DVB Logo
Home
Lead Story
တော်လှန်ရေးကာလ ဒုက္ခိတဖြစ်ခဲ့ရတဲ့ စစ်သည်တွေကို ဂုဏ်ပြုတာပါ- ဒုဗိုလ်မှူးကြီးကွဏ်းဇင့်
DVB
·
May 23, 2015
တော်လှန်ရေးကာလ ဒုက္ခိတဖြစ်ခဲ့ရတဲ့ စစ်သည်တွေကို ဂုဏ်ပြုတာပါ- ဒုဗိုလ်မှူးကြီးကွဏ်းဇင့်
1 / 7
Donate to DVB

မေလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့  ၅၇  နှစ်မြောက်  ရှမ်းတော်လှန်ရေးနေ့ အခမ်းအနားကို ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တပ်မတော်တောင်ပိုင်း ဌာနချုပ် လွိုင်တိုင်းလျန်းတောင်ပေါ်မှာ ကျင်းပခဲ့ပါတယ်။

ဒီနှစ် တော်လှန်ရေးအခမ်းအနားကျင်းပတာနဲ့ ပတ်သက်ပြီး အခမ်းအနားတက်ရောက်သူ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့  ကျိုင်းတုံနယ်မြေစစ်ဒေသမှူး ဒုဗိုလ်မှူးကြီးကွဏ်းဇင့်ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒီနှစ်ရဲ့ ရှမ်းတော်လှန်ရေးနေ့အခမ်းအနားမှာ ဘာထူးခြားချက်တွေ ရှိပါသလဲ။

“ဟုတ်ကဲ့ ဒီနှစ်ရဲ့ ထူးခြားချက်ကတော့ တော်လှန်ရေးခေတ်အဆက်ဆက်မှာ တိုက်ပွဲဝင်ရင်း ခြေကျိုးလက်ပြတ် ဒုက္ခိတ ရောက်ခဲ့ရပြီး သက်ရှိ ထင်ရှားရှိနေတဲ့ ကျနော်တို့ စစ်သည်တွေကို လက်လှမ်းမီသလောက် ပြန်လည်ဖိတ်ခေါ်ပြီး သူရဲကောင်းတံဆိပ်တွေ ချီးမြှင့်ကာ ထောက်ပံ့ကြေးတွေ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ နောက်တခု ထူးခြားတာကတော့ ရှမ်းပြည်အမျိုးသားတပ်မတော်(Shan State National Army) က ဗိုလ်မှူးချုပ် စိုင်းယီ သူ့ရဲ့ အင်အား ၁၀၀၀ ကျော်နဲ့အတူ ရှမ်းပြည်တပ်မတော်တောင်ပိုင်းအဖွဲ့နဲ့ လာရောက်ပူးပေါင်းခဲ့တဲ့ ၁၀ နှစ် ပြည့်အခမ်းအနားကိုလည်း ပူးတွဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။”

ဒုက္ခိတဖြစ်နေတဲ့ စစ်သည်တွေကို အခုမှ ဂုဏ်ပြုတာလား။

“မဟုတ်ပါဘူး ၊ အရင်ကလည်း နှစ်တိုင်း ဂုဏ်ပြုပါတယ်။ ဒါပေမယ့် ဒီနှစ်က ဟိုးအရင် ခွန်ဆာရဲ့ အမ်တီအေအဖွဲ့ထဲမှာ ပါဝင်ခဲ့တဲ့သူတွေရော၊ တခြားရှမ်းလက်နက်ကိုင်အဖွဲ့ထဲက လူဟောင်းတွေပါ လက်လှမ်းမီသလောက် ပြန်ခေါ်ပြီး ဂုဏ်ပြုပေးတာ ဖြစ်ပါတယ်။ သူတို့ဟာ တော်လှန်ရေးအတွက် အထက်အမိန့် နာခံရင်း ကိုယ်ကျိုးစွန့်တိုက်ပွဲဝင်ကြတယ်။ သူတို့မှာ ဘာမှ အပြစ် မရှိဘူး၊ သူတို့အဖွဲ့အစည်း ပြိုပျက်သွားတဲ့ခါကျတော့ နေရာအနှံ့ ရောက်သွားကြတာလည်း ရှိတယ်။ အဲဒါကို ပြန်ခေါ်ပြီး  ဂုဏ်ပြုပေးတာ ဖြစ်ပါတယ်။ စုစုပေါင်း ၁၆၀ ကျော် ရှိပါတယ်။ တချိဲ့လည်း လက်ရှိ ကျနော်တို့တပ်ထဲမှာပဲ။  ကျနော်တို့ရဲ့ ဒုစစ်ဦးစီးချုပ် စ၀်ခေးငင်းဟာလည်း ဂုဏ်ပြုခံရတဲ့ထဲ ပြန်ပါပါတယ်။ သူက တိုက်ပွဲမှာ လက်တဘက်ပေး လှူခဲ့တယ်။ သက်ရှိထင်ရှားရှိသူတွေကို ဂုဏ်ပြုသလို အသက်စွန့် ပေးလှူသွားသူတွေအတွက် လည်း  ပန်းခွေချပြီး လှူဒါန်းဝေမျှပေးခဲ့ပါတယ်။”

အက်စ်အက်စ်အန်အေနဲ့ အက်စ်အက်စ်အေတောင်ပိုင်း ပူးပေါင်းတဲ့ ၁၀ နှစ်ပြည့်ကကော ဘတွေဆောင်ရွက်ပါသလဲ။

“၁၀ နှစ်ပြည့် အထိမ်းအမှတ်စာအုပ်ထုတ်ဝေပါတယ်။ ပြီးတော့ အာရ်စီအက်စ်အက်စ် ဒုဥက္ကဋ္ဌ ဗိုလ်မှူးချုပ်စိုင်းယီက သူတို့ ရှမ်းပြည်တပ်မတော်တောင်ပိုင်းနဲ့ လာရောက် ပူးပေါင်းခဲ့ရတာတွေ ၊ ရှေ့ဆက် ဆောင်ရွက်စရာတွေ ပြောသွားပါတယ်။ သူတို့အဖွဲ့ဟာ ၁၉၉၀ တုန်းက အမ်တီအေကနေ ခွဲထွက်ပြီး အစိုးရနဲ့ ငြိမ်းချမ်းရေးလုပ်တယ်။ ဒါပေမယ့် ငြိမ်းချမ်းရေးအစစ်အမှန်ကို မရခဲ့ဘူး။ ၁၀ နှစ်ကြာတော့ အစိုးရက သူတို့ကို နိုင်ငံရေး မလုပ်ရဘူးလို့ ပြောတယ်။ လက်နက်ချခိုင်းတယ်။ ဒါဟာ သူတို့ လိုလားတဲ့ ပန်းတိုင် မဟုတ်တဲ့အတွက် အာစီအက်စ်အက်စ်နဲ့ ပူးပေါင်းခဲ့တဲ့အကြောင်း ၊ ရှေ့ဆက် ရှမ်းလူမျိုးတွေ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့်ရရေး လှုပ်ရှားဆောင်ရွက်သွားမယ်လို့ ပြောခဲ့ပါတယ်။”

အာစီအက်စ်အက်စ်ဥက္ကဋ္ဌနဲ့ စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ယွက်စစ်ကကော ဘာတွေများ ပြောကြားခဲ့ပါသလဲ။

“ဥက္ကဋ္ဌကြီးကတော့ ရှမ်းပြည်တပ်မတော်ဟာ စစ်ဆာလွန်းလို့ တိုက်ချင်ခိုက်ချင်လွန်းလို့ လက်နက်ကိုင်တာ မဟုတ်ပါဘူး။ ရှမ်းပြည်သူတွေဟာ စစ်အစိုးရရဲ့ ဖိနှိပ်မှု၊ လူ့အခွင့်အရေး ချိုးဖောက်မှုကို ခံခဲ့ရတယ်။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးခွင့် မရခဲ့ဘူး၊ ဒါတွေကို တော်လှန်ဖို့ ရွေးစရာ လမ်းမရှိလို့ လက်နက်ကိုင်တိုက်ပွဲ ၀င်ခဲ့ရတယ်။ ရှမ်းပြည်တပ်မတော်ဟာ ပြည်သူတွေရဲ့သခင် မဟုတ်ပါဘူး။ ကိုယ့်ပြည်သူတွေရဲ့ လွတ်မြောက်ရေးအတွက် ပြည်သူတွေထဲက စတင်ပေါ်လာတဲ့ လွတ်လပ်ရေး ဖြစ်တယ်။ အခု စစ်သည်တွေကလည်း ပြည်သူတို့ရဲ့ သားသမီးတွေပဲ ဖြစ်တယ်လို့ ပြောခဲ့တယ်။”

ဒီနေ့ အခမ်းအနားကို ဘယ်အဖွဲ့အစည်းတွေ တက်ရောက်ခဲ့ပါသလဲ၊ လူတော်တော်များသလား။

“ဟုတ်ကဲ့ ။  တပ်ဖွဲ့ဝင်တွေနဲ့အတူ လူထုကိုယ်စားလှယ် ၊ ရဟန်းသံဃာတွေ ၊ ရှမ်းပါတီ ၂ ခုဖြစ်တဲ့ ကျားဖြူပါတီ နဲ့ ကျားခေါင်းပါတီက ကိုယ်စားလှယ်တွေ ၊ အက်စ်အက်စ်ပီပီ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့နဲ့ ဖိတ်ကြားထားတဲ့ တခြား လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့က ကိုယ်စားလှယ်တွေပါ စုစုပေါင်း ၃၀၀၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။”

ပြီးခဲ့တဲ့ မေလဆန်းပိုင်းက ယူဒဗလျူအက်စ်အေက အိမ်ရှင်အဖြစ်ကျင်းပတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအဝေးမှာ ဗိုလ်မှူးကြီးကိုပါ အက်စ်အက်စ်အေရဲ့ ကိုယ်စားလှယ်တယောက်အနေနဲ့ ပါဝင်တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီမှာ ၀ တပ်ဖွဲ့က ပြည်နယ်အဆင့် တိုးမြှင့်သတ်မှတ်ပေးဖို့ တောင်းဆိုတယ်။ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစုက  သဘောတူတယ်လို့လည်း ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာ ရှမ်းပြည်တပ်မတော်ကကော သဘောတူပါသလား။

“ဒါကတော့ သူတို့အခွင့်အရေးအတွက် သူတို့မှာ တောင်းဆိုခွင့်ရှိပါတယ်။  လက်နက်ကိုင်အဖွဲ့ အများစုက ထောက်ခံကြတယ် ။ ဒါပေမယ့် ကျနော်တို့ ရှမ်းပြည်တပ်မတော်   တောင်ပိုင်းရော မြောက်ပိုင်းအဖွဲ့ကပါ  ကန့်ကွက်တာလည်း လုပ်လို့ မရသလို   ထောက်ခံတာလည်း လုပ်လို့ မရပါဘူး။ ကျနော်တို့က အစိုးရလည်း မဟုတ်ဘူး။ ဘာအာဏာမှလည်း မရှိဘူး ၊ ကျနော်တို့ အာဏာဟာ ရှမ်းပြည်သူတွေပေါ် မူတည်ပါတယ်။ ပြည်သူတွေရဲ့ သဘောဆန္ဒဖြစ်ပါတယ်။  ကျနော်တို့ဟာ ကိုယ့်ပြည်သူအတွက် လက်နက်ကိုင်တာ ဖြစ်တယ်။”

ရှမ်းတော်လှန်ရေးနေ့ဟာ ၁၉၅၈ ခုနှစ် မေလ ၂၁ ရက်နေ့က  စ၀်နွဲ့  ခေါ် စ၀်ဆောယန္တ  ဦးဆောင်တဲ့ ရှမ်းမျိုးချစ်လူငယ် ၃၁ ဦးတို့ ပူးပေါင်းပြီး  မြန်မာစစ်အစိုးရကို တော်လှန်တိုက်ပွဲဝင်ဖို့  မိုင်းတုံမြို့နယ် တောတွင်းတနေရာမှာ သစ္စာရေ သောက်ပြီး အဓိဋ္ဌာန်ခဲ့တဲ့နေ့ကို အစွဲပြုပြီး သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

ဓာတ်ပုံ - Sangkawpha 

[gallery ids="94148,94149,94150,94151,94152,94153,94154"]

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013