DVB Logo
Home
မြန်မာသတင်း
ပြည်တန်ဆာအဖြစ်ရောင်းစားခံရသည့် မြန်မာမိန်းကလေး ၁၄ ဦးကို ကယ်ထုတ်
DVB
·
May 19, 2015
ပြည်တန်ဆာအဖြစ်ရောင်းစားခံရသည့်  မြန်မာမိန်းကလေး ၁၄ ဦးကို ကယ်ထုတ်
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း ဆုဖန်းပူးရီခရိုင်ထဲမှာ ပြည်တန်ဆာအဖြစ် ရောင်းစားခံရတဲ့ မြန်မာမိန်းကလေး ၁၄ ဦးကို ထိုင်းနိုင်ငံ လူကုန်ကူးမှုတားဆီးတိုက်ဖျက်ရေးအဖွဲ့က ကယ်ထုတ်ခဲ့တယ်လို့  ချယ်နယ် ၃ ထိုင်းရုပ်သံသတင်းမှာ ဖော်ပြပါတယ်။

နယ်မြေထဲမှာ အမျိုးသမီးငယ်တွေ ပြည့်တန်ဆာအဖြစ် ခိုင်းစေခံရကြောင်း ကြိုတင်စုံစမ်းသိရှိချက်အရ ထိုင်းပြည်ထဲရေး ၀န်ကြီးဌာနရဲ့ အထူးအဖွဲ့၊ မြို့နယ်အုပ်ချုပ်ရေးရုံးနဲ့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့ အင်အား ၃၀ ကျော်ဟာ ဆုဖန်းပူးရီမြို့ ၀ိဟန်ဒိုင်း ရပ်ကွက်မှာရှိတဲ့  ဆိုင်းဆီကာရာအိုကေဆိုင်ကို မေလ ၁၄ ရက်နေ့ညက ၀င်ရောက်စီးနင်းပြီး မိန်းကလေးတွေကို ကယ်ထုတ်ခဲ့တယ်လို့ ခရိုင်ရာဇ၀တ်မှုစုံစမ်းရေးဌာန ညွှန်မှူး နိုင်းမာန ဆိမ်းမားက သတင်းထောက်တွေကို ပြောပါတယ်။

ဒီမတိုင်ခင်က အဲဒီကာရာအိုကေဆိုင်မှာ မိန်းကလေးတွေကို ပြည့်တန်ဆာအဖြစ် ခိုင်းစေနေကြောင်း၊ အသက်မပြည့် သူတွေပါကြောင်း တိုင်ကြားချက်ရရှိတဲ့အတွက် တာဝန်ရှိ သူတွေက ဧည့်သည်အဖြစ်နဲ့ ၀င်ရောက်စုံစမ်းခဲ့ပြီးနောက် ဖမ်းဆီးနိုင်ခဲ့တာပါ။

ပြည်တန်ဆာလုပ်ငန်းသက်သေအဖြစ် ကွန်ဒုံး၊ သန္ဓေတားဆေး အမြောက်အမြားနဲ့ ငွေစာရင်း ရှင်းတန်းစာအုပ်၊ နယ်မြေခံရဲနဲ့ အာဏာပိုင်တွေကို လာဘ်ပေးထားတဲ့စာရင်းတွေ သိမ်းဆည်းရမိပြီး အသက် ၁၈ နှစ်မပြည့်သေးတဲ့ မိန်းကလေး ၄ ဦးအပါအ၀င် စုစုပေါင်း ၁၄ ဦးကို ကယ်ထုတ်ခဲ့ကြောင်းအားလုံး မြန်မာပြည်ကလာတာဖြစ်ပြီး အကြွေးဆပ်ဖို့ ဒီအလုပ်ကို လုပ်နေတာလို့ ဆိုပါတယ်။

လွတ်မြောက်လာတဲ့ မိန်းကလေးတဦးကတော့  သူတို့ဟာ ထိုင်းနိုင်ငံထဲမှာ အလုပ်လာလုပ်ဖို့ ပို့ဆောင်ပေးခဲ့တဲ့ ပွဲစားကို တယောက် ဘတ် ၅ သောင်းစီပေးရကြောင်း၊ အကြွေး မကျေသေးတဲ့အတွက် ဒီအလုပ်ကို လုပ်နေတာဖြစ်ပြီး ဧည့်သည်တယောက်နဲ့ဆက်ဆံရင် ဘတ်ငွေ ၁ ထောင်ရပေမယ့် ဆိုင်ရှင်က ဖြတ်ယူကြောင်းရဲကို ထွက်ဆိုသွားပါတယ်။

လူကုန်ကူးခံရသူ မိန်းကလေးတွေကို ဆုဖန်းပူရီခရိုင်က စောင့်ရှောက်ရေးဂေဟာကို လွှဲပြောင်းပေးပြီး ဆိုင်ပိုင်ရှင်ကိုတော့ လူကုန်ကူးမှု၊ ခွင့်ပြုချက်မရဘဲ အပျော်အပါးဆိုင်ဖွင့်လှစ်မှု၊ ပြည်တန်ဆာလုပ်ငန်းလုပ်ကိုင်မှုတွေနဲ့ ဥပဒေအရ အရေးယူသွားမယ်လို့  ခရိုင်ရာဇ၀တ်မှု နှိမ်နင်းရေး အရာရှိက သတင်းထောက်တွေကို ပြောပါတယ်။

ထိုင်းပြည်ထဲရေးဝန်ကြီးဌာနအနေနဲ့ လူကုန်ကူးမှုပုံစံအမျိုးမျိုးကို တိုက်ဖျက်နှိမ်နင်းနေရာမှာ လူကုန်ကူးခံရသူတွေရှိရင် အရေးပေါ်ဖုန်းလိုင်း ၁၅၆၇ ကို တိုင်ကြားနိုင်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013