
တရုတ်စက်ရုပ်ထုတ်ကုမ္ပဏီ Unitree ဟာ လူထိန်းချုပ်ရတဲ့ စက်ရုပ်ဒီဇိုင်းကို မေ ၁၂ ရက်က ပြသခဲ့ပါတယ်။
သိပ္ပံဇာတ်လမ်းတွေထဲမှာ မြင်တွေ့ရလေ့ရှိတဲ့ လူထိန်းချုပ်တဲ့ စက်ရုပ်ကို လူတွေ ပို့ဆောင်ရေးမှာ အသုံးပြုဖို့ ဒီဇိုင်းထုတ်လုပ်ထားတာပါ။
GD01 လို့ အမည်ပေးထားတဲ့ စက်ရုပ်ရဲ့ စွမ်းရည်ပြသတဲ့ ဗွီဒီယိုဖိုင်ထဲက အထင်ကြီးစရာဖြစ်ခဲ့ပြီး သိပ္ပံဇာတ်လမ်းထဲက စက်ရုပ်တွေကို အပြင်မှာ မြင်တွေ့ရတဲ့ပုံစံ ဖြစ်ခဲ့ပါတယ်။
အဲဒီဗွီဒီယိုထဲမှာ Unitree တည်ထောင်သူနဲ့ စီအီးအိုဖြစ်သူ ဝမ်က စက်ရုပ်ပေါ်ကို တွယ်တက်ခဲ့ပြီး စက်ရုပ်ကို ထိန်းချုပ်ခဲ့ပါတယ်။
ဒီစက်ရုပ်ရဲ့ အမြင့်က လူ ၂ ရပ်စာ အမြင့်ရှိပြီး အမြန်နှုန်းနဲ့ လူတယောက်လို သွားနိုင်သလို လေးဖက်ထောက်ပုံစံလည်း ချက်ချင်းပြောင်းနိုင်တယ်လို့ဆိုပါတယ်။ လေးဖက်သွားပုံစံက သွားလာရခက်ခဲတဲ့ နေရာမျိုးတွေမှာ အသုံးပြုနိုင်အောင် ပြုလုပ်ထားတာပါ။
စက်ရုပ်ဟာ အုတ်နံရံကိုလည်း တံတောင်နဲ့တိုက်ပြီး ချိုးဖျက်နိုင်တယ်ဆိုတာ ဗွီဒီယိုထဲမှာ ပြသထားပါတယ်။
GD01 စက်ရုပ်ဟာ ကမ္ဘာ့ပထမဆုံး လူထိန်းချုပ်စက်ရုပ်ဖြစ်ပြီး အလေးချိန် ကီလို ၅၀၀ ရှိကာ ဟန်ချက်ကောင်းကောင်းထိန်းနိုင်တဲ့စနစ် ပါဝင်ကာ ခြေ ၂ ချောင်း အနေအထားကနေ ခြေ ၄ ချောင်း အနေအထားကို ပြောင်းလဲရာမှာလည်း ဆက်ကြောင်းမပေါ်ဘူးလို့ Unitree က ဆိုပါတယ်။
ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း တရုတ်နိုင်ငံရဲ့ စက်ရုပ်ကဏ္ဍဟာ ခြေလေးချောင်းရှိတဲ့ ခွေးစက်ရုပ်တွေကနေ လူပုံတူစက်ရုပ်တွေ ဖန်တီးတဲ့အထိ အဆင့်မြင့်လာပါတယ်။
Source: Reuters










