
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲကို စစ်အာဏာရှင်တပ်က ဇွန် ၂၇ ရက် ညနေပိုင်းမှာ လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ပြည်သူ ၂ ယောက် အပြင်းအထန်ဒဏ်ရာတွေရရှိခဲ့ကြတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဝက်လက်မြို့နယ် ပကဖ ရဲဘော်တယောက်က “ညနေ ၅ နာရီဝန်းကျင်မှာ တံတားဦးလေတပ်က တက်လာတဲ့ ဖိုက်တာတစင်းနဲ့ မကွေးလေတပ်က တက်လာတဲ့ ဖိုက်တာတစင်းတို့က ဝက်လက်နယ်အရှေ့တောင်ပိုင်းက စဉ့်ကိုင်ရွာ၊ မတ္တရာမြို့နယ်အနောက်ခြမ်း မိုးကြိုရွာနဲ့ ရေလယ်ကျွန်းရွာတွေကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ဆက်တိုက်လုပ်သွားခဲ့တာ” လို့ ပြောပါတယ်။
ဝက်လက်မြို့နယ်၊ ရွှေဘိုမြို့နယ်နဲ့ မတ္တရာမြို့နယ်တွေ ထိစပ်နေတဲ့နေရာတွေမှာ အခုလပိုင်းအတွင်း စစ်တပ်က စစ်ကြောင်းထိုးတာတွေမရှိပေမဲ့ တိုက်ပွဲတွေ ဖြစ်နေတာ မရှိခဲ့ပါဘူး။
ဒီအခြေအနေမှာ စစ်တပ်ဘက်က ပြည်သူတွေကို ပစ်မှတ်ထားပြီး အကြောင်းမဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရေလယ်ကျွန်းကျေးရွာက ပြည်သူတချို့ အပြင်းအထန် ဒဏ်ရာရသွားတယ်လို့ ဒေသခံက ပြောပါတယ်။
Wetlet Informational Network ရဲ့ တာဝန်ခံ ကိုနဂါးလေးက “မတ္တရာနယ် အနောက်ခြမ်း ရေလယ်ကျွန်းရွာထဲကို ပေါင် ၅၀၀ ဗုံးသီးကျပြီး ပေါက်ကွဲခဲ့လို့ အသက် ၂၆ နှစ်ဝန်းကျင် လင်မယား ၂ ယောက်မှာ အမျိုးသားက လက်ကောက်ဝတ်ပြတ်တယ်။ သူ့အမျိုးသမီးကတော့ လက်မောင်းအရင်းနားကနေ ပြတ်သွားတယ်။ သူတို့လင်မယား ၂ ယောက်လုံး အသက်အန္တရာယ် စိုးရိမ်ရတဲ့အခြေအနေ ရှိနေပါတယ်”လို့ DVB ကို ပြောပါတယ်။
ဇွန် ၁၆ ရက် နေ့လယ်ပိုင်းကလည်း ရွှေဘိုအခြေစိုက် လေ့ကျင့်ရေး ၈ တပ်ထဲကနေ လွှတ်တင်လိုက်တဲ့ အသေခံဒရုန်း ၅ စီးထဲက ၂ စီးဟာ ဝက်လက်မြို့နယ်တောင်ခြမ်းမှာရှိတဲ့ ဝက်လူးအိုင်ရွာထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ နေအိမ်တချို့ ပျက်စီးကာ အသက် ၅၅ နှစ်အရွယ် ဒေါ်ဘုတ်ဆုံ သေဆုံးခဲ့ရပြီး သူ့ရဲ့ သား၊ သမီးတွေဖြစ်ကြတဲ့ ကိုသားပြည့်နဲ့ မချောချောတို့ ဒဏ်ရာတွေရရှိခဲ့ပါတယ်။










