
မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းနဲ့ သမီးဖြစ်သူ ကင်မ်ဂျူအဲတို့ဟာ ဂန်းဂွန်း ရေတပ်ဖျက်သင်္ဘောရဲ့ ရေကြောင်းသွားလာမှုစမ်းသပ်ချက်ကို သွားရောက်ကြီးကြပ်ခဲ့တယ်လို့ နိုင်ငံပိုင်ရုပ်သံ KRT က ဇွန် ၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
နျူကလီးယားစစ်ပွဲကို ဟန့်တားနိုင်ဖို့အတွက် ရေတပ်စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ လိုအပ်တယ်လို့ ကင်မ်ဂျုံအန်းက အလေးအနက်ပြောကြားခဲ့ပြီး၊ စမ်းသပ်မှုတွေပြီးတာနဲ့ အဲဒီရေတပ် ဖျက် သင်္ဘောအပြင် ချွဲဟျွန်းလို့ခေါ်တဲ့ တန် ၅,၀၀၀ ရှိ စစ်သင်္ဘောတစင်းကိုပါ တာဝန်အမြန်ဆုံးချထားဖို့ ရေတပ်ကို အမိန့်ပေးခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာမှာ ဖတ်ကြားသွားပါတယ်။
ဇွန် ၄ ရက်က သွားရောက်ခဲ့တဲ့ အဲဒီခရီးစဉ်အတွင်း ဂန်းဂွန်း သင်္ဘောကုန်းပတ်ပေါ်မှာ ကင်မ်ဂျုံအန်းရဲ့ဘေးနားမှာ သမီး ကင်မ်ဂျူအဲ မတ်တပ်ရပ်နေတဲ့ ဓာတ်ပုံတွေကိုလည်း KRT ရုပ်သံဖိုင်မှာ ပြသခဲ့ပါတယ်။
ဒါ့အပြင် ကင်မ်ဂျုံအန်းဟာ ရေတပ်စစ်သည်တွေရဲ့ စစ်ဆင်ရေးစွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး သင်္ဘောရဲ့ ပုံမှန်မောင်းနှင်မှုနဲ့ အရှိန်ပြင်း မောင်းနှင်မှုစနစ်တွေအပေါ် စိတ်ကျေနပ်မှုရှိကြောင်း ပြောကြားခဲ့တယ်လို့ KRT သတင်းက ထုတ်လွှင့်သွားပါတယ်။
Source: Reuters










