DVB Logo
Home
Lead Story
ရွှေတိဂုံနှင့် ဒဂုံစီးတီး (ဆောင်းပါး)
DVB
·
May 19, 2015
ရွှေတိဂုံနှင့် ဒဂုံစီးတီး (ဆောင်းပါး)
Donate to DVB

ဒီနေ့တော့ ဒဂုံစီးတီးရဲ့ Land suitability အကြောင်းကို စရေးပါမယ်။ စမရေးခင်မှာ ဒဂုံစီးတီးရဲ့ developer ဘယ်သူဘယ်ဝါဆိုတာ ကျနော် မသိပါဘူး။ သိစရာလည်း မလိုပါဘူး။ ပညာရပ်တခုမှာ ဘက်လိုက်ခြင်းကင်းမဲ့စွာ ဆုံးဖြတ်မှ ပညာရှင်ပီသမယ်လို့ ယူဆပါတယ်။ ဘယ်တက္ကသိုလ်က ဘာဘွဲ့ရရ ဘက်လိုက်ဆုံးဖြတ်တဲ့သူများကိုတော့ ပညာရှင်လို့ မခေါ်ထိုက် ပါဘူး။ ကျနော်ကိုယ်တိုင်ကလည်း ပြည့်စုံနေတဲ့သူတယောက် မဟုတ်တာတော့ အရင်ဝန်ခံရပါမယ်။ ဒါပေမဲ့ ကြိုးစားနေဆဲပါ။

Land stability ကိစ္စကို မပြောခင်မှာ Land suitability ကိစ္စကို ပြောချင်ပါတယ်။ ဒီကိစ္စတွေဟာ မြို့တော်စည်ပင်နဲ့ အိုးအိမ်ရဲ့တာဝန်လုံးလုံး ဖြစ်ပါတယ်။ တနေ့ထက် တနေ့ ဖွံ့ဖြိုးလာတဲ့ ရန်ကုန်မှာ မြေယာစီမံခန့်ခွဲမှုဆိုတာ အရင်အတိုင်း သမရိုးကျ ဆောင်ရွက်နေလို့ မဖြစ်တော့ပါဘူး။ decision မလုပ်ခင် decision support system တွေကို သုံးပြီး အဖြေထုတ်ဖို့ လိုနေပါတယ်။

အစိုးရပိုင်အဆောက်အဦး၊ လူနေအိမ်၊ ဈေးများ၊ အထပ်မြင့်အဆောက်အဦးများ၊ သယ်ယူပို့ဆောင်ရေး၊ ဘေးအန္တရာယ်ကာကွယ်ရေး၊ အမှိုက်နဲ့ မိလ္လာစတဲ့ နေ့စဉ်ပြဿ နာများကို ဖြေရှင်းနိုင်ဖို့ decision support system ကောင်းကောင်း လိုအပ်ပါတယ်။ တခါက အစည်းအဝေးတခုမှာ data တွေကို digital data ပြောင်းဖို့ စကားစရုံ ရှိပါသေးတယ် ဂုဏ်သရေရှိ အငြိမ်းစားကြီးက မလိုဘူး။ လာမပြောနဲ့ဆိုပြီး ဖြတ်ပိတ်လိုက်တယ်။ သူ မလိုဘူးဆိုတဲ့ကိစ္စက လာအိုအပါအ၀င် ကျန်တဲ့ အာဆီယံနိုင်ငံတွေမှာ အောင်မြင်စွာ အကောင်အထည်ဖော်လို့ ပြီးနေပါပြီ။

ထားပါတော့ အုပ်ချုပ်သူချင်းက ကွာတာကိုး။ အခုလည်း ဒဂုံစီးတီး ဒီနေရာမှာ ဖြစ်သင့်၊ မဖြစ်သင့်ကို အချက်အလက်များနဲ့ တင်ပြချင်တာပါ။

၁ - ရွှေတိဂုံစေတီတော်နဲ့ နီးကပ်စွာ တည်ရှိခြင်း

ရန်ကုန်မှာ အရေးကြီးဆုံး structure ကို ပြောပါဆိုရင်တော့ ရွှေတိဂုံပါဘဲ။ မြန်မာနိုင်ငံသူ နိုင်ငံသားများဟာလည်း ရွှေတိဂုံ တည်ရှိနေခြင်းအတွက် ဂုဏ်ယူရသလို၊ နိုင်ငံခြားသားများ ဟာလည်း ရန်ကုန်ကို လာတိုင်း ရွှေတိဂုံကိုတော့ အနည်းဆုံး ရောက်အောင် လာခဲ့တယ်။ လူဦးရေ တိုးတက်လို့ မြေနေရာများများ လိုတာ မှန်ပါတယ်။

ဒါပေမဲ့ နိုင်ငံတိုင်းမှာ လူဦးရေ တိုးတက်လာပေမဲ့ သူတို့ရဲ့ Landmark ကို မထိခိုက် အောင် ကာကွယ်ကြပါတယ်။ တရုတ်ပြည်ကြီးမှာ လူဦးရေ တိုးတက်လို့ မဟာတံတိုင်းကြီးနားမှာ နေရာမပေးသလို၊ နီပေါတွေကလည်း ဧရာဝဏ်တောင်ကို အသက်နဲ့ လဲ ကာကွယ်ကြပါတယ်။

မြန်မာအစိုးရကတော့ ပြည်သူတွေနဲ့ ရန်သူဖြစ်သွားတဲ့အချိန်ကစလို့ မြန်မာနိုင်ငံအတွင်း ရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း အကုန်ရောင်း၊ မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်း လက်ညိုးထိုးရောင်းချပါတယ်။ မြန်မာအစိုးရဟာ ပြည်သူကို ကိုယ်စားမပြုပါဘူး။ မြန်မာလို့တောင် မခေါ်ထိုက်သူတွေပါ။ တခြားဘာသာရေးအဆောက်အဦးတွေဟာလည်း ဘာသာရေးအရကြည့်ရင် ရွှေတိဂုံလို တန်ဖိုး မြင့်ပေမဲ့ မြန်မာနိုင်ငံအတွက်တော့ ရွှေတိဂုံဟာ တန်ဖိုးအမြင့်မားဆုံးပါဘဲ။

၂ - လူနေအဆောက်အဦးများဖြစ်နေခြင်း

Landmark လို နေရာမျိုးနဲ့ နီးကပ်တဲ့နေရာမှာ အထပ်မြင့်အဆောက်အဦးလို လူနေ အဆောက်အဦးများ မထားသင့်ပါဘူး ။ အထပ်မြင့်ဖြစ်နေခြင်းကြောင့် လူဦးရေများမှာ ဖြစ်တဲ့ အတွက် အခြေခံလိုအပ်ချက်များဖြစ်တဲ့ ဈေး၊ မိလ္လာစွန့်စနစ် နဲ့ သယ်ယူ ပို့ဆောင်ရေးစနစ် တွေကို သာမာန်ထက်ပိုပြီးလုပ်ရမှာ ဖြစ်ပါတယ်။ လူဦးရေများလေ land pollution ဖြစ်ဖို့ အခွင့်သာလေပါဘဲ။ ဒါကြောင့် ဖြစ်နိုင်ရင်တော့ ရွှေတိဂုံပတ်လည်မှာ Residential area ကို develop မလုပ်သင့်ပါဘူး။ လုပ်မှဖြစ်မယ်ဆိုရင်လည်း land pollution မဖြစ်ဖို့ ဘယ်လို စီမံထားတယ်ဆိုတာကို စည်ပင် သို့မဟုတ် အိုးအိမ်အနေနဲ့ ပညာရှင်တွေ ပြုစုထားတဲ့ EIA Report နဲ့ တိုက်ဆိုင်စစ်ဆေးပါလို့ အကြံပြုချင်ပါတယ်။

၃ - သဘာဝပေါက်ပင်များကို ရှင်းလင်းခြင်း

အဆောက်အဦးများ ဆောက်တော့မယ်ဆိုတာနဲ့ အဲဒီနေရာမှာ ရှိတဲ့ သဘာဝပေါက်ပင်များ ကို ရှင်းလင်းရတော့မှာ ဖြစ်ပါတယ်။ တကယ်တော့ အပူပိုင်းဇုန်တွေမှာ သဘာဝပေါက်ပင်တွေ ဟာ မြေထုနဲ့ မြေအောက်ရေတွေအတွက် အလွန်အရေးပါတဲ့ ecosystem တွေထဲက key item တခုပါ။ သဘာဝပေါက်ပင်များကို ဖယ်ရှားလိုက်တာနဲ့ မြေကြီးရဲ့ stability လည်း ကျဆင်းသွားမှာ ဖြစ်ပြီး မြေအောက်ရေစနစ်လည်း ပျက်စီးသွားမှာပါ။ နိုင်ငံတကာ မြို့တော်တွေဟာ သူတို့ရဲ့မြို့တော်ထဲမှာ တောအုပ်အတုတွေကို ငွေကုန်ကြေးကျနဲ့ ဖန်တီးယူရပါတယ်။ ရန်ကုန်ကတော့ ဘာကြောင့် မြို့ထဲမှာရှိတဲ့ သဘာဝပေါက်ပင်တွေအတိုင်း ရှားရှားပါးပါး ကျန်တဲ့နေရာကို ဖျက်ဆီးချင်တာလဲဆိုတာ စဉ်းစားလို့ မတတ်အောင်ပါ။

၎ - မြေအောက်ရေ ပြောင်းလဲသွားမည့်အန္တရာယ်ဖြစ်လာနိုင်ခြင်း

ရန်ကုန်မြို့မှာ ရွှေတိဂုံတည်နေတဲ့ တောင်မြောက်တန်းနေတဲ့ ကုန်းကြောတန်းက မြေအောက်ရေယူတဲ့ သိုလှောင်တဲ့ recharge area ပါ။ ကုန်းမြေအမြင့်လည်း ဖြစ်ပြန်၊ သဲဆန်သောကျောက်များနဲ့ ဖွဲ့စည်းထားတာကြောင့် မိုးရေတွေဟာ သဘာဝအလျှောက် မြေအောက်ထဲ စိမ့်ဝင်ပြီး အရှေ့ဘက်နဲ့ အနောက်ဖက်ကို မျှဝေပေးတဲ့သဘောပါ။ သဘာဝပေါက်ပင်များကို ဖယ်ရှားပြီး ကွန်ကရစ်လို ရေစိမ့်ဝင်လို့မရတဲ့ အလွှာများကိုခင်းရင် မြေအောက်ကို မိုးရေ မရောက်နိုင်တော့ပါဘူး။ အဲ့ဒါကြောင့် မြေအောက်ရေကြောအနိမ့်အမြင့် ပြောင်းလဲ သွားပါမယ်။ မြေအောက်ရေကြော နိမ့်ပြီး ရန်ကုန်မှာ မြေအောက်ရေ သုံးလို့ မရတော့မဲ့ အနေအထား ဖြစ်သွားပါမယ်။ အဲဒီထက်ဆိုးတာတခုကတော့ ရန်ကုန်မြစ်ထဲက လာမဲ့ မြေအောက်ဆားငန်ရေတွေဟာ မြေအောက် ရေချိုအားနည်းသွားတဲ့အခါ မြေအောက် ရေချိုနေရာကို အစားထိုးဝင်ရောက်မှာ ဖြစ်ပါတယ်။ စီမံကိန်းကို သဘာဝပေါက်ပင်တွေကို ဖယ်ရှား အကောင်အထည် ဖော်ခြင်းအားဖြင့် မြေအောက်ရေစနစ် ပြောင်းလဲသွားပြီး ကန်တော်ကြီးရဲ့ရေပြင်အနေအထား အရင်ဆုံးပြောင်းလဲသွားမှာပါ။ ပညာရှင်ဆိုသူတွေက developer ဘက်က ကာကွယ်ပေးမဲ့လည်း ကျနော်အသက်နဲ့ လောင်းကြေးထပ်ပြောရဲပါတယ်။

၅ - အနိမ့်ပိုင်းများတွင် ရေကြီးမည့်အန္တရာယ်မလွဲမသွေ ဖြစ်လာနိုင်ခြင်း

နံပါတ် ၄ အချက်မှာ ပြောခဲ့တဲ့အတိုင်း သဘာဝပေါက်ပင်တွေကို ခုတ်၊ ရေစိမ့်နိုင်တဲ့ permeable cover ကနေ impervious cover တွေအဖြစ်ကို ပြောင်းလဲလိုက်တဲ့အခါမှာ မိုးရေတွေဟာ မြေအောက်ကို မစိမ့်ဝင်နိုင်ဘဲ နိမ့်တဲ့အရပ်ကို စီးသွားမှာမို့ ရန်ကုန်မြို့ အနိမ့်ပိုင်းတွေမှာ ရေကြီးရေလျှံမှု အန္တရာယ် ဒီထက်များလာမှာ ဖြစ်ပါတယ်။ ယခုအချိန်မှာတောင် နည်းနည်းလေး မိုးရွာတာနဲ့ ရန်ကုန်မြို့ထဲ ရေကြီးပြီဆိုတော့ 0.5 square kilometer ကနေ ကျလာတဲ့ ရေအားလုံး၊ မိုးများရင်များသလို မိုးနည်းရင်နည်းမဲ့ရေပမာဏ ဟာ အနိမ့်ပိုင်းတွေ ဖြစ်တဲ့ downtown area, အလုံနဲ့ စမ်းချောင်းကို စီးဆင်းပြီး မလွဲမသွေ ရေကြီးမယ်ဆိုတာကို ပြောရဲပါတယ်။

ဒီ ၅ ချက်ဟာ မလုပ်သင့်တဲ့ အခြေခံအချက်တွေပါ။ တခြားအချက်ပေါင်းများစွာ ရှိပါသေးတယ်။ သာသနိကအဆောက်အဦးတွေ၊ ရှေးဟောင်းအဆောက်အဦးအတွက် အန္တရာယ်၊ ယာဉ်ကြော ရှုပ်ထွေးခြင်း၊ တောအုပ်တွေထဲ နေတဲ့ ရှဥ့်တွေ ငှက်တွေအတွက် စားကျက်ပျောက်တာလိုတွေ ရှိနေပါသေးတယ်။

တကယ်တော့ မြန်မာပြည်နဲ့ ပတ်သက်ပြီး ဘာမှရေးချင်တဲ့စိတ်မရှိပါဘူး။ ဖြစ်နိုင်ရင် ပေလကန် ထားချင်တာပါ။ ပညာရှင်လို့ သူတို့ဘာသာနာမည်တပ်ပြီး အမြင့်ဆုံးရာထူးတွေယူ ဘက်လိုက်ဆုံးဖြတ် နေတဲ့သူတွေနဲ့လည်း ပြိုင် မငြင်းချင်ပါဘူး။ စီမံကိန်း ပျက်အောင်လုပ်တဲ့ သူတွေကို တရားစွဲမယ် စိန်ခေါ်ထားတော့ စွဲလိုက်စေချင်တယ်။ နောက်အပိုင်းတွေမှာ Geotechnicalနဲ့ ပတ်သက်ပြီး slope stability , deep excavation method, instrumentation and monitoring တွေနဲ့ပတ်သက်ပြီး case study တွေနဲ့ ထပ်ရေးမှာပါ။ တပည့်များနဲ့ ရေးပါလို့ တိုက်တွန်းတဲ့မိတ်ဆွေများကိုတော့ tag လုပ်ထားပါတယ်။ တပည့်များ ကတော့ စာသင်တယ်လို့သဘောထားလိုက်ပါ။

ကျော်စွာမြင့်သိန်း

(မှတ်ချက်-စာရေးသူ၏ ဖေ့စ်ဘွတ်မှ ခွင့်ပြုချက်ယူပြီး ဖော်ပြထားခြင်း ဖြစ်ပါသည်။ အပိုင်း ၂၊ ၃နဲ့ ၄ တို့ကို အလျဉ်းသင့်သလို ဆက်လက်ဖော်ပြပေးပါမည်)

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013