook.com/Aidii-Cokkections နဲ့ သူတို့ ရိုးရာ အထည်တွေကို ဖေ့စဘုတ် တင်ပေးထားတယ်။ ရန်ကုန်က ချင်းတွေကလည်း ၀ယ်ပြီး နိုင်ငံခြားကို ပို့ကြတယ်။ အခက်အခဲတခုကတော့ ရက်ကန်းသမား အင်အားက နည်းသေးတော့ ၀ယ်လိုသူ ရချင်သလောက် အထည်မပေးနိုင်တာပါပဲ။

ယခုအခါ ပခုက္ကူ၊၊ ဂန့်ဂေါ၊ ကလေးမြို့တွေမှာ စက်ရက်ကန်းနဲ့ရက်တဲ့ ချင်းရိုးရာအဆင် အ၀တ်အထည်တွေ ဈေးကွက်ထဲ ရောက်လာတယ်။ စက်နဲ့ ယက်တာမို့ တွင် တယ်။ ဈေးလျှော့ရောင်းနိုင်တယ်။ ဒါပေမယ့် အချို့ကလည်း လက်နဲ့ ယက်တဲ့ (Hand Made)ကို ကြိုက်တယ်။ ချပ်ခုတ်ထည်က ပိုနူးညံ့တယ်။ ၀တ်ရတာ အိအိလေး။ အေးလို့ ကြိုက်တယ်။ ကြည့်ရတာ ပိုလှတယ်။ Detail ပါတယ်။ မတတ်နိုင်သူက ရသေ့စိတ်ဖြေ စက်ယက်ထည်ကို ၀ယ်ဝတ်တယ်။

အိုင်းဒီးက လုပ်ငန်းချဲ့နေတယ်။ သူ့အဘွား ဒေါ်ငွန်ဖမ် (Ngwn Fan) ရဲ့ အိမ်ဝင်းထဲမှာ နောက်ထပ်ရက်ကန်းရုံသစ်တရုံ ထပ်ဆောက်နေတာ တွေ့ရတယ်။

သူက အင်္ဂလိပ်စာ အဓိကနဲ့ ဘွဲ့ရထားတယ်။ Yangon Film School ကျောင်း ဆင်းလည်း ဖြစ်တယ်။ ခေတ်မျက်စိ ရှိသူ ဖြစ်တယ်။ ရိုးရာ ချပ်ခုတ် အထည်ရက် လုပ်တဲ့ လုပ်ငန်းကို ပြန်လည် အသက်သွင်းနေတဲ့ သူ့ကို ကျနော်က ခေတ်နောက် ပြန်ဆွဲနေရာ မကျဘူးလား လို့မေးတော့ ခေတ်နောက်ပြန်ဆွဲသင့်တာကိုလည်း ဆွဲရမှာပေါ့လို့ အိုင်းဒီးက ပြန်ဖြေပြီး သူ့ပင်ကိုယ်ဟန်ပန်အတိုင်း ခပ်လွင်လွင် ရယ်မောပါတယ်။

ကျော်ရင်မြင့်

[gallery ids="94165,94166,94167"]

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013