
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ကမာဝက်မြို့က အမျိုးသား ၂ ယောက် သေနတ်နဲ့ပစ်ခတ်ခံရပြီး တယောက်သေဆုံးကာ တယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကူညီကယ်ဆယ်ရေး အဖွဲ့တွေဆီက သိရပါတယ်။
ဧပြီ ၁၄ ရက် ည ၈ နာရီလောက်က မုဒုံမြို့နယ်၊ ကမာဝက်မြို့က အသက် ၅၀ အရွယ် ဦးငြိမ်းဦးနဲ့ သားဖြစ်သူ အသက် ၂၄ နှစ်အရွယ် ကိုရဲလွင်ဦးတို့ဟာ နေအိမ်ထဲမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး ရရှိတဲ့ဒဏ်ရာတွေနဲ့ သားဖြစ်သူ ကိုရဲလွင်ဦး သေဆုံးသွားခဲ့တာပါ။
မြေပြင်ကူညီဆောင်ရွက်ပေးသူတယောက်က “ဦးငြိမ်းဦးရဲ့ နေအိမ်မှာ ပစ်သတ်ခံရတာ။ သေနတ်သမား ၂ ယောက်က သူတို့ (ဦးငြိမ်းဦး) အိမ်ကို လာပစ်သတ်သွားတာ။ ဆေးရုံကို အရေးပေါ်တင်ပို့ပါတယ်။ ဆေးရုံမှာ ကောင်လေးက ဆုံးသွားတာ” 'လို့ ပြောပါတယ်။
သေဆုံးနဲ့ ဒဏ်ရာရရှိသူ သားအဖ ၂ ယောက်ကို ဆိုင်ကယ်နဲ့လာတဲ့ သေနတ်သမား အမျိုးသား ၂ ယောက်က ပစ်ခတ် ထွက်သွားတာဖြစ်ပြီး သေနတ်သမားဟာ ဘယ်အဖွဲ့ကဆိုတာကိုတော့ မသိဘူးလို့ ဒေသခံတွေက ဆိုပါတယ်။
သေနတ်နဲ့ ပစ်ခတ်ခံရတဲ့ အမျိုးသား ၂ ယောက်ကို ကူညီကယ်ဆယ်ရေးအဖွဲ့တွေက မုဒုံမြို့နယ်၊ ကမာဝက် တိုက်နယ်ဆေးရုံကို အရေးပေါ် ကူညီပို့ဆောင်ပေးခဲ့ပေမဲ့ ကိုရဲလွင်ဦးမှာ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။
အဆိုပါ အမျိုးသား ၂ ယောက် ပစ်ခတ်သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်လို့ စစ်ကောင်စီ လက်အောက်ခံ မီဒီယာတွေက PDF အဖွဲ့က လုပ်ဆောင်တာလို့ ရေးသားကြပြီး တော်လှန်ရေးတပ် PDF အဖွဲ့ ဘက်က သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။










