DVB Logo
Home
မြန်မာသတင်း
အရေးပေါ်စီမံမှုအက်ဥပဒေ ဖျက်သိမ်းရန်အဆို ရှုံးနိမ့်
DVB
·
May 20, 2015
အရေးပေါ်စီမံမှုအက်ဥပဒေ ဖျက်သိမ်းရန်အဆို ရှုံးနိမ့်
Donate to DVB

၁၉၅၀ ပြည့်နှစ်၊ အရေးပေါ်စီမံမှု အက်ဥပဒေကို ဖျက်သိမ်းပစ်ဖို့ ပုသိမ်မြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ် ဦးဝင်းမြင့်က ပြည်သူ့လွှတ်တော်မှာ ဒီနေ့ တင်သွင်းတဲ့အဆိုကို  မဲခွဲဆုံးဖြတ်ရာ ရှုံးနိမ့်ခဲ့ပါတယ်။

ဒီနေ့မဲခွဲရာမှာ ကန့်ကွက်မဲ ၂၆၅မဲ၊ ထောက်ခံမဲ ၅၀နဲ့ ကြားနေ ၁၇ မဲ ရှိခဲ့ပြီး အဆိုရှုံးနိမ့်ခဲ့တာလို့ ဦးဝင်းမြင့်က ပြောပါတယ်။

ဒီဥပဒေဟာ ပြည်တွင်းစစ်မီး စတင်ဖြစ်ပွားခဲ့တဲ့ကာလက ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဖြစ်ပြီး ဥပဒေပါပုဒ်မ တွေဟာလည်း တခြားရာဇသတ်ကြီးပုဒ်မတွေမှာ ပြဋ္ဌာန်းပြီးသားဖြစ်တာကြောင့် ဖျက်သိမ်းဖို့ အဆိုတင်ခဲ့တာလို့ သူက ပြောပါတယ်။

“ဒါ ဟိုတုန်းက ရန်ကုန်အစိုးရလို့ ခေါ်ခဲ့တုန်း၊ တနိုင်ငံလုံး အရေးပေါ်အခြေအနေတုန်းက ပြဋ္ဌာန်းခဲ့တဲ့ဥပဒေဗျ။ ဒါက တခု၊ နောက်တခုက အဲ့ဒီဥပဒေပါပြဋ္ဌာန်းချက်တွေကို ကြည့်လိုက်လို့ရှိရင် ဒါတွေက ရာဇသတ်ကြီးဥပဒေမှာ ပြဋ္ဌာန်းပြီးသာတွေဗျ။ ဥပဒေအရ အရေးယူလို့ ရတဲ့ ဥပဒေတခု ရှိလျက်သားနဲ့ ဒီဥပဒေကိုပြဋ္ဌာန်းထားပြီးတော့ နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီအင်အားစုတွေ၊ ပြည်သူပြည်သားတွေကို အချိန်မရွေး အပြစ်ရှာပြီး ဘူးလေးရာဖရုံဆင့် ပြဋ္ဌာန်းထားတာမျိုးက ဒီမိုကရေစီအသွင်ကူးပြောင်းရေး သွားနေတယ်ဆိုတာမျိုးမှာ မဖြစ်သင့်ဘူးလေ။”

ဒီဥပဒေဖျက်သိမ်းဖို့ သင်္ဃန်းကျွန်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့် လွှတ်တော်ထဲ ကြိုးပမ်းခဲ့တုန်းက အလားတူ ရှုံးနိမ့်ခဲ့ဖူးပြီး ခုတခါ ဦးဝင်းမြင့်က ထပ်တင်ရာမှာလည်း ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

အခြေခံဥပဒေ အခန်း (၁) နှင့် (၈) တို့တွင် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်၊ တွေးတောကြံဆခွင့်နှင့် ငြိမ်းချမ်းစွာ စုရုံးဖွဲ့စည်းခွင့် စသည့်အခွင့်အရေးများ ပေးထားပြီး အဲ့ဒီ အခွင့်အရေးများကို ကန့်သတ်ချုပ်ချယ်ထားသည့် ပြည်တွင်းဥပဒေအချို့ကို သုံးသပ်ပြင်ဆင်ဖို့ တောင်းဆိုချက်တွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။

အဲ့ဒီ ဥပဒေများအနက် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်သည့် ဥပဒေ (၁၉၇၅)၊ အရေးပေါ်စီမံချက်ဥပဒေ (၁၉၅၀)၊ ပုံနှိပ်ထုတ်ဝေ ဥပဒေ (၁၉၆၂)၊ သင်းပင်းဖွဲ့စည်းခွင့်ဥပဒေ (၁၉၈၈)၊ ရုပ်မြင်သံကြားနှင့်ဗီဒီယို ဥပဒေ (၁၉၈၅) စတာတွေ ပါဝင်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013