
ရခိုင်ပြည်နယ်ရှိ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မြို့နယ် ၄ ခုက ၅ နှစ်အောက် ကလေးငယ် ၈၀,၀၀၀ ကို ဝက်သက်ရောဂါ ကာကွယ်ဆေး ထိုးနှံပေးနေတယ်လို့ အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
ရခိုင်ပြည်နယ်နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဝက်သက်ရောဂါဖြစ်ပွားပြီး ကလေးငယ်တွေ သေဆုံးနှုန်း မြင့်တက်လာနေတာကြောင့် ဘင်္ဂလားဒေ့ရှ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ နယ်စပ်မြို့နယ် တွေဖြစ်တဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ ပေါက်တောမြို့နယ်တွေက ၅ နှစ်အောက် ကလေးငယ် ၈၀,၀၀၀ ကို ဝက်သက်ဂျိုက်သိုး ရောဂါကာကွယ်ဆေး ထိုးပေးနေတယ်လို့ သိရပါတယ်။
ရခိုင်က ကျန်းမာရေးဝန်ထမ်းတယောက်က “နယ်စပ်မြို့နယ်တွေက ၅ နှစ်အောက် ကလေးတွေကို ဝက်သက်ရောဂါကာကွယ်ဆေး ထိုးနှံပေးနေတာ ရှိပါတယ်။ အထူးသဖြင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နယ် ဝက်သက်ရောဂါက စိုးရိမ်ဖွယ်ကောင်းတာကြောင့် ရခိုင်ဘက်မှာလည်း ကြိုတင် ကာကွယ်မှု ပြုလုပ်တာဖြစ်တယ်။ တခြားမြို့နယ်တွေမှာလည်း ကလေးတွေကို ပိုလီယို၊ ဦးနှောက်အမြှေးရောင်တို့လို ကာကွယ်ဆေး ထိုးပေးနေတာတွေ ဆက်တိုက် ထိုးနှံပေးနေတယ်” လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဇွန် ၂၉ ရက်အထိ ဝက်သက် ရောဂါဖြစ်ပွားသူ ၁,၁၈၅ ယောက်အထိ ရှိလာနေပြီး သေဆုံးသူ ၇၁၆ ယောက်အထိ ရှိလာနေတယ် လို့ ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဌာနက ထုတ်ပြန်ထားပါတယ်။
အာရက္ခ ပြည်သူ့ကျန်းမာရေးဌာနဟာ ရခိုင်က AA ထိန်းချုပ်မြို့နယ် ၁၅ ခုမှာလည်း ပြင်းထန် အဆုတ်ရောင်ရောဂါကာကွယ်ဆေး (PCV)၊ ပိုလီယိုရောဂါကာကွယ်ဆေး (OPV)၊ ပိုလီယို ကာကွယ်ဆေးထိုးဆေး (IPV)၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်သားဝါ(ဘီ)၊ ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး၊ Penta)၊ တီဘီရောဂါကာကွယ်ဆေး (BCG) နဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် မေးခိုင်၊ ဆုံဆို့ရောဂါကာကွယ်ဆေး (Td) တွေ ကာကွယ် ဆေးထိုးနှံခြင်းနဲ့ ပုံမှန် ကာကွယ်ဆေးထိုးလုပ်ငန်းတွေကို ဆက်တိုက် ထိုးနှံပေးနေတယ် လို့လည်း သိရပါတယ်။
အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်မှာ ဝက်သက်ရောဂါဖြစ်ပွားမှု မြင့်တက်လာနေတာကြောင့် နယ်စပ်ရှိ မြို့နယ်တွေမှာလည်း ဝက်သက်ရောဂါ အထူးဂရုပြုကြဖို့နဲ့ သံသယဖြစ်ဖွယ် ရောဂါလက္ခဏာတွေ တွေ့ရှိလာပါက နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းတွေကို အမြန်ဆုံး လာရောက် ကုသမှုခံယူဖို့ကိုလည်း အာရက္ခ ပြည်သူ့ကျန်းမာရေးက ဧပြီလကတည်းက တိုက်တွန်းထားပါတယ်။










