DVB Logo
Home
မြန်မာသတင်း
ဂွမြို့နယ်၌ စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၆ ဦးရှိ၊ ရခိုင်-ဧရာဝတီအစပ်၌ တိုက်ပွဲပြင်းထန် 
DVB
·
August 14, 2026
ဂွမြို့နယ်၌ စစ်တပ် ဗုံးကြဲမှုကြောင့် သေဆုံးသူ ၁၆ ဦးရှိ၊ ရခိုင်-ဧရာဝတီအစပ်၌ တိုက်ပွဲပြင်းထန် 
1 / 3
Donate to DVB

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့လို့ နေအိမ်တွေ ပျက်စီးသွားတယ်လို့ အာရက္ခတပ်တော် (AA) က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၂ ရက် ည ၉ နာရီလောက်မှာ ဂွမြို့နယ် ကိုင်းခုံကျေးရွာကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်နဲ့ ၂ ကြိမ်တိုင်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဒေသခံနေအိမ် ၇ လုံး ပျက်စီးသွားတယ်လို့ သိရပါတယ်။

ဒေသခံ ​စစ်ရှောင်အမျိုးသားတယောက်က “ဗုံးက ၂ ခါလာချတာ။ စုစုပေါင်း ၄ လုံး ကျတယ်။ နေအိမ် ၇ ဆောင် ပျက်စီးသွားတယ်။ ဂွနဲ့ သံတွဲက လူတော်တော်များများက စစ်ရှောင်နေကြတယ်။ ရေတပ်ကတမျိုး၊ လေယာဉ်ကတမျိုး ဆိုတော့ ဒေသခံတွေအနေနဲ့ ကြောက်လို့ နေစရာ မရှိတော့ဘူး။ ကျောက်ကြီးရွာဖြစ်စဉ်ကြည့်လို့ တအားကြောက်တယ်” လို့ ပြောပါတယ်။

စစ်အာဏာရှင်တပ်ဟာ ဂွမြို့နဲ့ သံတွဲမြို့ကို ရေတပ်ကနေ ကမ်းတက်ဖို့ ကြိုးစားနေပြီး ဒေသခံတွေ ကို လေကြောင်းကနေ နေ့စဉ်ရက်ဆက် တိုက်ခိုက်နေတာလို့ စစ်ရေးနဲ့နီးစပ်သူ သတင်းရင်းမြစ် တယောက်က ပြောပါတယ်။

“သူတို့ ကမ်းတက်ဖို့ အစီအစဉ်တွေ လုပ်နေတယ်။ ဂွ၊ သံတွဲ၊ ရမ်းဗြဲ၊ ကျောက်ဖြူ ပင်လယ်ပြင်မှာ အနည်းဆုံး  Navy ၅ စင်းလောက် သွားလာတာတွေရှိတယ်။ ဒေသခံတွေ မနေနိုင်အောင် လေကြောင်းကနေ နေ့တိုင်း ဗုံးကြဲသတ်ဖြတ်တယ်၊ Navy ကနေလည်း ပစ်တယ်။”

ဒါ့အပြင် ဩဂုတ် ၁၀ ရက်က သံတွဲမြို့နယ်၊ ကျောက်ကြီးကျေးရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်မှာ တော့ နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ အရပ်သားပြည်သူ ၁၆ ယောက် သေဆုံးခဲ့ပြီး ၁၈ ယောက် ထိခိုက်ဒဏ်ရာ ရရှိထားတယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဩဂုတ် ၁၁ ရက် မနက် ၇ နာရီခွဲလောက်မှာလည်း ပလက်ဝမြို့အဝင် ဆိုင်းဘုတ်အနီးကို စစ်အာဏာရှင်တပ်က ဂျက်တိုက်လေယာဉ်တစင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ဆယ်ကျော်သက် မိန်းကလေး ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ဩဂုတ် ၁၂ ရက် ညမှာလည်း အာရက္ခဒေသနဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ချင်းပြည်နယ်၊ ဆမီးမြို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အသက် ၁၆ နှစ်အရွယ် မိန်းကလေးတယောက် သေဆုံးပြီး ၈ ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

ရခိုင်-ဧရာဝတီအစပ်မှာလည်း ရခိုင်ပြည်နယ်အတွင်းကို ထိုး‌ဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ စစ်အာဏာရှင်တပ်နဲ့ အာရက္ခတပ်တော် (AA) တို့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေတယ်လို့ AA က ထုတ်ပြန်ပါတယ်။

ဩဂုတ် ၁၂ ရက်က သာပေါင်းဘက်ကနေ ထိုးစစ်ဆင်လာတဲ့ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၀၁ တပ်ရင်းနဲ့ အာရက္ခတပ်တော်တို့ဟာ သာပေါင်းကလေးကျေးရွာရဲ့ အရှေ့ဘက် မီတာ ၁,၀၀၀ ခန့်အကွာမှာ မနက် ၆ နာရီ ၅၃ မိနစ်ကနေ ၉ နာရီ ၅၃ မိနစ်အထိ ၃ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဲဒီနေ့ တရက်တည်းမှာ နေရာ ၅ နေရာအထိ တိုက်ပွဲတွေ တနေ့လုံးနီးပါး ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်ဘက်က လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတွေနဲ့ မြေပြင်က လက်နက်ကြီးပစ်ကူတွေကို အများအပြား အသုံးပြုပြီး ထိုးစစ်ဆင်ခဲ့သလို AA ကလည်း ခုခံတိုက်ခိုက်မှုနဲ့ တန်ပြန်ထိုးစစ်ဆင်ခဲ့လို့ စစ်အာဏာရှင်တပ်တွေ ထိခိုက်ကျဆုံးမှုတွေနဲ့အတူ ပြန်လည်ဆုတ်ခွာသွားခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

အလားတူ ရေကြည်မြို့နယ်ဘက်မှာလည်း ပွိုင့် ၁၀၁ ကုန်းရဲ့ တောင်ဘက် မီတာ ၃၇၃ ခန့်အကွာမှာ မနက် ၇ နာရီကနေ နေ့လယ် ၂ နာရီ ၃၉ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့သလို ပွိုင့် ၁၀၁ ကုန်းရဲ့ အနောက်တောင်ဘက် ၁ ဒသမ ၁၃ ကီလိုမီတာခန့် အကွာမှာလည်း မနက် ၉ နာရီ ၂၄ မိနစ်ကနေ နေ့လယ် ၁ နာရီ ၄၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က ထိခိုက်ကျဆုံးမှုတွေ ရှိခဲ့ပြီး အလောင်းနဲ့ လက်နက်ခဲယမ်း တချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ အာရက္ခတပ်တော်ဘက်က ထုတ်ပြန်ထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးပြီး နေအိမ်တွေ ပျက်စီးဆုံးရှုံးနေတာကြောင့် လေကြောင်းရန် အထူးသတိပြုဖို့ အာရက္ခတပ်တော် (AA) က တိုက်တွန်းပါတယ်။

Photo: ‌AA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013