DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲ သတင်းတိုများ
DVB
·
May 16, 2015
ရွေးကောက်ပွဲ သတင်းတိုများ
Donate to DVB

မဲစာရွက်တွင် တံဆိပ်တုံးထုစနစ် ပြောင်းလဲအသုံးပြုမည်

၂၀၁၅ အထွေထွေရွေးကောက်ပွဲ မဲပေးရာမှာ မဲစာရွက်မှာ ဘောပင်နဲ့ခြစ်ရမယ့်အစား တံဆိပ်တုံး ထုရမယ့် စနစ်ကို ပြောင်းလဲအသုံးပြုမှာဖြစ်ပါတယ်။

ဒီလိုပြောင်းလဲ အသုံးပြုတာဟာ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေတုန်းကလို မဲပေးရာမှာ အမှန်ခြစ်ခြစ်လို့ မရတဲ့ ပြဿ နာတွေ မပေါ်ပေါက်စေဖို့ဖြစ်ပါတယ်။

တံဆိပ်တုံးမှာ လေးထောင့်ကွက်အတွင်း အမှန်ခြစ် သင်္ကေတနဲ့ UEC စာတမ်းပါရှိ ပါတယ်။

ဒါအပြင် မဲတကြိမ် ထပ်ပိုပေးမှုကို ကာကွယ်ဖို့အတွက်လည်း  မဲပေးပြီးကြောင်း အမှတ်အသားအဖြစ် ၂၄ နာရီအတွင်း မပျက်တဲ့ မင်ကို  အသုံးပြုသွားမှာဖြစ်ပါတယ်။

ဝဒေသတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ငြိမ်းချမ်းရေးနှင့်လုံခြုံရေးပေါ် မူတည်

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာ ဝဒေသအတွင်း ရွေးကောက်ပွဲကျင်းပနိုင်ဖို့အတွက် ဒေသတွင်းငြိမ်းချမ်းရေးနဲ့ လုံခြုံရေးအခြေအနေပေါ်မှာ မူတည်တယ်လို့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောဆိုပါတယ်။

“ဒါကတော့ အခြေအနေပေါ်မူတည်တာပါပဲ။ အဲ့ဒီက အခု အေးချမ်းသွားမယ်။ မဲစာရင်းတွေရမယ်။ ကော်မရှင်အဖွဲ့ခွဲတွေ၊ မဲရုံအဖွဲ့ခွဲတွေ ဖွဲ့စည်းခွင့်ရမယ်၊ မဲပေးလို့ရမယ်ဆိုရင် ဒါကဖြစ်မှာပေါ့။ ဒါကတော့ အခြေအနေပေါ်မူတည်တယ်။ သို့သော်လည်း အဲဒီနေရာတွေက လက်နက်နဲ့ခြိမ်းခြောက်ပြီး မဲထည့်တာမျိုးဖြစ်မယ်ဆိုရင်  ဒါကျင်းပနိုင်ချင်မှ ကျင်းပမယ်။”

ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဖြစ်တဲ့ ဝ အထူးဒေသမှာ ၂၀၁၀ ရွေးကောက်ပွဲတုန်းက လေးမြို့နယ် မကျင်းပနိုင်ခဲ့ကြောင်း၊ ဝပြည်နယ်မှာ မဲစာရင်း လိုက်ကောက်လို့မရသလို၊ ကော်မရှင်အဖွဲ့ခွဲတွေလည်း ဖွဲ့လို့မရတာကြောင့် မကျင်းပနိုင်ခဲ့ဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးတွင် မဲပေးနိုင်သူ ၃၆ သိန်းကျော်ရှိ

ရှေ့ပြေးအခြေခံမဲစာရင်းအရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မဲပေးနိုင်သူ ၃၆ သိန်းကျော်ရှိတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးတင်ဦးကပြောပါတယ်။

ရှေ့ပြေးအခြေခံ မဲဆန္ဒရှင်စာရင်းပြုစုတဲ့နေရာမှာ ၃၇ မြို့နယ်အနက် ၃၂ မြို့နယ် ပြီးစီးသွားပြီဖြစ်ပါတယ်။ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာတော့ မဲစာရင်းပြုစုရတာ အခက်ခဲရှိတယ်လို့ ပြောပါတယ်။

လက်ရှိ မဲပေးနိုင်သူဦးရေထဲမှာ ရွှေ့ပြောင်းလုပ်သားစာရင်း မပါဝင်သေးပဲ နောက်ပိုင်းမှာ စာရင်းဆက်လက်ကောက်ခံသွာဖို့ ရှိပါတယ်။ ရွှေ့ပြောင်းလုပ်သားတွေပါ မဲစာရင်းပြုစုရင် မဲပေးနိုင်သူဦးရေ သိန်း၄၀ ကျော်ရှိမယ်လို့ ဆိုပါတယ်။

စစ်ကိုင်းတိုင်းအတွင်း ရွှေလုပ်ကွက်နဲ့ ရေနံလုပ်ကွက်တွေမှာ ရွှေ့ပြောင်းလုပ်သား အများဆုံးရှိတာ ဖြစ်ပါတယ်။ မေလ ၂၅ ရက်နေ့မှာတော့ တမူးမြို့နယ်မှာ ရှေ့ပြေးမဲစာရင်းတွေ ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။

လုံခြုံရေးတင်းကျပ်ထားသည့် နေရာများတွင် မဲဆွယ်စည်းရုံးခွင့်မပြု

နိုင်ငံရေးပါတီအတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးကာလတွေမှာ တပ်မတော်က လုံခြုံရေးတင်းကျပ်ထားတဲ့ နေရာတွေကို ဝင်ရောက်စည်းရုံးခွင့်ပြုမှာ မဟုတ်ဘူးလို့ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးက ပြောပါတယ်။

“လုံခြုံရေးအရ ခွင့်မပြုဘူးဆိုတဲ့ နေရာတွေမှာ ကမ်ပိန်းလုပ်လို့မရဘူးလေ၊ လုံခြုံရေးက ခွင့်မှမပြုထားပဲ။ စစ်တပ်က သူ့ရဲ့ မဝင်ရနယ်မြေတွေဆိုရင်တော့ ဒါဘယ်ရမလဲ။ အပြင်မှာ ဟောပြာပါမယ်ပြော။ တပ်ကလူတွေက ထွက်ပြီးနားထောင်ရင် ရမှာပေါ့။”

 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013