DVB Logo
Home
မြန်မာသတင်း

မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင် CLMV နှင့် ACMECS အစည်းအဝေးတက်ရန် ဗီယက်နမ် သွားမည်

DVB
·
November 25, 2026
Photo: Reuters 
Photo: Reuters 
Donate to DVB

မဲခေါင်ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့အတွက် ၁၂ ကြိမ်မြောက် CLMV ထိပ်သီး အစည်းအဝေးနဲ့ ၁၁ ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကို လာမဲ့ နိုဝင်ဘာ ၂၈ ရက်မှာ ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပဖို့ ရှိနေပြီး မြန်မာစစ်အာဏာရှင် မင်းအောင်လှိုင် တက်ရောက်မယ်လို့ Vietnamnet Global သတင်းမှာ နို၀င်ဘာ ၂၅ ရက် ဖော်ပြပါတယ်။

ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ  လာအို၊ ကမ္ဘောဒီးယား၊ မြန်မာနဲ့ ဗီယက်နမ် (CLMV) ၄ နိုင်ငံအဖွဲ့ရဲ့  ၂၀၂၆ ခုနှစ် အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဗီယက်နမ်က ၁၂ ကြိမ် မြောက် CLMV ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာလို့ အသိပေး ပါတယ်။

ဒီပွဲနဲ့ တဆက်တည်းမှာပဲ ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ မြန်မာနိုင်ငံနဲ့ ပူးပေါင်းပြီး ၁၁ ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးကိုလည်း ကျင်းပသွားမယ်လို့ ဆိုပါတယ်။

ထိပ်သီးအစည်းအဝေးတွေကို ဗီယက်နမ်ဝန်ကြီးချုပ် လီမင်းဟွန်း၊ မြန်မာစစ်အာဏာရှင် သမ္မတ မင်းအောင်လှိုင်၊ ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်မာနက်၊ လာအိုဝန်ကြီးချုပ် ဆလမ်ဆိုင်း ကိုမာဆစ်နဲ့ ထိုင်းဝန်ကြီးချုပ် အနုထင်း ချန်ဝီရာကူးလ်တို့အပြင် အာဆီယံအတွင်းရေးမှူးချုပ် ကာအိုကင်ဟွန်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေ တက်ရောက်မယ်လို့ ထုတ်ပြန်ထားပါတယ်။

၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တဲ့ CLMV ပူးပေါင်းဆောင်ရွက်ရေးဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံတွေကြား ဖွံ့ဖြိုးမှုကွာဟချက်ကို ကျဉ်းမြောင်းစေဖို့ ရည်ရွယ်တာဖြစ်ပြီး ကုန်သွယ်ရေး၊ စိုက်ပျိုးရေး၊ စွမ်းအင်နဲ့ သယ်ယူပို့ဆောင်ရေးစတဲ့ ဦးစားပေးကဏ္ဍ ၈ ခုကို အဓိကထား ဆောင်ရွက်နေပါတယ်။

၂၀၂၅ ခုနှစ်အတွင်း CLMV ၄ နိုင်ငံရဲ့ ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၄ ထရီလီယံအထိ ရှိခဲ့ပြီး တကမ္ဘာလုံးနဲ့ အာဆီယံရဲ့ စုစုပေါင်းကုန်သွယ်မှု ၂၃ ဒသမ ၈ ရာခိုင်နှုန်းအထိ ရှိခဲ့တယ်လို့ အာဆီယံအတွင်းရေးမှူးချုပ်ရုံးက ဆိုပါတယ်။

ဒီနှစ် ထိပ်သီးအစည်းအဝေးမှာတော့ CLMV နိုင်ငံတွေကြား စီးပွားရေးချိတ်ဆက်မှု အားကောင်း စေဖို့နဲ့ ရန်ပုံငွေအရင်းအမြစ်တွေ ထိထိရောက်ရောက် စုစည်းနိုင်ဖို့ အဓိက ဆွေးနွေးမယ်လို့ ထုတ်ပြန်ချက်မှာ အသိပေးပါတယ်။

၂၀၀၃ ခုနှစ်မှာ စတင်ခဲ့တဲ့ ACMECS ကတော့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနဲ့ ဗီယက်နမ် စတဲ့ မဲခေါင် ၅ နိုင်ငံစလုံး ပါဝင်တဲ့ တခုတည်းသော ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှု မူဘောင် ဖြစ်ပါတယ်။

ကျန်းမာရေး၊ သဘာဝပတ်ဝန်းကျင်နဲ့ ကုန်သွယ်ရေး စတဲ့ ကဏ္ဍ ၈ ခုကို ဦးစားပေး ဆောင်ရွက်နေပြီး အမေရိကန်၊ တရုတ်၊ အိန္ဒိယ၊ ဂျပန်နဲ့ တောင်ကိုရီးယားစတဲ့ မိတ်ဖက်နိုင်ငံကြီးတွေဆီကနေ ဖွံ့ဖြိုးရေးအကူအညီတွေ ရယူနိုင်ဖို့ ကြိုးပမ်းနေတာပါ။

ဒီတကြိမ် ကျင်းပမဲ့ ၁၁ ကြိမ်မြောက် ACMECS ထိပ်သီးအစည်းအဝေးမှာတော့ လက်ရှိ ပူးပေါင်းဆောင်ရွက်မှု တိုးတက်မှုအခြေအနေတွေကို ပြန်လည်သုံးသပ်ကြမှာဖြစ်သလို အနာဂတ် ဦးစားပေးလုပ်ငန်းစဉ်တွေနဲ့ ရှေ့ဆက်လုပ်ဆောင်မဲ့ ACMECS ပင်မစီမံကိန်း အသစ်တခု ရေးဆွဲဖို့အတွက် ခေါင်းဆောင်တွေ ဆွေးနွေးသွားကြမှာပါ။

Source:  Vietnamnet Global

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013