DVB Logo
Home
မြန်မာသတင်း
လယ်ယာမြေသိမ်းကိစ္စ မဆောင်ရွက်ပေးနိုင်၍ နတ္တလင်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်တချို့ နုတ်ထွက်
DVB
·
May 21, 2015
လယ်ယာမြေသိမ်းကိစ္စ မဆောင်ရွက်ပေးနိုင်၍ နတ္တလင်းမြို့နယ်မှ ပြည်ခိုင်ဖြိုးပါတီဝင်တချို့ နုတ်ထွက်
1 / 2
Donate to DVB

လယ်ယာမြေသိမ်းကိစ္စတွေကို မဆောင်ရွက်ပေးနိုင်တဲ့အတွက် နတ္တလင်းမြို့နယ် စမ်းချောင်း၊ ဖလံပင်၊ ဒမငယ် စတဲ့ကျေးရွာအုပ်စုတွေက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီဝင် ၁၅၀ ကျော် ဒီနေ့ နှုတ်ထွက် ခဲ့ကြပါတယ်။

“ကျနော့်အနေနဲ့ ဒီ မြေယာသိမ်းကိစ္စတွေမှာ ပြည်သူအကျိုးကို မဆောင်ရွက်ပေးနိုင်လို့ နှုတ်ထွက်တာပါ။ တခြားရပ်ရွာကိစ္စတွေမှာတုန်းက အခက်အခဲတွေကို ဖြေရှင်းနိုင်ခဲ့ပေမယ့် ဒီကိစ္စမှာတော့ မကျော်လွှားနိုင်ဘူး’’ လို့ စမ်းချောင်းကျေးရွာအုပ်စုက ဒုတိယစည်းရုံးရေးမှူး တာဝန်ယူခဲ့သူ ဦးမြင့်နိုင်က ပြောပါတယ်။

“ပါတီဝင်ကတ်ရှိတဲ့သူတွေကိုတော့ နုတ်ထွက်ခွင့်ပေးတယ်။ ကျန်တဲ့သူတွေကတော့ လျှောက်ထားဆဲပဲ ဖြစ်တဲ့အတွက် ရပ်ကျေးတွေကတဆင့် နုတ်ထွက်ခိုင်းပါတယ်” လို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းဝင်အဖြစ်ကနေ ပါတီဝင်ဖြစ်လာသူ ဦးမြင့်နိုင်က ဆက်ပြောပါတယ်။

၁၉၉၂ ခုနှစ်က ဒမငယ် သစ်ချိုခြံမှာ တောင်သူတွေကို မြေရိုင်းတွေဖော်ထုတ်စေခဲ့ပြီး ဧက ၁ ထောင်ပေးမယ်လို့ သက်ဆိုင်ရာက ပြောခဲ့ပေမယ့် လက်တွေ့မှာတော့ ဧက ၅၅၀ ပဲရတာက စတင်ခဲ့တဲ့ ပြဿနာတွေပါ။

“မြေယာကိစ္စကို ဖြေရှင်းပေးနိုင်မယ်ထင်လို့ ၂၀၁၄ ခုနှစ်ကုန်ပိုင်းက သူတို့ လာစည်းရုံးတဲ့အခါ လျှောက်ခဲ့တာပါ။ ခုတော့ ပြည်ခိုင်ဖြိုး တိုင်းလွှတ်တော်ကိုယ်စားလှယ်ကို ဒီကိစ္စ တိုင်းလွှတ်တော် တင်ပေးဖို့ ပြောတော့ မတင်ပေးဘူး။ ဒါက လုပ်လို့ မရတော့ဘူးလို့ ပြောတယ်”လို့ လျှောက်လွှာတင်ထားပြီး ပါတီဝင်ကတ် မရသေးတဲ့ စည်တော်ကုန်း ကျေးရွာအုပ်စုက ဦးအေးသန်းက ပြောပါတယ်။

သူတို့ကို မပေးခဲ့တဲ့ မြေဧက ၄၅၀ ကို ခမရ ၄ နဲ့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့အပါအ၀င် ဌာနဆိုင်ရာတွေက သိမ်းယူခဲ့ပြီး အခု ဧက ၁၆၀ ကို ပြန်စွန့်လွှတ်တဲ့ အခါမှာလည်း သီးစားတောင်သူတွေကိုပဲ ပေးခဲ့တယ်လို့ လယ်သမားတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013