DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ်မှ လယ်သိမ်းခံတောင်သူတဦး မိမိကိုယ်ကို မီးရှို့ဆန္ဒပြ
DVB
·
May 21, 2015
ရှမ်းပြည်နယ်မှ လယ်သိမ်းခံတောင်သူတဦး မိမိကိုယ်ကို မီးရှို့ဆန္ဒပြ
1 / 2
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း တောင်ကြီးမြို့နယ် ကွန်လုံကျေးရွာအုပ်စု ရေပူရွာက တောင်သူလယ်သမား တဦးဟာ သိမ်းဆည်းခံလယ်ယာမြေပြန်လည်ရရှိရေးအတွက် ဒီမနက် မိမိကိုယ်မိမိ မီးရှို့ဆန္ဒပြရာမှာ ဒဏ်ရာအပြင်းအထန်ရပြီး ဆေးရုံမှာ ကုသနေရပါတယ်။

အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က အဓမ္မသိမ်းဆည်းတဲ့ ကိုယ်ပိုင်လယ်ကို ပြန်ပေးဖို့ ဦးမြင့်အောင်(အသက် ၆၃) နှစ်ဟာ မနက် ၇ နာရီမှာ မိမိကိုယ်မိမိ မီးရှို့ပြီး ဆန္ဒပြခဲ့တာဖြစ်ပါတယ်။ သူက လယ်ယာမြေ ၈ ဧကခွဲ အသိမ်းခံရတာဖြစ်ပါတယ်။ အသက်သေဆုံးခြင်း မရှိပေမယ့် ခန္ဓာကိုယ်အနှံ့ မီးလောင်ကျွမ်းခဲ့တဲ့သူ့ကို ရွာသားတွေက မီးငြှိမ်းသတ်ပြီး တောင်ကြီး စပ်စံထွန်းဆေးရုံကို ပို့ဆောင်ခဲ့ပါတယ်။

11301562_10204240732481085_583719969_nစပ်စံထွန်းဆေးရုံမှာ လူနာကို ကိုယ်တိုင်သွားရောက်ကြည့်ရှုကူညီနေတဲ့ တောင်ကြီးခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးတင်မောင်တိုးက “ဦးမြင့်အောင်က လမ်းမပေါ်မှာ မီးတွေလောင်ပြီးပြေးနေတာကို သူ့အိမ်က တူမတွေကလည်းတွေ့တယ် သူမှန်းမသိဘူးပေါ့။ ရွာသူရွာသားတွေက ၀ိုင်းငြိမ်းလိုက်မှ သူမှန်းသိတာ၊ တော်တော်လောင်သွားတယ်လေ။ ဆရာဝန်ပြောတာက ၈၆ ရာခိုင်နှုန်း လောင်သွားတယ်တဲ့။ ကျနော်သွားကြည့်တော့ တကိုယ်လုံးနီးပါးဘဲ။ နားရွက်တွေ၊ ဆံပင်တွေ အကုန်လောင်တာ။ မလောင်တာက ခြေထောက်ပဲ ကျန်တယ်။  သတိမရသေးဘူး။ စိုးရိမ်ရတဲ့ အခြေအနေမှာရှိတယ်လို့ ဆရာဝန်တွေက ပြောတယ် ” လို့  ဒီဗွီဘီကို ပြောပါတယ်။

၁၉၉၄ ခုနှစ်ကတည်းက အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် (ရပခ) က ရေပူ၊ ကျောက်နီ၊ ကွန်လုံရွာတွေဘက်မှာ   ဧက ၅ ထောင်ကျော်ကို ရပခ ကျောက်နီအထူးစိုက်ကွင်းဆိုပြီး သိမ်းထားတာလို့ ဆိုပါတယ်။ ဧက ၁၀၀ လောက်ပဲ စိုက်ပျိုးပြီး သကြားစက်တခုကိုတည်ကာ ကျန်လယ်မြေတွေကို ပိုင်ရှင်တွေထံက သီးစားခယူပြီး စိုက်ခွင့်ပေးတယ်လို့ ဆိုပါတယ်။

ရပခက ၂၀၁၃ ခုနှစ်ကစပြီး သီးစားခပေးစရာမလိုဘဲ ပြန်လည်စိုက်ခွင့်ပြုခဲ့ပါတယ်။ ဒါပေမယ့် မနေ့ ၂၀ ရက် မနက် ၇ နာရီလောက်မှာတော့  စိုက်ကွင်းတာဝန်ခံ ရပခက ဗိုလ်ကြီး ၀င်းထွန်းအောင် ဦးစီးတဲ့အဖွဲ့ဟာ  လိုင်းခန်း ၅ ခန်းဆောက်မယ်ဆိုပြီး  တောင်သူတွေ ပြောင်းစိုက်ထားတဲ့ ခြံထဲမှာ သစ်တွေ၊ သွပ်တွေ ချရာက ရွာသားတွေနဲ့ ပြဿ   နာတက်တယ်လို့ ဆိုပါတယ်။

မနက် ၇ နာရီမှာတော့   ဦးမြင့်အောင်ဟာ သူ့အိမ်ထဲမှာ သူ့ကိုယ်သူ ဓာတ်ဆီလောင်းသလို စာတစောင်ရေးပြီး အိမ်မှာထားရစ်ခဲ့ပါတယ်။ လူကတော့ လမ်းပေါ်ထွက်ပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

သူ့စာထဲမှာ  သိမ်းဆည်းမြေပြန်ပေးဖို့နဲ့ သူတို့လယ်တွေဆုံးရှုံးရာမှာ တာဝန်ရှိတဲ့ ရွာရာအိမ်မှူးနဲ့ ငွေစာရင်းက မြေတိုင်းစာရေးတွေ အကျင့်ပျက်ခြစားလို့ လယ်တွေဆုံးတာ မကျေနပ်ဘူးလို့  ရေးသားဖော်ပြထားတယ်လို့ဆိုပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ်ပိုင်းတွေက နိုင်ငံတ၀န်းမှာ အစိုးရ။ တပ်မတော်နဲ့ လုပ်ငန်းရှင်တွေက တောင်သူတွေရဲ့ လယ်ယာမြေဧကပေါင်းသိန်းနဲ့ချီပြီး သိမ်းဆည်းခဲ့တဲ့အပေါ် လယ်သမား ဆန္ဒပြပွဲတွေ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ပြီးတဲ့နောက် လွှတ်တော်မှာ အကြိတ်အနယ် ဆွေးနွေးပြီး လယ်မြေတွေထဲက တချို့ကို ပြန်လည်ပေးအပ်ခဲ့ပါတယ်။

ဒါပေမယ့် ပြန်လည်ပေးရမယ့် လယ်မြေဧက သိန်းချီကျန်နေသေးတာကြောင့် တောင်သူတွေက  ထွန်တုံးတိုက်ပွဲတွေ ဆင်နွှဲကြရာမှာ တောင်သူအများအပြား ဖမ်းဆီးထောင်ဒဏ်စီရင်ခံရပါတယ်။

နိုင်ငံတော်သမ္မတဦးသိန်းစိန်ကတော့ ၂၀၁၅ နှစ်သစ်ကူးမိန့်ခွန်းမှာ သိမ်းဆည်းလယ်မြေတွေ ပြန်လည်ပေးအပ်ဖို့ကို ဆက်လက်အကောင်အထည်ဖော်မယ်လို့ ကတိပြုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013