
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မှာ အမျိုးသမီးတယောက် မုဒိမ်းကျင့် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ကျူးလွန်တဲ့ တရားခံ ၃ ယောက်ကို အာရက္ခတပ်တော် (AA) လက်အောက်ခံ ဒီလပ်ရဲတပ်ဖွဲ့က ဖမ်းဆီးထားပြီလို့ အာရက္ခမှုခင်းနဲ့ ဆက်စပ်သတင်းထုတ်ပြန်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်မှာ ထုတ်ပြန်ပါတယ်။
ကျူးလွန်သူမှာ ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာနေ မောင်တင်ဝင်း (အသက် ၃၇ နှစ်)၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကြံခင်းကယ်ဆယ်ရေးစခန်းက မောင်အေးကျော် (ခ) မောင်ပု (အသက် ၂၉ နှစ်) နဲ့ မောင်သန်းစိုး (ခ) င/လုံး (အသက် ၂၁ နှစ်)တို့ဖြစ်ကြပါတယ်။
ဒေသခံအမျိုးသမီးတယောက်က “အခုလို တရားခံကို ဒီလပ်က ဖမ်းဆီးနိုင်တယ်၊ တရားခံကလည်း ဟုတ်တယ်လို့ပြောတယ်။ အဲဒါနဲ့ ဒီတရားခံတွေကို စံနမူနာအနေနဲ့ ပြည်သူသိအောင် ဘယ်လို ပြစ်ဒဏ်ပေးထားတယ်ဆိုတာ ချပြလာစေချင်တယ်။ အဲဒါမှ ပြစ်မှုနဲ့ ပြစ်ဒဏ်ညီမျှမှု ရှိ၊ မရှိကို သိရမှာလေ” လို့ ပြောပါတယ်။
အဆိုပါအမှုမှာ ဇူလိုင် ၁၈ ရက်နေ့က ဖြစ်ပွားခဲ့ပြီး ဇူလိုင် ၂၂ ရက်နေ့မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်ကျေးရွာအနီး သရက်တောခြံဝင်းအတွင်းရှိ ရေမြောင်းတခုမှာ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို တွေ့ရှိခဲ့တာပါ။
စုံစမ်းစစ်ဆေးချက်အရ သေဆုံးသူမှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးပြီး မောင်တင်ဝင်းက လူမှုရေးကိစ္စတခုကို အကြောင်းပြကာ ခေါ်ဆောင်သွားခဲ့တာလို့ ဆိုပါတယ်။
မြောက်ဦးဒေသခံအမျိုးသားတယောက်က “ယခင် လူသတ် အလောင်းပျောက်တဲ့ အမှုတွေလည်း ရှိတယ်။ မုဒိမ်းကောင်တွေကို ဖမ်းမရတာတွေလည်း ရှိတယ်။ ဒါပေမဲ့ ဖမ်းဆီးနိုင်တဲ့အမှုတွေကိုတော့ ပြည်သူသိအောင် ဘယ်လို ပြစ်ဒဏ်ပေးထားတယ်ဆိုတာ ချပြသင့်တယ်၊ အခုက ဘာတခုမျှ ချပြတာမရှိဘူး"လို့ ပြောပါတယ်။
မောင်တင်ဝင်းက မုဒိမ်းမှု၊ လူသတ်မှုနဲ့ အလောင်းဖျောက်မှုတွေကို ကျူးလွန်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ထွက်ဆိုချက်အရ သေဆုံးသူအမျိုးသမီးနဲ့ ၂၀၂၄ ခုနှစ်ကတည်းက သိကျွမ်းခဲ့ပြီး ဇူလိုင် ၁၈ ရက် မနက် ၁၁ နာရီခွဲလောက်မှာ မုဒိမ်းကျင့်ဖို့ ကြိုတင်ကြံရွယ်ကာ လူမှုရေးကိစ္စတခုကို အကြောင်းပြပြီး ခေါ်ဆောင်သွားခဲ့တယ်လို့ သိရပါတယ်။
ဒီနောက် မောင်တင်ဝင်းက အမျိုးသမီးအား လိင်ပိုင်းဆိုင်ရာအလိုဆန္ဒ ဖြည့်ဆည်းပေးဖို့ တောင်းဆိုခဲ့ပေမဲ့ အမျိုးသမီးက ခွင့်မပြုတာကြောင့် အနီးအနားရှိ ကျောက်တုံးနဲ့ ဦးခေါင်း၊ ခန္ဓာကိုယ်တို့ကို ထုရိုက်ခဲ့ပြီးနောက် မုဒိမ်းကျင့်ခဲ့ကြောင်း ထွက်ဆိုခဲ့တယ်လို့ ဆိုပါတယ်။
ဒီအမှုမှာ မောင်တင်ဝင်းနဲ့အတူ မောင်အေးကျော်နဲ့ မောင်သန်းစိုးတို့လည်း ပါဝင်ခဲ့ကြောင်း၊ အမျိုးသမီးအား သတ်ဖြတ်ပြီးနောက် အလောင်းကို ဖျောက်ထားခဲ့ကြောင်း စုံစမ်းတွေ့ရှိထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
မောင်တင်ဝင်းက အမျိုးသမီးကို တန်းစွယ်ကျေးရွာအနီးရှိ သရက်တောခြံဝင်းအတွင်း ရေမြောင်းထဲ ခေါ်ဆောင်သွားပြီး အရင်ကတည်းက သိမ်းဆည်းထားတဲ့ လက်ထိတ်နဲ့ ခတ်ကာ မျက်လုံးတွေကို အဝတ်နဲ့စည်းဖို့ မောင်အေးကျော်နဲ့ မောင်သန်းစိုးတို့ကို ခိုင်းစေခဲ့တယ်လို့ ထွက်ဆိုထားပါတယ်။
ဒီနောက် မောင်အေးကျော်နဲ့ မောင်သန်းစိုးတို့ကို အဆိုပါနေရာကနေ ထွက်ခွာကာ တန်းစွယ်ကျေးရွာအနီး ကားလမ်းဘေးမှာ စောင့်နေစေခဲ့တယ်လို့ ဆိုပါတယ်။
တရားခံ ၃ ယောက်ကို ဇူလိုင် ၂၄ ရက်က ဖမ်းဆီးခဲ့ပြီး အမှုနဲ့ ပတ်သက်တဲ့ သက်သေခံပစ္စည်းတွေ သိမ်းဆည်းကာ ဥပဒေအကြံပြုချက်နဲ့အညီ အမြန်ဆုံး တရားစွဲတင်သွားမယ်လို့ သိရပါတယ်။
ဇူလိုင် ၂၂ ရက် ညနေ ၄ နာရီ ၄၅ မိနစ်မှာ ပုဏ္ဏားကျွန်းမြို့နယ်၊ တန်းစွယ်-ကျော်ဇံကျေးရွာသွားလမ်းဘေးရှိ သရက်တောခြံဝင်းအတွင်း ရေမြောင်းထဲမှာ လက်ထိတ်နောက်ပြန်ခတ်ထားပြီး မှောက်လျက်အနေအထားနဲ့ ပုပ်ပွသေဆုံးနေတဲ့ အမျိုးသမီးတယောက်ရဲ့ ရုပ်အလောင်းကို ဒေသခံတယောက်က စတင်တွေ့ရှိခဲ့ပြီး ဒီလပ်ဌာနကို သတင်းပေးပို့ခဲ့ရာမှ အခုလို ပြစ်မှု ကျူးလွန်သူတွေကို ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
သက်ဆိုင်ရာ ဒီလပ်စခန်းက အဆိုပါအမှုကို အမှုအမှတ် (ပ) ၁၈/၂၀၂၆၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ နဲ့ ဇူလိုင် ၂၃ ရက်မှာ စတင်အမှုဖွင့်ကာ တရားခံတွေကို စုံစမ်းဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။










