DVB Logo
Home
Lead Story
တပြည်လုံးအပစ်ရပ်စာချုပ်ထဲမှာ အားလုံးပါဝင်ရေးဆိုတဲ့မူ ပါရှိပါတယ် - ဗိုလ်မှူးကြီးခွန်ဥက္ကာ
DVB
·
May 21, 2015
တပြည်လုံးအပစ်ရပ်စာချုပ်ထဲမှာ အားလုံးပါဝင်ရေးဆိုတဲ့မူ ပါရှိပါတယ် - ဗိုလ်မှူးကြီးခွန်ဥက္ကာ
Donate to DVB

တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးဆိုင်ရာ ညှိနှိုင်းရေးအဖွဲ့ (အန်စီစီတီ) အစည်းအဝေးကို လာမယ့် မေလ ၂၅၊ ၂၆၊ ၂၇ မှာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာကျင်းပမယ်လို့  အန်စီစီတီ အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာက ပြောပါတယ်။

မတ်လ ၃၁ ရက်နေ့တုန်းက အန်စီစီတီနဲ့ အစိုးရပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်မှု လုပ်ငန်းအဖွဲ့အကြား တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူညီချက် (မူကြမ်း) Single Text ကို လက်မှတ်ထိုးပြီးတဲ့နောက် ကျင်းပတဲ့ အစည်းအဝေးဖြစ်ပါတယ်။ အန်စီစီတီအဖွဲ့ဝင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေရဲ့ ထိပ်သီး ခေါင်းဆောင်တွေ အစည်းအဝေးကိုတော့  ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ လောခီးလာမှာ ဇွန်လ ၂ ရက်ကနေ ၆ ရက်ထိ ကျင်းပကြမှာဖြစ်ပါတယ်။

လောခီးလာ ထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ချင်းမိုင်မှာကျင်းပမယ့်ဆွေးနွေးပွဲနဲ့ပတ်သက်လို့ အန်စီစီတီ အဖွဲ့ဝင် ဗိုလ်မှူးကြီးခွန်ဥက္ကာကို မေးမြန်းထားပါတယ်။

မေး)  လာမယ့်ရက်ပိုင်းအတွင်း ချင်းမိုင်မှာ ကျင်းပမယ့် အန်စီစီတီအစည်းအဝေးမှာ ဘာအကြောင်းအရာတွေကို ဆွေးနွေးဆုံးဖြတ်ဖို့ရှိပါသလဲခင်ဗျာ။

ဖြေ) ဒီအစည်းအဝေးက Summit (တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်များ ထိပ်သီး ဆွေးနွေးပွဲ)အတွက် ပြင်ဆင်တဲ့အစည်းအဝေးအနေနဲ့ လုပ်ငန်းတွေ နိဂုံးချုပ်တဲ့ အပိုင်းလည်း ပါတာပေါ့။

မေး) မြန်မာငြိမ်းချမ်းရေးစင်တာနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းအဖွဲ့က ပုဂ္ဂိုလ်တချို့လည်း လာရောက်မယ်လို့ ကြားနေရပါတယ်။ ဟုတ်ပါသလား။

ဖြေ) သူတို့ကတော့ အစည်းအဝေးတက်ဖို့တော့မဟုတ်ဘူး။ ကျနော်တို့ခေါင်းဆောင်တွေ စုံရင် သူတို့လည်းလာတွေ့ပြီးတော့ လိုအပ်တာညှိနှိုင်းတာ၊ ကျနော်တို့ အပြန်အလှန်ညှိနှိုင်းတာ ရှိကြတာကိုး။ အဲဒီအတွက် လာတယ်နဲ့တူပါတယ်။

မေး) မတ် ၃၁ ရက်နေ့က လက်မှတ်ထိုးခဲ့တဲ့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူညီချက် NCA (မူကြမ်း) Single Text မှာ စကားလုံးအသုံးအနှုန်း နည်းနည်းပါးပါးအပါအ၀င် ပြင်စရာရှိတာလေးတွေနဲ့ပတ်သက်လို့ရော အမ်ပီစီကပုဂ္ဂိုလ်တွေခရီးစဉ်အတွင်း ညှိကြမယ်ဆိုတဲ့သဘောလား။

ဖြေ) ကျနော်ထင်တာတော့ Single Text ကိုတော့ မကိုင်တော့ဘူးထင်တယ်ဗျ။ အဲဒါ သိပ်ခက်တယ်၊ သိပ်ကြာတယ်။ Single Text မှာ အကြောင်းအရာတခု ပြောလိုက်ရင် MPC နဲ့က မလုံလောက်ဘူးဗျ။ UPWC ပြန်သွားတယ်။ UPWC ထဲမှာလည်း မလုံလောက်ဘူးဗျ။ တပ်မတော်ကိုယ်စားလှယ်တွေက သူတို့တပ်မတော် သက်ဆိုင်ရာကို ပြန်သွားတယ်။ စာလုံးတလုံးပြင်ဖို့၊ သည်တို့၊ ၏တို့။ ၍တို့ ပြင်ဖို့ ပြောင်းလဲဖို့တောင်မှ သူတို့မှာ တော်တော်ခက်တယ်ဗျ။ ဒါကြောင့် Single Text ကို ပြန်ထိရင်တော့ အချိန်က ပြန်ကြာသွားနိုင်တယ်၊ နောက်ပြီးတော့ Single Text ကလည်း တစုံတရာ အစွမ်းကုန် ကြိုးပမ်းထားတဲ့သဘောဖြစ်နေတော့ Single Text ကို အသေးစိတ် စာသားတွေပြန်ကြည့်ဖို့ထက်ကို ဒီ NCA တခုလုံးပေါ်မှာ ဆက်သွားရမယ့်လမ်းကြောင်းကို ညှိနှိုင်းဖို့တော့ ပိုများမယ်လို့ ကျနော်ထင်တာပဲ။

မေး) ၀ပြည်သွေးစည်းညီညွတ်ရေးပါတီဌာနချုပ် ပန်ဆန်းထိပ်သီးဆွေးနွေးပွဲက အခုကျင်းပမယ့် အန်စီစီတီအစည်းအဝေးအပေါ် အရိပ်လွှမ်းတာ၊ သက်ရောက်မှုရှိတာမျိုး ရှိမလား။

ဖြေ) တိုက်ရိုက်ကြီးတော့ မရှိပါဘူးခင်ဗျ။ ဒီ NCA လုပ်ငန်းကို၊ ဖြစ်စဉ်ကို အားလုံးက ထောက်ခံကြပါတယ်။ ဆက်သွားသင့်တယ်၊ ဆက်လုပ်ရမယ်ဆိုတာတော့ သဘောထား ကျတယ်။ သို့သော် ပါနိုင်တဲ့၊ ပါနေတဲ့အဖွဲ့ကတော့ ဆက်ပါပေါ့ဗျာ။ မပါသေးတဲ့အဖွဲ့ကတော့ မပါသေးဘူးပေါ့။ သူ့ရဲ့Process နဲ့သူ၊ သူ့ရဲ့ဖော်မြူလာနဲ့သူသွားမှာပေါ့။ အဲဒီသဘောတော့ ရှိပါတယ်။ ဒါပေမယ့် NCA ဖျက်လိုဖျက်ဆီးနှောင့်နှေးအောင်၊ သို့တည်းမဟုတ် ကြန့်ကြာအောင် ဟန့်တားကန့်ကွက်တဲ့၊ အချိန်ဆွဲမယ့် အဖွဲ့အစည်းတော့မရှိဘူးလို့ ကျနော်တွေ့ရပါတယ်။

မေး) ကိုးကန့်တပ်မတော်ကို အစိုးရက တော်တော်တူးတူးခါးခါးဖြစ်ပုံရတယ်။ ပစ်ခတ်တဲ့လက်နက်တွေလည်း တော်တော်သုံးတာတွေ့ရတယ်။ ကိုးကန့်ကလည်း အန်စီစီတီအဖွဲ့ဝင်ဖြစ်တော့ ဒီဆွေးနွေးပွဲမှာ အရေးတကြီးဆွေးနွေးဖို့ ဘာတွေဖြစ်နိုင်လဲ။

ဖြေ) ကျနော်တို့ကတော့ ထုံးစံအတိုင်းပေါ့ မေတ္တာရပ်ခံရမှာပဲ။ ဒီ NCA ကို တကယ်အကောင်အထည်ဖော်ဖို့ ထိပ်သီးခေါင်းဆောင်တွေ သဘောတူလာဖို့ဆိုရင်တော့ ကိုးကန့်ကိစ္စကလည်း အခရာကျတယ်ဗျ။ အနိမ့်ဆုံးအဆင့်တော့ ကိုးကန့်ကို ထိုးစစ်ဆင်နေတာတွေတော့၊ တိုက်ပွဲတွေတော့ ရပ်ပေးဖို့တော့လိုတယ်။ လျှော့ပေးဖို့တော့ လိုတယ်။ ထိုးစစ်တွေ၊ တိုက်ပွဲတွေ မရပ်ဘဲနဲ့တော့ ဘယ်ခေါင်းဆောင်ကမှ အန်စီအေကို တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးကို သဘောတူပါတယ်လို့ ပြောမှာမဟုတ်ဘူးဗျ။ ဒါက သူတို့ကိုယ်ကျင့်တရားအရ လုပ်ရမှာကိုး။ ဒါကြောင့် တိုက်ပွဲတွေကတော့ လျှော့ရမယ်၊ ရပ်ရမယ်ဗျ။ ဒီကိစ္စကတော့ ထိပ်သီးခေါင်းဆောင်တွေကတော့ တောင်းကြမှာပဲဗျ။ ဒီပေါ်မှာ ဘယ်လောက်လိုက်လျောနိုင်လဲပေါ် မူတည်ပြီးတော့ အန်စီအေရဲ့ အဆုံးအဖြတ်ဖြစ်လာမှာ။

မေး) အစိုးရဘက် ယူပီဒဗလျူစီကပြောနေတာက တိုင်းရင်းသားလက်နက်ကိုင် ၁၆ ဖွဲ့နဲ့ စကားပြောနေတယ်။ နောက်ထပ်အဖွဲ့တွေ (အန်စီအေထိုးဖို့ကိစ္စမှာ) ထပ်မတိုးဘူး။ ဒီစာချုပ်မှာ မထိုးဘူးပေါ့နော်။ ဗိုလ်မှူးကြီးတို့ ရပ်တည်တဲ့ ၁၆ ဖွဲ့နဲ့ အစိုးရပြောတဲ့ ၁၆ ဖွဲ့က အတူတူပဲလား။

ဖြေ) မတူဘူးဗျ။ မတူတဲ့အခါကျတော့ ကျနော်တို့ကတော့ ဘယ်အဖွဲ့မှ မချန်ရေးမူ။ အားလုံးပါဝင်ရေးမူကိုပဲ ဆုံးဖြတ်ထားတယ်။ အန်စီအေထဲက ပြဌာန်းချက်တခုမှာလည်း အဲဒါပါတယ်။ အားလုံးပါဝင်ရေးဆိုတာပါတော့ အစိုးရက အန်စီအေကို လက်မှတ်ထိုးဖို့ သဘောတူတယ်ဆိုရင်သူက အားလုံးပါဝင်ရေးကို သူက လက်ခံရမှာဖြစ်တယ်။ သို့သော် အားလုံးပါဝင်တဲ့နေရာမှာ တပြိုင်နက်တည်း ဖြစ်မဖြစ်ဆိုတာတော့ မေးခွန်းတခါ ထပ်ရှိတယ်။ နောက်ပြီးတော့ ချန်ခဲ့မယ်ဆိုရင် ချန်တဲ့အဖွဲ့တွေဟာ နံပါတ် (၁) ရာသက်ပန်ချန်တာမျိုး၊ နံပါတ် (၂) ချန်ထားပြီးတော့ စစ်ရေးအရ စစ်ရေးကိုအသုံးပြုပြီးတော့ ချေမှုန်းမယ်ဆိုတဲ့ဟာမျိုး အဲဒါမျိုးကတော့ ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။ စစ်ရေးအရချေမှုန်းဖို့ ချန်တယ်ဆိုရင်တော့ Sorry ပဲ ဒါတော့ ဘယ်သူမှ ဒါကို လက်မခံတဲ့အတွက် ဘယ်အဖွဲ့ကမှာ ပါဝင်လက်မှတ်ထိုးဖို့ ခက်သွားမယ်။ ဒီ ချန်တဲ့အဖွဲ့တွေနဲ့ပတ်သက်ပြီးတော့ ဆက်လက်ပါဝင်ဖို့ အာမခံချက်ရှိဖို့တော့ လိုတယ်။ ညှိနှိုင်းဖို့လိုတဲ့အတွက် ချန်တယ်၊ စစ်ရေးအရ မချေမှုန်းဘူး၊ စစ်ရေးထိုးစစ်တွေကို လည်း ရပ်ဆိုင်းဖို့ အာမခံချက်တော်တော်လိုတယ်ဗျ။ အဲဒါတွေ မရှိဘဲနဲ့တော့ ဒီအတိုင်း အသားလွတ်ချန်ထားတာကတော့ လက်ခံဖို့ အင်မတန်ခက်မယ်လို့ ကျနော်ယူဆတယ်။ ဒါကြောင့် ချန်ပုံချန်နည်းနဲ့ နောက် သူတို့ပါလာပုံပါလာနည်းပေါ့ဗျာ ဒါကိုတော့ အကြိတ်အနယ် ညှိနှိုင်းရမယ်လို့ ကျနော်ထင်တယ်။

မေး) အစိုးရဘက်က ပြောတဲ့ ၁၆ ဖွဲ့ဆိုတာက ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်တွေမှာ လက်မှတ်ထိုးထားကြပေမယ့် အန်စီစီတီမှာ မပါဝင်ကြတဲ့ ၀ ယူဒဗလျူအက်စ်အေ၊ မိုင်းလား အထူးဒေသ (၄) ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) တွေပါ ထည့်သွင်းတွက်ချက်ပုံ ရတယ်။ ဗိုလ်မှူးကြီးခွန်ဥက္ကာတို့ တွက်တာကျတော့ ဒီသုံးဖွဲ့က အန်စီစီတီမှာ မပါဘူး။ ဒါပေမယ့် ခုလက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်တပ်၊ တအာင်းပလောင်တပ်၊ ရခိုင်တပ် စတဲ့ ၃ ဖွဲ့ကို ထည့်သွင်းရေတွက်တယ်လို့ အဲလို နားလည်ရမှာလား။

ဖြေ) ၃ ဖွဲ့မကဘူး ခင်ဗျ။ တခြားတွေရှိသေးတယ်။ အန်စီစီတီထဲမှာပါတဲ့ အဖွဲ့ဖြစ်ပြီးတော့ အစိုးရစာရင်းမှာမပါတာတွေရှိသေးတယ်။ နောက်ပြီးတော့ ပြည်နယ်အဆင့်၊ ပြည်ထောင်စု အဆင့်မှာ မထိုးထားသော်လည်း အစိုးရစာရင်းမှာပါတာက ပလောင်နဲ့ ကချင်ဖြစ်တယ်ခင်ဗျ။ ပြည်နယ်အဆင့်နဲ့ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားတာ ၁၄ ဖွဲ့ပဲရှိတယ်။ ဒါပေမယ့်အစိုးရ ၁၆ ဖွဲ့ပြောတာက ဒီ ပလောင်နဲ့ ကချင်ကို ထည့်တွက်ပြီးပြောတာ။ သို့သော် အန်စီစီတီမှာပါတာနဲ့ တပ်ပေါင်းစုတွေမှာပါနေတဲ့အဖွဲ့တွေကတော့ ကျန်တာတွေလည်း ရှိနေတယ်။ ဒါကြောင့် ကျနော်တို့က တပြိုင်နက်တည်း မဖြစ်တာတောင် ကျန်တဲ့အဖွဲ့တွေ ပါလာနိုင်တဲ့ အာမခံချက်ကို မရဘူးဆိုရင်တော့ ဆုံးဖြတ်ရခက်မယ်ဗျ ခေါင်းဆောင်တွေအနေနဲ့။

မေး) မတ်လ ၃၁ ရက်နေ့က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူညီချက်မူကြမ်းကို ရန်ကုန်မြို့မှာ သမ္မတဦးသိန်းစိန်ရှေ့မှောက် လက်မှတ်ထိုးခဲ့ကြ တယ်။ နောက် လပိုင်းအကြာမှာ ကိုးကန့်တပ်ကို မီးကုန်ယမ်းကုန်တိုက်ခိုက်တာတွေ့ရတယ်။ ကချင်ဘက်မှာ အခု လေယာဉ်၊ ရဟတ်ယာဉ်သုံးပြီးတိုက်ခိုက်နေတာ ကြားရတယ်။ ဒီဖြစ်စဉ်တွေအရ အစိုးရက်မှုစစ်ရေးစွမ်းရည်ပြဖိအားဟာ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ခေါင်းဆောင်တွေအပေါ် NCA လက်မှတ်ထိုးရေးကို ဘယ်လောက် သက်ရောက်မှုရှိသလဲ။

ဖြေ) ကျနော်တို့ကတော့ အဲဒီလို စစ်ရေးစွမ်းရည်ပြတာက NCA ကို နှောင့်နှေးစေတယ်ဗျ။ NCA က တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး ဆိုင်းဘုတ်တင်ထားတော့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲဖို့ဆိုရင်တော့ တပ်မတော်ရဲ့ စစ်ရေးစွမ်းရည်ပြနေတာတွေကတော့ ရပ်နားမှပဲ အဓိပ္ပာယ် ပေါက်တော့မှာပေါ့။ အဓိပ္ပာယ် ပြည့်ဝမှာပေါ့။ တထောင့်တဒေသမှာ လူမျိုးတမျိုး၊ အဖွဲ့အစည်းတခုကို သွားပြီးတော့ သာလွန်အင်အားနဲ့ ရှိသမျှ စစ်လက်နက် ပစ္စည်းတွေ တိုက်နေတဲ့အချိန်မှာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ကြီး ချုပ်ပါပြီဆိုရင် အဲဒါက လူရယ်စရာကြီးဖြစ်မှာပေါ့ဗျာ။ ဒါကတော့ မဖြစ်သင့်တဲ့ဟာကိုး။ ဒါကြောင့် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို ဂုဏ်သိက္ခာရှိရှိနဲ့ နိုင်ငံတကာမှာ ချုပ်နိုင်ဖို့က တကယ်ပဲ ရပ်သွားဖို့တော့လိုတယ်။ အဲဒါကတော့ ကျနော်တို့ တောင်းဆိုရမယ့် Condition ပေါ့ ထိပ်သီးခေါင်းဆောင်တွေ တောင်းဆိုရမယ့် အချက်တခု ဖြစ်ကောင်းဖြစ်နိုင်တယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013