
စစ်အာဏာရှင်အစိုးရအဖွဲ့သစ် ဖွဲ့လိုက်ပေမဲ့ အလုပ်သမားသမဂ္ဂတွေအပေါ် ဖိနှိပ်တဲ့ လုပ်ရပ် ကျူးလွန်မှုတွေ ဆက်ရှိနေတယ်လို့ ပြည်တွင်းအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အုပ်စုနဲ့ အလုပ်ရှင်တွေက အလုပ်သမားသမဂ္ဂတွေကို နည်းမျိုးစုံ ဖိနှိပ်ဖြိုခွင်းတာတွေ လုပ်နေလို့ နိုင်ငံတကာ အလုပ်သမားရေးရာအဖွဲ့တွေရဲ့ သတိပေးခံထားရပေမဲ့ ကျူးလွန်တာတွေ ရပ်မသွားဘူးလို့ ပြည်တွင်း အလုပ်သမားအရေး စောင့်ကြည့်ကူညီနေသူ တယောက်က ပြောပါတယ်။
“မြေပြင်မှာတော့ ကျူးလွန်မှုတွေက ဆက်ရှိနေလို့ သမဂ္ဂတွေရဲ့ လုပ်ပိုင်ခွင့်တွေက ဆုံးရှုံးနေဆဲပဲ။ စစ်ကောင်စီက အရပ်သားအစိုးရ အသွင်ပြောင်းလည်း ဒီအခြေအနေက ထူးမလာဘူး။”
လုပ်ငန်းခွင်တွေမှာ အလုပ်သမားအခွင့်အရေး တောင်းဆိုတဲ့ သမဂ္ဂအဖွဲ့ဝင်တွေကို ပစ်မှတ်ထား အလုပ်ထုတ်ပြီး ကျန်တဲ့ သမဂ္ဂမှာ ပါဝင်သူတွေ အသံမထွက်ရဲအောင် တဖက်လှည့်နဲ့ ထိန်းချုပ်ခံထားရတယ်လို့ အထည်ချုပ်သမဂ္ဂအဖွဲ့ဝင်တွေက ဆိုပါတယ်။
အထည်ချုပ်သမဂ္ဂ ခေါင်းဆောင်တယောက်က “လုံလောက်တဲ့ အကာအကွယ်ပေးမှု မရှိရင် ကိုယ်တွေလည်း ဝမ်းရေးအတွက် အခြေအနေ ပြန်ကြည့်ရသေးတယ်” လို့ ပြောပါတယ်။
ဒါ့အပြင် စစ်အုပ်စုက အလုပ်သမားသမဂ္ဂအသစ် ဖွဲ့စည်းမှာကို မလိုလားဘဲ ဖွဲ့စည်းခွင့်မှတ်ပုံတင် တင်ပြတာတွေကို ချောင်ထိုးထားတဲ့လုပ်ရပ်တွေ အခုအချိန်အထိ ဆက်ရှိနေတယ်လို့ ပြည်တွင်း အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။
လတ်တလောဖြစ်ရပ်အနေနဲ့ ရွှေပြည်သာမြို့နယ်မှာ ဖွင့်ထားတဲ့ နေရွှေဝင်း အထည်ချုပ်စက်ရုံက မေ ၉ ရက်မှာ လုပ်ငန်းအခြေအနေအရဆိုကာ အလုပ်ထုတ်လိုက်တဲ့ အလုပ်သမား ၁၉ ယောက်ထဲ အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၇ ယောက်နဲ့ EC ၄ ယောက် ပါဝင်ခဲ့တယ်လို့ သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ် (STUM) က ထုတ်ပြန်ထားပါတယ်။
အလုပ်ထုတ်ခံရသူတွေ ပါဝင်တဲ့ နေရွှေဝင်း အခြေခံအလုပ်သမားအဖွဲ့အစည်း ဖွဲ့စည်းဖို့အတွက် မြို့နယ်အလုပ်သမားညွှန်ကြားရေးဦးစီးဌာန (အလည) ဆီ မတ် ၂၃ ရက်ကတည်းက အဖွဲ့အစည်းဖောင် တင်ထားပေမဲ့ ပုံစံ ၆ ထုတ်ပေးတာ မရှိသေးဘူးလို့ ဆိုပါတယ်။
အလုပ်သမားအဖွဲ့အစည်းအတွက် ပုံစံ ၆ ထုတ်ပေးတာ မရှိပေမဲ့ လုပ်ငန်းရှင်ကို အဖွဲ့ဝင်စာရင်းတွေ လက်သိပ်ထိုးပေးပြီး အဖွဲ့အစည်း ဖြိုခွဲဖို့အတွက် နောက်ကွယ်ကနေ ပံ့ပိုးခဲ့တယ်လို့ STUM ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းကာလအတွင်း လွတ်လပ်စွာ အသင်းအပင်းဖွဲ့စည်းခွင့်နဲ့ အလုပ်သမားသမဂ္ဂတွေကို ဖိနှိပ် ဖြိုခွင်းတဲ့ ကျူးလွန်မှုတွေ ဆိုးရွားစွာ ဖြစ်ပေါ်နေလို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ပြင်းထန်တဲ့ အရေးယူမှုလုပ်ဖို့ ၂၀၂၅ ဇွန်လမှာ ဆုံးဖြတ်ထားပါတယ်။










