
ထိုင်ဝမ်အစိုးရဟာ တရုတ်ကမ်းရိုးတန်းနားက ထိုင်ဝမ်ထိန်းချုပ်ထားတဲ့ ကျွန်းစုတွေတဝိုက်ဆီ နိုင်ငံခြားက လွှတ်တော်အမတ်တစုကို ကမ်းခြေစောင့်တပ်သင်္ဘောနဲ့ ဇူလိုင် ၉ ရက်မှာ ခေါ်ဆောင်သွားခဲ့ပါတယ်။
တရုတ်ကမ်းရိုးတန်း အစောင့်တပ်က ကင်းလှည့်လို့ ထိုင်ဝမ်အစိုးရက ဒေါသထွက်ခဲ့ရတဲ့ ဖြစ်ရပ်ကို တွန်းလှန်ခဲ့တာလည်း ဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ဒီမိုကရေစီနည်းကျအုပ်ချုပ်တဲ့ ထိုင်ဝမ်ကို သူ့ကိုယ်ပိုင်နယ်မြေအဖြစ် ရှုမြင်ပြီး ထိုင်ဝမ်ရဲ့ အချုပ်အခြာအာဏာ ဒါမှမဟုတ် ရေကြောင်းဆိုင်ရာ တရားစီရင်ပိုင်ခွင့်ကို အသိအမှတ်မပြုပါဘူး။
ထိုင်ဝမ်ကမ်းရိုးတန်းစောင့်တပ်ရဲ့ သင်္ဘောပေါ်မှာ နိုင်ငံခြားသား လွှတ်တော်အမတ် ၇ ယောက်နဲ့ ထိုင်ဝမ်လွှတ်တော်အမတ် ၂ ယောက်တို့ စီးနင်းလိုက်ပါလာပြီး ထိုင်ဝမ်ရဲ့ ကင်မန်းကျွန်းစုတွေ တဝိုက်က ရေပြင်မှာ မိနစ် ၉၀ ကြာ ခရီးစဉ်ကို ခုတ်မောင်းခဲ့တာပါ။
ဒီခရီးစဉ်ဟာ ထိုင်ဝမ်က ရင်ဆိုင်နေရတဲ့ တရုတ်နိုင်ငံဆီက ဖိအားတွေကို နိုင်ငံတကာ အသိုက်အဝန်းက ပိုသိနိုင်ဖို့ ထိုင်ဝမ်အစိုးရက မျှော်လင့်ထားတယ်လို့ ထိုင်ဝမ်ကမ်းရိုးတန်းစောင့်တပ်၊ ရေယာဉ်စုဌာနခွဲရဲ့ ဒုညွှန်ကြားရေးမှူး ဆိုင်းချုံမူက ပြောပါတယ်။
ဒီခရီးစဉ်ဟာ ဒါမျိုးအတွက် ပထမဆုံး ခရီးစဉ်လို့ ယုံကြည်ရပါတယ်။ တရုတ်နိုင်ငံက ရေကြောင်းကင်းလှည့်တာတွေ တိုးချဲ့လာနေချိန်မှာ ထိုင်ဝမ်ရဲ့ ရေပိုင်နက် ကာကွယ်ရေးစွမ်းရည်ကို စမ်းသပ်နေပြီး အနောက်နိုင်ငံအစိုးရ တချို့ကြား စိုးရိမ်မှုတွေ မြင့်တက်နေပါတယ်။
ဒီအချိန်မှာ ရေလက်ကြားဖြတ်ကျော် အငြင်းပွားမှုအပေါ် နိုင်ငံတကာရဲ့ အာရုံစိုက်မှုကို ဆွဲဆောင်ဖို့ ထိုင်ဝမ်ရဲ့ ကြိုးပမ်းချက်တွေကို ဒီခရီးစဉ်က အလေးပေးဖော်ပြနေပါတယ်။
ခရီးစဉ်နဲ့ပတ်သက်ပြီး မှတ်ချက်ပေးဖို့ တောင်းဆိုမှုကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက ချက်ချင်းမတုံ့ပြန်ခဲ့ပါဘူး။
Source: Reuters










