
လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ ကုလသမဂ္ဂယာယီတပ်ဖွဲ့က လမ်းရှင်းနေချိန် တိုက်ခိုက်ခံရလို့ ပြင်သစ်စစ်သားတယောက် သေဆုံးပြီး ၃ ယောက် ဒဏ်ရာရခဲ့တာနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က အပြင်းအထန် ရှုတ်ချလိုက်ပါတယ်။
ရန်လိုတာတွေကို ရပ်တန့်ပြီး အပစ်အခတ်ရပ်စဲရေးကို လေးစားကြဖို့ လူမှုမီဒီယာပလက်ဖောင်း X မှာတင်တဲ့ ပို့စ်တခုအတွင်း ဂူတာရက်စ်က သက်ဆိုင်သူအားလုံးကို တိုက်တွန်းခဲ့ပါတယ်။
ကျဆုံးသွားတဲ့ ငြိမ်းချမ်းရေးထိန်းသိမ်းသူ စစ်သည်ရဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ လုပ်ဖော် ကိုင်ဖက်တွေဆီကိုလည်း ဝမ်းနည်းစကားတွေ ပေးပို့ခဲ့တယ်လို့ ကုလသမဂ္ဂ အကြီးအကဲက ပြောပါတယ်။
ကုလသမဂ္ဂ UNIFIL ငြိမ်းချမ်းရေး ထိန်းသိမ်းမှုမစ်ရှင်က တခြားအဖွဲ့ဝင် ၃ ယောက် ဒဏ်ရာရခဲ့ပြီး ၂ ယောက်က ဒဏ်ရာပြင်းထန်တယ်လို့ UNIFIL က ပြောပါတယ်။
ဧပြီ ၁၈ ရက်မှာ အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာက တိုက်ခိုက်တာ ဖြစ်နိုင်တယ်လို့ UNIFIL ငြိမ်းချမ်းရေးတပ်နဲ့ ပြင်သစ်အရာရှိတွေက ပြောပါတယ်။
တိုက်ခိုက်မှုအတွင်း ပြင်သစ်စစ်သားတယောက် သေဆုံးခဲ့တယ်လို့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခွန်းက ဧပြီ ၁၈ ရက်မှာ အတည်ပြု ပြောပါတယ်။
အီရန် ကျောထောက် နောက်ခံပြု လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာက တိုက်ခိုက်မှုအတွက် တာဝန်ရှိတယ်ဆိုတာ အထောက်အထားတွေက ညွှန်ပြနေတယ်လို့ မက်ခွန်းက ထပ်လောင်းပြောခဲ့ပါတယ်။
UNIFIL ကို ၁၉၇၈ ခုနှစ်မှာ ပထမဆုံး တပ်ဖြန့်ချထားခဲ့တာပါ။ အဲဒီနောက် ၂၀၂၄ ခုနှစ် စစ်ပွဲအပါအဝင် ပဋိပက္ခတွေ ဆက်တိုက်ဖြစ်နေတဲ့ကြားမှာ တပ်ရဲ့နေရာတွေကို အကြိမ်ကြိမ် ပစ်ခတ်ခံခဲ့ရပါတယ်။










