DVB Logo
Home
Lead Story
မင်္ဂလာဆောင်နေ့မှာ အသုဘခေါင်းပွေ့ရတဲ့ စုံတွဲ
DVB
·
May 17, 2015
မင်္ဂလာဆောင်နေ့မှာ အသုဘခေါင်းပွေ့ရတဲ့ စုံတွဲ
Donate to DVB

“သင်တို့ မင်္ဂလာဆောင်တဲ့နေ့မှာ မသာခေါင်း ထမ်းရလိမ့်မယ်” လို့ ဗေဒင်ဆရာ ကဟောလိုက်ရင် လူတိုင်းလိုလို တုန်လှုပ်ထိတ်လန့်သွားဖို့ သေချာပါတယ်။

လူတွေမှာ အတိတ် နိမိတ် အယူအစွဲတွေရှိကြတယ်။ ကိုယ့်အိမ်ရှေ့မှာ အသုဘကားက စက်ပျက်လို့ လာရပ်နေရင် စိတ်ထဲမှာ ခုကောင်းခုပေလိမ့်မယ်။

မန္တလေးမြို့ရဲ့ နာရေးဓလေ့က လူတစ်ယောက် ကိုယ့်နေအိမ်မှာပဲ ကွယ်လွန်ရင် ရုပ်ကလာပ်ကို သင်္ချိင်းက ရေခဲတိုက်ကို မပို့ဘဲ ကိုယ့်အိမ်မှာပဲ နာရေးကို ပြင်ဆင်ထားတယ်။ ယခုအခါ အဲယားကွန်းခေါင်းလို့ ခေါ်တဲ့ (သားငါးတွေ တာရှည်ခံအောင်အအေး ဓာတ်နဲ့ထားသလို) ရုပ်ကလာပ်ကို အအေးဓာတ်ပေးတဲ့ ခေါင်းတွေ ရှိနေပြီမို့ ခရီးဝေးက ဆွေမျိုးစုံအောင် စောင့်ချင်ရင် မပုပ်ဘဲ ရက်ရှည်စောင့်နိုင်တယ်။

ကွယ်လွန်သူက ကိုယ့်အိမ်ပြင်ပ ဆေးရုံပေါ်မှာ၊ ခရီးသွားရင်း အခြားဒေသတစ်ခုမှာ သေဆုံးတာဆိုရင်တော့ ရုပ်အလောင်းကို အိမ်ထဲပြန်မသွင်းတော့ဘူး။ ခိုက်တတ်တယ်လို့ အယူအစွဲရှိတယ်။ အိမ်အပြင် လမ်းပေါ်ပဲ ရုပ်အလောင်းကို ထားရတယ်။ ဒီနေရာကမှ သင်္ချိုင်းကို နာရေးကားနဲ့ ချတာ။

နာရေးနဲ့ပတ်သက်တဲ့ စွဲလမ်းယုံကြည်တာတွေကတော့ အများကြီးပါပဲ။ ကြက်မ သာ၊ ၀က်မသာ၊ နွားမသာ (ကြက်သား၊၀က်သား၊အမဲသား) တွေကိုတော့ ဈေးခြင်းကြီးနဲ့ ကိုယ့်အိမ်ထဲသွင်းယူလာပြီး ဒီအိမ်မှာ တသက်လုံးနေတဲ့ လူမသာကိုမှ ဘာကြောင့် အိမ်ထဲအသွင်းမခံတာလဲလို့ မေးခွန်းထုတ်သူတွေလည်းရှိတယ်။ အယူအစွဲဟောင်းတွေကို ရဲရဲဝံ့ဝံ့တ်ာလှန်သူတွေလည်း ရှိလာတယ်။

မန္တလေးမြို့ ၂၉ လမ်းမှာ နာရေးတစ်ခုရှိတယ်။ ကွယ်လွန်သူက ဒေါ်သီသီတဲ့။ နေ့လယ် ၁း၀၀ နာရီမှာ ရုပ်အလောင်းကို သူ့နေအိမ်ကနေ အေးရိပ်ငြိမ်သင်္ချိုင်းကိုချမှာ။ အချိန်နီးလာပြီမို့ နာရေးရှင်ရဲ့ အိမ်ရှေ့မှာ လူတွေစုရုံးစုရုံး လှုပ်လှုပ်ရှားရှား ဖြစ်လာပြီ။ အချိန်ကိုက်ပါပဲ ချမ်းမြသုခ လို့ စာတန်းထိုးထားတဲ့ နာရေးယာဉ်အနက်ကြီး ရောက်လာတယ်။ နာရေးကားပေါ်က လူငယ်နှစ်ယောက်ဆင်းလာတယ်။ ကိုကျော်စန်းဝင်း နဲ့ မမိုးမိုးသဲ။ ယခုမှ မင်္ဂလာဆောင်လာကြတာ။ သတို့သားနဲ့သတို့သမီးက ပန်းနုရောင်မင်္ဂလာဝတ်စုံကို ဆင်တူဝတ်ထားတာပါ။ ရင်ဘတ်မှာ သစ်ခွပန်းတွေ ကိုယ်စီထိုးလို့။

ကိုကျော်စန်းဝင်းက မန္တလေးမြို့ ချမ်းမြသုခ လူမှုကူညီရေးအသင်းမှာ အသင်း သားပါ။ ချမ်းမြသုခလူမှုကူညီရေးအသင်းက နာရေးတွေကို ချဆောင်ပေးသလို ကျန်းမာ ရေးချို့တဲ့သူတွေကိုလည်း ဆေးဝါးကုသပေးတယ်။ ခိုကိုးရာမဲ့ သက်ကြီးရွယ်အိုတွေကို ဘိုးဘွားရိပ်သာဖွင့်လှစ်စောင့်ရှောက်ပေးနေသလို ဆင်းရဲနွမ်းပါးတဲ့ အဘိုးအဘွားတွေကို အိမ်တိုင်ရာရောက်ပုံမှန်သွားရောက်ပြီး ကျန်းမာရေးစောင့်ရှောက်ပေးတာ၊ ငွေကြေးနဲ့ အစားအစာပေးလှူတာလည်းလုပ်တယ်။ ချမ်းမြသုခမှာ လူမှုရေးအသိကြွယ်ဝသူတွေ အများကြီး ရှိတယ်။

ကိုကျော်စန်းဝင်းက သူတို့ မင်္ဂလာဆောင်တဲ့နေ့မှာ မှတ်မှတ်ရရ လူမှုအကျိုးပြုလုပ်ဖို့ ဆန္ဒရှိတယ်။ သူ့သတို့သမီး မမိုးမိုးသဲကလည်း သူနဲ့စိတ်တူကိုယ်တူ။ ဒါကြောင့် သူတို့ မင်္ဂလာဆောင်တဲ့နေ့မှာပဲ စုံတွဲ အသုဘကား မောင်းကြတာပါ။

“လူတွေက နည်းနည်းအယူသီးကြတယ်ဗျ။ မင်္ဂလာနဲ့ အမင်္ဂလာ မပေါင်းစပ်ရ ဘူးပြောနေတယ်။ နောင်လာမယ့် မျိုးဆက်သစ်လူငယ်တွေလည်း နာရေးအကျိုးဆောင်မှုကို စိတ်ဝင်စားလာအောင် မင်္ဂလာနေ့မှာ နာရေးကားမောင်းတာပါ” လို့ မင်္ဂလာ သတို့သား ကိုကျော်စန်းဝင်း ကပြောတယ်။

သတို့သမီးကလည်း မိတ်ကပ်အဖွေးသား။ မင်္ဂလာဆောင် ဧည့်ခံခဲ့တဲ့အတိုင်း ပန်းနုရောင် ကြိုးကြီးချိတ်ထဘီနဲ့။ သတို့သားကလည်း သတို့သမီး နဲ့ဆင်တူ ပုဆိုးနဲ့ တိုက်ပုံနဲ့။

“မင်္ဂလာဆောင်တာက တောင်မြို့(အမရပူရမြို့) မှာ။ နာရေးပို့ရမှာက ၁း၀၀ နာရီ။ ၁၂း၃၀ လောက်အရောက်သွားရမှာ။ မင်္ဂလာဆောင်ခန်းမမှာ သိမ်းတာပြုတာနဲ့ ၁၂း၀၀ နာရီလောက်ရောက်နေပြီ။ မိသားစု မှတ်တမ်းဓာတ်ပုံတွေ ရိုက်မနေနိုင်တော့ဘဲ ခန်းမကနေ ချမ်းမြသုခကို တန်းသွားတယ်။ အိမ်မပြန်တော့ဘူး။ မိတ်ကပ်တွေဖျက်ချိန်လည်း မရတော့ဘူး” လို့ သတို့သမီး မမိုးမိုးသဲက ပြောတယ်။

သတို့သား သတို့သမီးက နာရေးကားကြီးမောင်းလို့ ရောက်လာကြပါပြီ။ နာ ရေးအိမ်ရှေ့မှာ ကားကိုရပ်တယ်။ သူတို့နှစ်ယောက် ကားပေါ်ကဆင်းပြီး ကားပေါ်မှာ အဆင်သင့်တင်လာတဲ့ ခေါင်းတလားကို ထုတ်တယ်။ ရုပ်ကလာပ်ကို ခေါင်းထဲထည့်တယ်။

အ၀တ်နက်တွေဆင်တူဝတ်ထားတဲ့ ကွယ်လွန်သူရဲ့ ဆွေမျိုးမိတ်သင်္ဂဟတွေကတော့ ငိုကြပြီ။ ရုပ်ကလာပ်ထည့်ထားတဲ့ ခေါင်းကို နာရေးကားပေါ်တင်ဖို့ မယူလာကြတယ်။ ရှေ့ဆုံးက ဦးဆောင်သယ်ယူသူက သတို့သမီး မမိုးမိုးသဲ။ ပန်းနုရောင် မင်္ဂလာ ၀န်စုံနဲ့။ ခေါင်းမှာ သစ်ခွပန်းတွေဝေလို့။ မျက်နှာက ကြွေမိတ်ကပ်နဲ့။ ပန်းနုရောင် ဇာပ၀ါက လေမှာတလွင့်လွင့်နဲ့။ မင်္ဂလာမောင်နှံက လူမှုအကျိုးပြုအလုပ်ကို မင်္ဂလာဦးမှာ လုပ်ဆောင်နေကြပါပြီ။

 ကျော်ရင်မြင့်

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013