DVB Logo
Home
မြန်မာသတင်း
နိုင်ငံတကာ သင်္ဘောသားအခွင့်အရေးစာချုပ်တွင် မြန်မာပါဝင်လက်မှတ်ထိုးမည်
DVB
·
May 15, 2015
နိုင်ငံတကာ သင်္ဘောသားအခွင့်အရေးစာချုပ်တွင် မြန်မာပါဝင်လက်မှတ်ထိုးမည်
Donate to DVB

သင်္ဘောသားအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်မှာ မြန်မာနိုင်ငံက အခုနှစ်အတွင်း ပါဝင်လက်မှတ်ရေးထိုးသွားဖို့ ရှိနေတယ်လို့ ရေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ရညန) ကို ကိုးကားပြီး မြ၀တီ သတင်းမှာဖော်ပြပါတယ်။

အဆိုပါ Martime Labour Convention (MLC 2006) စာချုပ်ကို ကမ္ဘာ့ အလုပ်သမားအဖွဲ့ချုပ် အိုင်အယ်လ်အိုက ၂၀၀၆ ခုမှာ ရေးဆွဲထားတာဖြစ်ပြီး ၂၀၁၃ သြဂုတ် ၂၀ ရက်မှာ စာချုပ် စတင် အသက်ဝင်ပါတယ်။

စာချုပ်အရ သင်္ဘောသားတွေအတွက် အိုင်အယ်လ်အိုက ရည်မှန်းထားတဲ့ လုပ်ငန်းခွင်အခြေအနေတွေဖြစ်အောင် တာဝန်ရှိသူတွေက ဖန်တီးပေးတာအပါအ၀င် သင်္ဘောသားတွေရဲ့ အခြေခံ ရပိုင်ခွင့်နဲ့  လွတ်လပ်ခွင့်ကိစ္စတွေ ဆောင်ရွက်ပေးရမှာပါ။

မြန်မာနိုင်ငံအနေနဲ့ ဒီစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးနိုင်ရေးအတွက် လက်ရှိ  ပြည်ထောင်စု ရှေ့နေချုပ်ရုံးမှာ တင်ထားပြီး ပြည်ထောင်စု လွှတ်တော်ရဲ့ အတည်ပြုချက်ရရင် လက်မှတ်ထိုး သွားမယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံက သင်္ဘောသားတွေဟာ ကမ္ဘာအရပ်ရပ်က ပင်လယ်ကူးသင်္ဘောတွေမှာ တာဝန်ထမ်းဆောင်နေကြတာဖြစ်ပြီး  ငွေလိမ်ခံရတာ၊ လုပ်ခလစာ အပြည့်အ၀မရဘဲ လုပ်အားခေါင်းပုံဖြတ်ခံရတာ၊ လုပ်ငန်းခွင်မှာ ထိခိုက် ဒဏ်ရာရ သေဆုံးမှုတွေ အတွက် နစ်နာကြေးအပြည့်အ၀မရတာစတဲ့ အလုပ်သမားအခွင့်အရေး ချိုးဖောက် ခံရမှုတွေ မကြာခဏ ဆိုသလိုရင်ဆိုင်နေရတာပါ။

မြန်မာနိုင်ငံ ပင်လယ်ကူးသင်္ဘောသားများ အလုပ်သမားအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစံသိန်းကတော့ သင်္ဘောသားတွေအနေနဲ့ ဘ၀အာမခံချက်ရှိတဲ့ သင်္ဘောလိုင်းတွေကို သတိပြုရွေးချယ်ဖို့လို တယ်လို့ အကြံပြုတိုက်တွန်းပါတယ်။

“သင်္ဘောလိုက်မယ်ဆိုရင်  ဘယ်ကုမ္ပဏီ ဘယ်သူကဖြင့်  ကျနော့်ကို အလုပ်ခိုင်းနေပါတယ်ဆိုပြီး အဖွဲ့ချုပ်မှာ လာမေးကြည့်ပါ။   ကျနော်တို့ကတော့ တတ်နိုင်သလောက် ညွှန်ကြားလို့ရတယ်။ ဒီဟာက  အမှန်အကန်ဟုတ်လား၊ မဟုတ်ဘူးလား အကြံပေးလို့ရတာပေါ့။ ရေကြောင်းပို့ဆောင်မှု ညွှန်ကြားမှု ဦးစီးဌာနမှာ တကယ်မှတ်ပုံတင်ထားတဲ့ သင်္ဘော ကုမ္ပဏီဟုတ်မဟုတ်၊ သေချာမှ  ကိုယ့်ရဲ့ ဘ၀ အာမခံချက်ရှိတဲ့ နေရာတွေမှာလိုက်ပါ။”

မြန်မာနိုင်ငံအနေနဲ့ သင်္ဘောသားအခွင့်အရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်မှာ ပါဝင်လက်မှတ်ရေးထိုးဖို့ ခုချိန်မှ လုပ်ဆောင်နေတာဖြစ်ပြီး အာဆီယံ ဒေသထဲက မလေးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူနဲ့ ဗီယက်နမ်အပါအ၀င် နိုင်ငံပေါင်း ၆၀ ကျော်က ဒီစာချုပ်မှာ  ပါဝင်လက်မှတ်ရေးထိုးထားပါတယ်။  ဒါဟာ ကမ္ဘာ့ပင်လယ်ရေးကြောင်းသွားလာမှု လုပ်ငန်းရဲ့ ၈၀ ရာခိုင်နှုန်း လောက်ရှိတာလည်းဖြစ်ပါတယ်။

ဒီကနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာတော့ မြန်မာသင်္ဘောသားတွေ ပြည်ပ ငါးဖမ်း သင်္ဘောတွေမှာ သွားရောက် အလုပ်လုပ်ကိုင်တာကို အစိုးရက ပိတ်ပင်တားမြစ်ထားတယ်လို့  ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ဧပြီလဆန်းပိုင်းက   မြန်မာသင်္ဘောသားတွေပါတဲ့ ရုရှားငါးဖမ်းသင်္ဘောတစီး ပင်လယ်ထဲ နစ်မြုပ်ခဲ့တာကြောင့် မြန်မာ ၁၆  ဦး သေဆုံးခဲ့ရသလို လျော်ကြေးအပါအ၀င် အလုပ်သမားရပိုင်ခွင့်တွေ အပြည့်အ၀ပြန်ရရေး ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013