DVB Logo
Home
Lead Story
ဂါဇာတွင် အကြမ်းဖက်မှုလုပ်ရန် ငွေထောက်ပံ့မှုဖြင့် မြန်မာနိုင်ငံသား ၁ ဦးကို စင်ကာပူ တရားစွဲ
DVB
·
July 29, 2026
Photo: Reuters
Photo: Reuters
Donate to DVB

ဂါဇာမှာ အကြမ်းဖက်မှုတွေလုပ်ဖို့ ငွေကြေးထောက်ပံ့လှူဒါန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၂၃ နှစ်အရွယ် မြန်မာနိုင်ငံသား၊ စင်ကာပူ အမြဲတမ်းနေထိုင်ခွင့် (PR)  ရရှိထားသူတယောက်ကို   စင်ကာပူ တရားရုံးမှာ  ဇူလိုင် ၂၉ ရက်နေ့  တရားစွဲဆိုမယ်လို့ Asia One သတင်းမှာဖော်ပြပါတယ်။

အဆိုပါမြန်မာနိုင်ငံသားဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာကိုတော့  သတင်းမှာ အသေးစိတ် ဖော်ပြခြင်း မရှိပါဘူး။ သူ့ရဲ့ အစွန်းရောက်ရေးသားဖော်ပြချက်တွေကို သတိပြုမိခဲ့ပြီးနောက် ပြည်တွင်းလုံခြုံရေးဌာန (ISD) က စုံစမ်းစစ်ဆေးမှုတွေ စတင်ခဲ့တာလို့ စင်ကာပူ ပြည်ထဲရေးဝ န်ကြီးဌာနက ဇူလိုင် ၂၈ ရက်မှာထုတ်ပြန်ပြောပါတယ်။

သူဟာ အွန်လိုင်းမှ အစွန်းရောက် အကြောင်းအရာတွေကို ကြည့်ရှုလေ့လာခဲ့ပြီးနောက် အစွန်းရောက်ဝါဒ ထိုးဖောက်ခံရခြင်းဖြစ်ကြောင်း၊  ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်က အစ္စရေးအပေါ် ဟားမားစ်တို့ရဲ့ တိုက်ခိုက်မှုပြီး အွန်လိုင်းမှာ အစ္စလာမ်မုန်းတီးရေး အကြောင်းအရာတွေ တွေ့မြင်ခဲ့ရပြီးနောက် ၂၀၂၄ ခုနှစ်မှာ မွတ်စလင်တွေကို အလွန်အမင်း မုန်းတီးလာခဲ့သူဖြစ်တယ်လို့ ဆိုပါတယ်။

စုံစမ်းစစ်ဆေးချက်တွေအရ သူဟာ X လူမှုကွန်ရက်ကနေတဆင့် အဆက်အသွယ်ရှိတဲ့ ပြည်ပက လူတယောက်ဆီကို  PayPal အကောင့်ကနေ အမေရိကန်ဒေါ်လာ ၇၂ ဒသမ ၂၈ (စင်ကာပူဒေါ်လာ ၉၃ ဒသမ ၄၅) လွှဲပြောင်းခဲ့ပြီး၊ နောက်ထပ် အမေရိကန်ဒေါ်လာ ၁ ဒေါ်လာ ထပ်မံလွှဲပြောင်းဖို့  ကြိုးပမ်းခဲ့ကြောင်း ဖော်ထုတ်နိုင်ခဲ့ပါတယ်။

သူ ငွေလွှဲပေးခဲ့သူဟာ စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူဖို့ အွန်လိုင်းကနေတဆင့် လှူဒါန်းငွေတွေ တောင်းခံနေတာဖြစ်ပြီး ဒီငွေတွေဟာ အရပ်သားတွေအပါအဝင် ပါလက်စတိုင်းလူမျိုးတွေကို  သုတ်သင်သတ်ဖြတ်ဖို့ ရည်ရွယ်ချက်နဲ့  ဂါဇာစီးတီးမှာ အကြမ်းဖက်မှု ပြုလုပ်ဖို့ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒါဟာ အကြမ်းဖက်မှု ငွေကြေးထောက်ပံ့မှု ပြစ်မှုမြောက်နိုင်တာကြောင့် ISD က သူ့ကို စီးပွားရေးရာမှုခင်းဌာန (CAD) သို့ လွှဲပြောင်းပေးခဲ့တာဖြစ်ပါတယ်။

၂၀၂၅ ခုနှစ် အစောပိုင်းကစပြီး သူဟာ လက်ယာစွန်း အစွန်းရောက်တွေ ပစ်မှတ်ထားလေ့ရှိတဲ့ ဂျူးတွေနဲ့ မွတ်စလင်တွေအပြင် ဥရောပသို့ ရွှေ့ပြောင်းအခြေချသူတွေနဲ့ LGBT တွေလို   တခြားအုပ်စုတွေအပေါ် အကြမ်းဖက်မှုတွေ ပြုလုပ်တာကို ထောက်ခံတဲ့ စာတွေ အွန်လိုင်းမှာ ရေးသားဖော်ပြခဲ့တာတွေ့ရပါတယ်။

အဆိုပါ စွပ်စွဲထားတဲ့ ပြစ်မှုမှာ အပြစ်ရှိကြောင်း ထင်ရှားပါက  စင်ကာပူဒေါ်လာ ၅၀၀,၀၀၀ အထိ ငွေဒဏ်၊ ထောင်ဒဏ် ၁၀ နှစ်အထိ ဒါမှမဟုတ် ပြစ်ဒဏ် ၂ ရပ်လုံး ချမှတ်ခံရနိုင်တာပါ။

အကြမ်းဖက်မှုနဲ့ အကြမ်းဖက်မှု ငွေကြေးထောက်ပံ့ခြင်းတွေဟာ ပြည်တွင်းနဲ့ အပြည်ပြည်ဆိုင်ရာ လုံခြုံရေးအတွက် ကြီးမားတဲ့ ခြိမ်းခြောက်မှုတွေဖြစ်တယ်လို့ ISD က သတိပေးထားပါတယ်။

“စင်ကာပူနိုင်ငံကို အခြေပြုပြီး ပြည်တွင်းမှာဖြစ်စေ၊ ပြည်ပမှာဖြစ်စေ အကြမ်းဖက်လုပ်ရပ်တွေ ပြုလုပ်တာ ဒါမှမဟုတ် ထောက်ပံ့ပေးတာတွေကို  လုံးဝသည်းခံမှာမဟုတ်ဘဲ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမယ်”လို့လည်း သတိပေးထားပါတယ်။

Source: Asia One

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013