DVB Logo
Home
မြန်မာသတင်း
စစ်အာဏာရှင်က KNU ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ထပ်မံဖိတ်ခေါ်နေပြီး  တဖက်တွင် ထိုးစစ်ဆင်
DVB
·
October 20, 2026
စစ်အာဏာရှင်က KNU ကို ငြိမ်းချမ်းရေးဆွေးနွေးရန် ထပ်မံဖိတ်ခေါ်နေပြီး  တဖက်တွင် ထိုးစစ်ဆင်
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ဖို့ စစ်အာဏာရှင် ခေါင်းဆောင်က ထပ်မံ ဖိတ်ခေါ်နေပေမဲ့ KNU ထိန်းချုပ်နယ်မြေ အားလုံးလိုလိုမှာ စစ်ကြောင်းထိုး နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒါကြောင့် NCA ဖိတ်ခေါ်တာဟာ အလိမ်အညာတွေမို့ ယိမ်းယိုင်တာမရှိဘူးလို့   ကရင်နိုင်ငံရေး လေ့လာသူတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက်က တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးတဲ့ ၁၁ နှစ်မြောက် နှစ်ပတ်လည်မှာ စစ်အာဏာရှင် မင်းအောင်လှိုင်က ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နဲ့ ကျောင်းသားတပ်မတော် (ABSDF) တို့ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ပါဝင်ကြဖို့ ထပ်မံဖိတ်ခေါ်ခဲ့ပါတယ်။

ဒါ့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တွေကိုလည်း ပြည်သူတွေရဲ့ အကျိုးစီးပွားကို ရှေ့ရှုပြီး ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

ကရင်နိုင်ငံရေးနှင့် စစ်ရေးလေ့လာသူတယောက်က “အရင်တုန်းကနဲ့ ဒီနေ့အချိန်အထိလည်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ တောင်းဆိုချက်တွေကို စကမဘက်က အကောင်အထည်ဖော် လုပ်ဆောင်တာမျိုး မရှိဘူး။ နောက်တခုက NUG နဲ့ CRPH ရှိနေတဲ့ အဖွဲ့အစည်းတွေနဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ တော်လှန်ရေးခေါင်းဆောင်တွေနဲ့ ကြားမှာ ၂၀၂၁ ဖြစ်ခဲ့တဲ့ တနိုင်ငံလုံးအတိုင်းအတာ လက်နက်စွဲကိုင်တော်လှန်တဲ့ တိုက်ပွဲသည် သွေးကြွေးမှာ ဆွေးနွေးစရာမရှိ။ အဲတော့ NCA လက်မှတ်သွားထိုးတဲ့ မည်သည့်အဖွဲ့အစည်းမဆို ဘယ်လောက်ပဲ တိုင်းရင်းသားလူမျိုးတွေအပေါ်မှာပဲ အခြေခံတယ်ပဲပြောပြော ဘယ်လောက်ပဲ တိုင်းရင်းသားလူမျိုး အကျိုးကို လုပ်ဆောင်တယ်ပဲပြောပြော ဒါတွေက အလိမ်အညာတွေပဲ ဖြစ်တယ်လို့ ကျနော်တို့က ပြောချင်တယ်” လို့‌ ဆိုပါတယ်။

ပြီးခဲ့တဲ့ ၁၇ ကြိမ်မြောက် ကရင်အမျိုးသားအစည်းအရုံး (KNU) ကွန်ဂရက်ကနေ NCA အပြင်  စစ်အာဏာရှင်အစိုးရနဲ့ ဘယ်သောအခါမှ မဆွေးနွေးဘူးဆိုတဲ့ သဘောတူဆုံးဖြတ်ချက်ကို  အတိအလင်း ဆုံးဖြတ်ခဲ့ပါတယ်။ လက်ရှိမှာလည်း KNU က နိုင်ငံရေးလမ်းကြောင်းအသစ်ကို သွားနေပြီလို့ သိရပါတယ်။

ဒါ့အပြင် စစ်ရေးဖိအား ဘယ်လောက်ပေးပေး စစ်ကြောင်းဘယ်လောက်ထိုးထိုး KNU တပ်မတော်ဘက်က ယိမ်းယိုင်တာမရှိဘူးလို့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“KNU လက်နက်ကိုင်တော်လှန်ရေး စကတည်းကိုက ဒီဗျူဟာကိုပဲ သူတို့ သုံးခဲ့တာ အကြိမ်ကြိမ် အခါခါ။ ကျနော်တို့ ကြုံတွေ့ခဲ့ရပါပြီ။ အခုချိန်လည်း အဲဒီပုံစံပါပဲ။ အကွက်ဟောင်းတွေပဲ နင်းသွားတာ။ ပြောချင်တာက ကျနော်တို့ကိုလည်း စစ်ရေးနဲ့ ဖိအားပေးတယ်၊ ဗုံးကြဲတယ်။ ပြည်သူလူထုကိုလည်း KNU နဲ့ ရန်တိုက်တဲ့သဘော၊ ပြည်သူလူထုလည်း စိတ်ဓာတ်တွေ ကျလာအောင်၊ KNU ကို အပြစ်ဖို့လာအောင်လည်း လုပ်သလို တဖက်ကလည်း သူက ငြိမ်းချမ်းရေးခေါ်တယ်။ အဲထက်မကဘူး၊ ပြည်သူလူထုကလည်း KNU ကို ငြိမ်းချမ်းရေးသွားဖို့ ဘာသာရေး ခေါင်းဆောင်တွေကော KNU ခေါင်းဆောင်ဟောင်းတွေကော အဲဒါကနေတဆင့် KNU ကို ဖိအားပေးဖို့ သူတို့ခင်းတဲ့ ဗျူဟာပဲ။ တကယ်အမှန်ဖြစ်တာ။ ဘယ်လိုနည်းနဲ့ ငြိမ်းချမ်းရေးပဲခေါ်ခေါ်၊ စစ်ရေးဘက်က ဖိအားပေးပေး၊ စစ်ကြောင်းဘယ်လောက်ပဲထိုးထိုး KNU တပ်မတော်ဘက်ကတော့ ယိမ်းယိုင်တာ မရှိဘူး။”

တဖက်မှာလည်း KNU ထိန်းချုပ်နယ်မြေ အားလုံးလိုလိုမှာ အာဏာသိမ်းစစ်တပ်က စစ်ကြောင်း ထိုးပြီး စစ်ရေးလှုပ်ရှားနေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်က စစ်ရေးအရ မဟာဗျူဟာကျတဲ့ ဖာပွန်ဗျူဟာမကျရေး၊ ဖာပွန်မြို့နဲ့ တပ်စခန်းတွေ ပြန်လည်ရရှိရေး စစ်ကြောင်း ၂ ကြောင်းခွဲပြီး ကမမောင်း-ဖာပွန် လမ်းမကြီး အရှေ့နဲ့ အနောက်ဘက်ကနေ စစ်ကြောင်းထိုးနေပါတယ်။

ဒါ့အပြင် စစ်တပ်စစ်ကြောင်းတွေ ဖာပွန်မြို့ကိုရောက်ဖို့ မိုင် ၂၀ လောက်သာ လိုတော့တဲ့  ဆင်စွယ်ကျေးရွာကျော်အထိ ရောက်ရှိလာတာကြောင့် KNLA ပူးပေါင်းတပ်တွေက ကြားဖြတ် တိုက်ခိုက်နေပါတယ်။

တပ်မဟာ ၅၊ မူတြော်ခရိုင် ပြောခွင့်ရ ပဒိုစောထိုရော်ဘင်က “စကမ စစ်ကြောင်းကတော့ ဆင်စွယ်ကနေပြီးတော့ ရှေ့ကို နောက်ထပ်တဆင့် တိုးနေတာ။ (လမ်းရဲ့) အရှေ့ဘက် အနောက်ဘက် ခွပြီးတော့ တိုးတယ်။ အရှေ့နည်းနည်း ဆက်ရောက်တယ်။ ဒါပေမဲ့ နောက်ထပ် သိသိသာသာ မဟုတ်သေးဘူး။ ဆင်စွယ်(ထီးချောင်းမဲ)နေရာက တဆင့်တိုးလာတာ နည်းနည်းရတယ်။ သူတို့ တဆင့်တဆင့် တိုးနိုင်ဖို့အတွက်က တရက် နှစ်ရက် တိုးတယ်။ တရက် နှစ်ရက် နားတယ်။ အဲလိုမျိုး။ လက်နက်ကြီး လေယာဉ်က ရွာတွေကိုတော့ နေ့စဉ်လိုလိုပဲ  ဆက်ပစ်နေတယ်” လို့‌ ပြောပါတယ်။

၂၀၂၄ ခုနှစ် ဧပြီလကစပြီး မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေတဲ့ ဖာပွန်မြို့ အမှတ် ၃ ရပ်ကွက်ကို အောက်တိုဘာ ၁၆ ရက် ည ၁၁ နာရီခွဲလောက်မှာ စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အိမ်စောင့်ကျန်ခဲ့တဲ့ မြို့ခံပြည်သူတယောက် နေရာမှာတင် သေဆုံးခဲ့တဲ့အပြင် နေအိမ်တလုံးနဲ့ စာကြည့်တိုက်တလုံး ထိခိုက်ပျက်စီးခဲ့ပါတယ်။

အောင်ခန့်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013