DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းခြံမြေပြန်ရရေး မီးရှို့ဆန္ဒပြသည့် တောင်သူအဖိုးအို ကွယ်လွန်
DVB
·
May 22, 2015
သိမ်းဆည်းခြံမြေပြန်ရရေး မီးရှို့ဆန္ဒပြသည့် တောင်သူအဖိုးအို ကွယ်လွန်
Donate to DVB

မြန်မာ့တပ်မတော်က သိမ်းဆည်းယူငင်ထားတဲ့ တောင်ယာခြံမြေတွေကို ပြန်ပေးဖို့ မိမိကိုယ်ကို မိမိ မီးရှို့ဆန္ဒပြတဲ့ ရှမ်းပြည်နယ်တောင်ကြီးမြို့ ကွန်လုံကျေးရွာအုပ်စု ရေပူကျေးရွာက တောင်သူ ဦးမြင့်အောင် (အသက် ၆၃) ဟာ ဒီနေ့မွန်းလွဲက စပ်စံထွန်းဆေးရုံမှာ ကွယ်လွန်တယ်လို့ သူ့တူမ ဒေါ်မော်က ပြောပါတယ်။

“ဦးမြင့်အောင် ဆုံးသွားပါပြီရှင်၊ နေ့လယ် ၁ နာရီခွဲက။ ရွာကို ပြန်သယ်ပြီး ရွာမှာသင်္ဂြိုဟ်ဖို့ လုပ်နေတယ်။ အခုရင်ခွဲရုံမှာပါ စစ်ဆေးနေတုန်းရှိတယ်။ သူ့ကိုအတတ်နိုင်ဆုံး ကုသပေးပေမယ့် မီးလောင်ကျွမ်းတဲ့ဒဏ်ရာက များတဲ့အတွက် ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။”

အလောင်းကို ရင်ခွဲရုံကနေ ဒီကနေ့ညနေပိုင်းမှာ ဇာတိမြေ ရေပူရွာကို သယ်ဆောင်ပြီး မနက်ဖြန် ရွာသင်္ချိုင်းမှာ သင်္ဂြိုဟ်မယ်လို့ ဆေးရုံကို လိုက်ပါကူညီနေတဲ့ တောင်ကြီးခရိုင် အန်အယ်လ်ဒီဥက္ကဋ္ဌ ဦးတင်မောင်တိုးက  ဆေးရုံကနေ  ပြောပါတယ်။

သိမ်းဆည်းခံလယ်ယာမြေ ပြန်လည်ရရှိရေး ကြိုးပမ်းမှုဖြစ်စဉ်ကြောင့် မနှစ်နှစ်ကုန်ပိုင်းက စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းကြေးနီ စီမံကိန်းဒေသမှာ ရဲလက်ချက်နဲ့ တောင်သူ ဒေါ်ခင်ဝင်း သေဆုံးခဲ့အပြီး လအနည်းငယ်အကြာမှာ တောင်သူတဦး ထပ်မံ သေဆုံးခဲ့တာဖြစ်ပါတယ်။

ဦးတင်မောင်တိုးက “ကျနော်ပြောချင်တာကတော့ ရှမ်းပြည်နယ်မှာမကဘူးပေါ့နော်။ တပြည်လုံးမှာ လယ်ယာမြေသိမ်းဆည်းခံရလို့ ဒုက္ခရောက်နေတဲ့ တောင်သူလယ်သမားတွေက အများကြီးလေ။ ကျနော့်အနေနဲ့ သက်ဆိုင်ရာအစိုးရတို့၊ တပ်မတော်တို့ လယ်ယာမြေသိမ်းဆည်းထားသူတွေအနေနဲ့ ကိုယ့်တိုင်းသူပြည်သားလည်းဖြစ်တယ်၊ ကိုယ့်ရဲ့ပြည်ထောင်စုထဲမှာ အတူတူနေတဲ့ တိုင်းရင်းသားလူမျိုးတွေလည်းဖြစ်တယ်။ အဲဒီတော့ ဒီလိုအသက်သေဆုံးတဲ့အထိ ဖြစ်လာရတဲ့ မြေသိမ်းအမှုတွေကို အမြန်ဆုံးစဉ်းစားပြီးတော့လေ ငဲ့ညှာတဲ့အနေနဲ့ ပြန်ပြီးတော့မှ ပေးဖို့ပေါ့ဗျာ၊ စဉ်းစားပေးစေချင်ပါတယ်လို့ ပြောချင်ပါတယ်ဗျာ။ ”

ဦးမြင့်အောင်ဟာ မေလ ၂၀ ရက်နေ့မနက်က ရေပူကျေးရွာလမ်းမပေါ်မှာ မိမိကိုယ်ကိုယ် ဓာတ်ဆီလောင်းမီးရှို့ပြီး ဆန္ဒပြခဲ့တာပါ။ ရွာသားတွေက ၀ိုင်းငြှိမ်းသတ်ပြီး  သတိလစ်မေ့မြောပြီး ပြင်းထန်တဲ့ မီးလောင်ဒဏ်ရာရရှိခဲ့တဲ့သူ့ကို တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံကို ပို့ဆောင်ပါတယ်။

ဒီကနေ့ မနက် ၁ နာရီမှာ သတိပြန်လည်လာပေမယ့် အခြေအနေအထူးတလည် တိုးတက်လာခြင်းမရှိဘဲ ကွယ်လွန်ခဲ့တာဖြစ်ပါတယ်။

ဦးမြင့်အောင်ဟာ လူပျိုကြီးဖြစ်ပြီး ဒေါ်မော်တို့ မိသားစုနေအိမ်မှာပဲ အတူနေထိုင်သူဖြစ်ပါတယ်။

မေလ ၂၀ ရက်နေ့က သူတို့ ပြောင်းစိုက်ပျိုးထားတဲ့ခြံမှာ  အဆောက်အဦ ၀င်ဆောက်လုပ်ဖို့လုပ်တဲ့ တပ်မတော်သားတွေနဲ့ အခြေအတင်ဖြစ်ခဲ့ပြီးနောက်  စာတစောင်ရေးသားပြီး မီးရှို့ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ စာထဲမှာ သူ မခံနိုင်လွန်းတာကြောင့် သူ့ကိုယ်သူ ဓာတ်ဆီလောင်း မီးရှို့တာဖြစ်ကြောင်းနဲ့ ခြံမြေသိမ်းဆည်းဆည်းမှုကို မကျေနပ်ကြောင်းလည်း ရေးသားထားတယ်လို့ သူ့တူမ ဒေါ်မော်ကပြောပါတယ်။

ဒေသခံရွာသားတွေအဆိုအရ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က ၁၉၉၄ ခုနှစ်မှာ ဒီကျေးရွာအုပ်စုတကြောက ခြံမြေဧကပေါင်း ငါးထောင်ခန့်ကို သိမ်းဆည်းခဲ့ပြီး ခြံရှင်ရွာသားတွေကို သီးစားခယူပြီး ပြန်လုပ်ခွင့်ပြုခဲ့တယ်လို့ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013