
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ကို စစ်အာဏာရှင်ရေတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၆ ယောက် ဒဏ်ရာရသွားပါတယ်။
ဒဏ်ရာရရှိသွားတဲ့သူတွေကတော့ ကျိန္တလီမြို့၊ အမှတ် ၃ ရပ်ကွက်က ဒေါ်မထား (၄၅ နှစ်)၊ ဒေါ်သန်းမေ (၇၄ နှစ်)၊ ဒေါ်မိဝိုင်း (၅၀ နှစ်)၊ ဦးညိုထွန်း (၄၈ နှစ်)၊ မသင်းသီရိထွန်း (၁၇ နှစ်) နဲ့ မရတနာထွန်း (၅ နှစ်) တို့ ဖြစ်ကြပါတယ်။
သံတွဲ-ဂွ ပင်လယ်ပြင်မှာ သွားလာလှုပ်ရှားနေတဲ့ စစ်သင်္ဘောတွေပေါ်ကနေ ဂွမြို့နယ်၊ ကျိန္တလီမြို့ပေါ် ရပ်ကွက်နဲ့ စေတီကွင်းရွာကို ဒီကနေ့ ဇူလိုင် ၈ ရက်က လက်နက်ကြီးကျည်တွေ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကျိန္တလီမြို့၊ အမှတ် ၃ ရပ်ကွက်ကို ကျရောက်ပေါက်ကွဲကာ အခုလို ကလေးတွေ အပါအဝင် ဒေသခံ ၆ ယောက် ဒဏ်ရာရရှိသွားတာလို့ ဂွဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“ဒီမနက်က လက်နက်ကျည်တွေ ဆက်တိုက်ပစ်တာ ၂၀ ထက် မနည်းဘူး။ မြို့ကိုပစ်တယ်၊ ရွာတွေကိုပစ်တယ်။ မနက် အမှတ် ၃ ရပ်ကွက်ကို လက်နက်ကျည် ၂ လုံးကျလို့ မိသားစုလိုက် ဒဏ်ရာရတယ်။ စေတီကွင်းရွာမှာလည်း ကျတယ်။”
စစ်အာဏာရှင်တပ်ဟာ ရခိုင်-ဧရာဝတီအစပ် တိုက်ပွဲတွေမှာ စခန်းကုန်းတွေ ဆုံးရှုံးခဲ့ရပြီး အထိနာမှု များပြားနေတဲ့အတွက် အခုလို ဂွမြို့နယ်ဘက်ကို ရေကြောင်း၊ လေကြောင်းကနေ ပိုမိုပစ်ခတ်နေတာ ဖြစ်တယ်လို့ ဂွဒေသခံ စစ်ရေးသတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“စစ်ကောင်စီဘက်က ဧရာဝတီဘက်မှာ အထိနာလေ ဂွမြို့နယ်ဘက်ကို ဖိအားပေး တိုက်ခိုက်လေပဲ။ ဒေသခံတွေအနေနဲ့ အခုရက်ပိုင်းတွေ ပိုသတိထား နေသင့်ပါတယ်။”
စစ်အာဏာရှင်တပ်ဟာ ဇူလိုင် ၇ ရက်ကလည်း ဂွမြို့နယ်ကို လေကြောင်းကနေ ဗုံးကြဲခဲ့သလို စစ်သင်္ဘောတွေပေါ်ကနေလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။










