
ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်မှာ စစ်တပ်က ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင် ၄ ယောက်ကို ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
မေ ၁၇ ရက် ည ၈ နာရီလောက်က လေးမျက်နှာမြို့နယ်မှာ စစ်တပ်အင်အား ၁၅ ယောက်လောက်က အောင်ဇံကွင်းနဲ့ ဇီးပင်ကွင်းကျေးရွာမှာ ရောက်နေတဲ့ ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင် ဦးကျော်ဝင်း၊ ဒေါ်အေးအောင်နဲ့ နောက်ထပ် အမျိုးသား ၂ ယောက်ကို ဖမ်းဆီးထားတာလို့ ဆိုပါတယ်။
ဒေသခံ စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေသူက “အဖမ်းခံရတဲ့သူတွေက ရခိုင်တိုင်းရင်းသားတွေပါ။ တိုက်ပွဲကြောင့် စစ်ရှောင်လာသူတွေ၊ စစ်တပ်က ရွာထဲကို ဝင်လာပြီး ဖမ်းခဲ့တာ။ AA တပ်နဲ့ ပတ်သက်တယ်ဆိုပြီး ဖမ်းဆီးခဲ့တာ” လို့ ပြောပါတယ်။
အဖမ်းခံရသူတွေဟာ စစ်ဘေးရှောင်ရင်း လေးမျက်နှာမြို့နယ်ကို ရောက်လာတာ ၈ လဝန်းကျင် ရှိနေပြီး မေ ၁၈ ရက်အထိ အဆက်အသွယ်မရဖြစ်နေကာ ဘယ်မှာဖမ်းဆီးထားတယ် ဆိုတာကို မသိရသေးဘူးလို့ ဆိုပါတယ်။
စစ်တပ်က ဒေသခံ အရပ်သားတွေကို ဖမ်းဆီးခဲ့တဲ့အပြင် ရွာထဲက အရပ်သားတွေရဲ့ အိမ်တွေထဲကို AA တပ်ဖွဲ့ဝင်တွေနဲ့ PDF တွေကို ပုန်းအောင်းနေတယ်ဆိုပြီး ဝင်ရောက်ရှာဖွေ စစ်ဆေးခဲ့သေးတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










