
The right man in the right place ဆိုသော စကားကို ငယ်ငယ်ကတည်းက ကျနော်တို့ ကြားခဲ့ပြောခဲ့ဖူးပါသည်။
လူမှန်နေရာမှန်ဟု အဓိပ္ပာယ်ထွက်သော ထိုစကားမှာ အင်္ဂလိပ်စကား ဖြစ်မည် ထင်ပါသည်။ မည်သို့ပင်ဖြစ်စေ အောင်မြင်သော ဘောလုံးအသင်းတသင်းအတွက် ထိုစကားမှာ သွေးထွက်အောင် မှန်ကန်လှပါသည်။ ဘောလုံးအသင်းမှ ကစားသူများကို သူတို့ ကျွမ်းကျင်ပိုင်နိုင်သော နေရာများတွင် ချထားပေးပြီး ကစားခိုင်းရပါသည်။ ရှေ့တန်းကစားသမား၊ အလယ်တန်းကစားသမားနဲ့ နောက်တန်းကစားသမား၊ ထို့နောက် ဂိုးသမားတို့ ဖြစ်ကြသည်။ ရှေ့တန်းကို ကျွမ်းကျင်ပိုင်နိုင်စွာ ကစားနိုင်သောဘောလုံးသမားကို ရှေ့တန်းတွင်သာ ကစားခိုင်းမှ လူမှန်နေရာမှန်ဖြစ်ပြီး နောက်တန်းတွင် သွားကစားခိုင်းပါက လူမှားနေရာမှား ဖြစ်သွားနိုင်ပါသည်။ ဆိုလိုသည်မှာ မည်သူ မဆို မိမိကျွမ်းကျင်ပိုင်နိုင်သော အတတ်ပညာဖြင့် အံဝင်ခွင်ကျသော အလုပ်ကိုလုပ်မှ အောင်မြင်မည်ဖြစ်ပါသည်။ ဆရာဖြစ်သင် တတ်ထားသော ကျောင်းဆရာက ကျောင်းသားများကို စာသင်ပေးမှ နေရာမှန်ဖြစ်ပြီး စစ်သင်တန်း တတ်ထားသည့် စစ်သားများနေရာသွားပြီး စစ်တိုက်လျှင် စစ်ရှုံးမည်မှာ သေချာပါသည်။ သေနတ်လည်း မပစ်တတ်၊ စစ်လည်း မတိုက်တတ်ဘဲ စစ်မြေပြင်ထွက်၍ မဖြစ်နိုင်ပေ။ စစ်သားက စစ်တိုက်ခြင်းမှာ သူ၏ ပရော်ဖက်ရှင်နယ် ဖြစ်သလို ကျောင်းဆရာက စာသင်ခြင်းမှာလည်း သူ၏ ပရော်ဖက်ရှင်နယ် ဖြစ်ပါသည်။ “ကျွမ်းကျင်ရာလိမ္မာ” ခြင်းမှာ “လူမှန် နေရာမှန်” ဖြစ်လေသည်။
မြန်မာ့သမိုင်းတွင် ထင်ရှားသော စစ်ဘုရင်များ ရှိခဲ့သည်။ တချို့က ၄င်းတို့၏ အင်အား အရည်အချင်းနဲ့ လျော်ကန်စွာ အာဏာကို ရယူပြီး နိုင်ငံကို တောင့်တင်းအောင် ဆောင်ရွက်နိုင်သလို အင်အားဖြင့် စည်းလုံးညီညွတ်သော နိုင်ငံတော်များကို ထူထောင်နိုင်ခဲ့ကြသည်။ အနော်ရထာ၊ ဘုရင့်နောင်ကျော်ထင်အနော်ရထာနဲ့ အလောင်းဘုရားတို့ ဖြစ်ပါသည်။ သူတို့သည် မြန်မာ့သမိုင်းတွင် အထင်ရှား ကျော်ကြားဆုံးသော စစ်ဘုရင်ကြီးများ ဖြစ်သလို ပထမ၊ ဒုတိယနဲ့ တတိယမြန်မာနိုင်ငံတော်ကြီးများကို တည်ထောင်နိုင်ခဲ့သူများ ဖြစ်၏။ သူတို့၏ အာဏာနဲ့ သူတို့၏ လုပ်ဆောင်ချက်များမှာ အံဝင်ခွင်ကျ ဖြစ်နေသောကြောင့် လူမှန်နေရာမှန် ရရှိသူများ ဖြစ်ပါသည်။ သို့သော် တိုက်ရည်ခိုက်ရည် အလွန်ကောင်းပြီး အလွန်ထူးချွန်သော စစ်ဘုရင်များ ဖြစ်သော်လည်း သမိုင်းတွင် စစ်ရေးသက်သက်ဖြင့် စစ်သွေးဆာသူဘုရင်များသာ ဖြစ်သော ဥပမာ အင်းဝဘုရင်မင်းခေါင်၊ မင်းရဲကျော်စွာ၊ တပင်ရွှေထီးနဲ့ ရာဇာဓိရာဇ်စသည့် စစ်ဘုရင်များမှာ နိုင်ငံအကျိုးစီးပွားကို ဦးထိပ်ထားမှု နည်းပါးသဖြင့် ၄င်းတို့ ရရှိသော အာဏာနဲ့ ၄င်းတို့၏ စွမ်းဆောင်မှုများမှာ လူမှန်နေရာမှန်များ မဖြစ်နိုင်ခဲ့ပေ။
မိမိတတ်သည့် ပညာနဲ့ မိမိလုပ်ရသော အလုပ်အံဝင်ခွင်ကျဖြစ်မှသာ လူမှန်နေရာမှန် ဖြစ်နိုင်ပေသည်။ အီလက်ထရွန်နစ်နည်းပညာ တတ်ကျွမ်းသူသည် ပန်းပုထုရသည့် အလုပ်ကို လုပ်၍ ဆန်းသစ်သော နည်းပညာများကို တီထွင်နိုင်မည် မဟုတ်ပေ။ ကမ္ဘာတွင် နေမဝင် အင်ပါယာကြီးကို ထူထောင်နိုင်ခဲ့သော ဗြိတိသျှကိုလိုနီနယ်ချဲ့သမားများသည် အရာရာကို စနစ်တကျ စိုးမိုးရေရှည်ကိုလိုနီစနစ်ဖြင့် အုပ်ချုပ်ထားနိုင်အောင် စနစ်တကျ ကျွန်ပြုရေးတွင် ထူးချွန်လှပါသည်။ စစ်တပ်က စစ်တပ်အလုပ်၊ အုပ်ချုပ်ရေးသမားက အုပ်ချုပ်ရေးနှင့် တရားသူကြီး က တရားစီရင်ရေးကိုသာ လုပ်စေပါသည်။ အုပ်ချုပ်ရေးသမားက စစ်တပ်ကို ကွပ်ကဲပြီး တိုက်ခိုက်ခြင်းကို ခွင့်မပြုပေ။ အိုင်စီအက်စ်နဲ့ ဘီစီအက်စ် စသော ပြည်သူ့ပဋိညာဉ်ဝန်ထမ်းများကို သင်တန်းများပို့ချကာ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်စေသည်။ အင်္ဂလန်လို ကျွန်းနိုင်ငံလေးတခုက ကမ္ဘာတွင် အလွန်ကြီးမားသောနိုင်ငံများကို သူတို့၏ လက်အောက်ခံ ကိုလိုနီများအဖြစ် သိမ်းသွင်းနိုင်သည်မှာ သူတို့၏ စနစ်ကျသော အုပ်ချုပ်ရေး ယန္တရားနဲ့ စစ်အင်အားကြောင့် ဖြစ်လေသည်။ တရုတ်လို၊ အိန္ဒိယလို၊ အမေရိကန်လိုနိုင်ငံများကို သူတို့၏ ကိုလိုနီများအဖြစ် သိမ်းပိုက်နိုင်ခဲ့ပါသည်။
ဆရာမင်းသုဝဏ် ၉ဝ ပြည့်နှစ်က ဆရာ့ထံ ကျနော်တို့ သွားရောက် ဂါရဝပြုခဲ့ကြသည်။ ထိုအချိန်က ဆရာကောင်းကောင်းစကား ပြောနိုင်သေးသည်။ ဆရာက သူပြုစုခဲ့သော သင်ပုန်းကြီး ဖတ်စာအကြောင်းကို ကျနော်တို့အား ပြောပြပါသည်။
“ကျနော် အောက်စဖို့ဒ်က ပြန်လာပြီးတဲ့နောက် တက္ကသိုလ်မြန်မာစာဌာနမှာ ကျနော်အလုပ် ဝင်လုပ်တယ်။ တနေ့ ဖျာပုံဘက်ကို ရောက်တော့ ဖျာပုံက အရေးပိုင် တယောက်ကို တွေ့ပါတယ်။ အဲဒီအရေးပိုင်က အောက်စဖို့ဒ်တုန်းက ကျနော်နဲ့ တတန်းတည်းသင်ခဲ့ရတဲ့ အင်္ဂလိပ်ပဲ။ အဲဒီတုန်းက သူက ပညာရေးသမား၊ အုပ်ချုပ်ရေးပညာ သင်နေရတဲ့ သူမဟုတ်ဘူး။ ကျနော်တို့လိုပဲ စာပေသင်နေရတဲ့သူပါ။ သူ့ကို ကျနော်က “သူငယ်ချင်း မင်းဘယ်လိုလုပ်ပြီး မင်းအရေးပိုင် လုပ်နေရတာလဲ။ ကျောင်းတုန်းက ငါတို့တွေက Literature သမားတွေ မဟုတ်လား။ မင်းအခု လုပ်နေတဲ့ တာဝန်က အုပ်ချုပ်ရေး။ မင်းတတ်တာက စာပေ။ အဲဒီတော့ မင်းလူမှန်နေရာမှန် မဟုတ်ဘူးလို့ ထင်တယ်”လို့ ပြောလိုက်တော့ သူက “ဟုတ်ပါတယ်ကွာ။ ငါတတ်ကျွမ်းတာနဲ့ ငါအခု လုပ်နေရတဲ့ အလုပ်က မကိုက်ညီပါဘူး။ ငါအရင်တုန်းကတော့ ဝါသနာအရ Literature သင်ခဲ့တာပဲ။ ဒါပေမယ့် အခြေအနေအရ ငါ အိန္ဒိယပဋိညာဉ်ဝန်ထမ်း(အိုင်စီအက်) India Civil Service ဝင်ဖြေပြီး အခုလို အရေးပိုင် လုပ်ရတာပဲ။ ဒါပေမယ့် ငါသင်ခဲ့တာကိုတော့ ငါမမေ့ပါဘူး။ ဝါသနာလည်း ပါတယ်။ ဒါကြောင့် ကလေးတွေအတွက် ငါစဉ်းစားတယ်။ မြန်မာပြည်က, ကလေးတွေ သင်ဖို့ အင်္ဂလိပ်သင်ပုန်းကြီးကို သင်ခဲ့တယ်။ ဥပမာ A For Apple, B For Bell ဆိုတာမျိုးပေါ့ကွာ” လို့ ပြန်ပြောတယ်။ အဲဒီ့အချိန် ကျနော်ခေါင်းထဲ လက်ခနဲ ဖြစ်သွားပြီး ငါလည်း အဲဒီလိုရေးဖို့ လိုတယ်လို့ စဉ်းစားမိတယ်။ ဒါကြောင့် ကျနော်က မြန်မာသင်ပုန်းကြီးဖတ်စာကို ရေးခဲ့တာပါပဲ။ အဲဒီထဲမှာ ကကြီး ကန်စွမ်းပင် ရေမှာ ရွှင်၊ ခကွေး ခရမ်းသီး ဓားနဲ့ လှီး ဆိုတာမျိုးကို ကျနော် ရေးခဲ့ပါတယ်။ ကျနော်ရေးတဲ့ရည်ရွယ်ချက်က ကလေးတွေ အတွက် အသံလည်း သာရမယ်။ မှတ်လည်း မှတ်မိရမယ်ဆိုတဲ့ ရည်ရွယ်ချက်ပဲ။ ကကြီးကန်စွမ်းပင်ဆိုတဲ့ သတ်ပုံ အတိုင်း မရေးဘဲ ကန်စွမ်းဆိုပြီး ကလေးတွေ အသံမှတ်မိအောင် ရေးလိုက်တာပဲ။ ခါးရမ်းသီးကိုလည်း သတ်ပုံ အတိုင်းမရေးဘဲ ခရမ်းသီးလို့ပဲ ကလေးတွေ မှတ်လောက်အောင် ရေးပေးခဲ့တယ်။ ကျနော် အငြိမ်းစားယူပြီး နောက်တတ်လာတဲ့ မြန်မာပါမောက္ခကို အထက်က မြန်မာသင်ပုန်းကြီး ပြန်ပြင်ဖို့ ညွှန်ကြားလို့ သူက အသစ်ပြန်ရေးရတယ်။ အဲဒီမှာ ကကြီးကညစ် ပေမှာခြစ် ဆိုပြီး ပြောင်းလိုက်တော့ ကလေးတွေကို သင်ရတဲ့ ဆရာတွေက ကျနော်ဆီ ရောက်လာကြတာပေါ့။ အဲဒီဆရာတွေဟာ ကညစ်ကို မသိကြဘူး။ ပေဆိုတာတောင် အသေအချာ မသိကြဘူး။ သူတို့တောင် နားမလည်တဲ့အတွက် သူတို့ဆရာတွေက သူတို့ကို သင်ပုန်းကြီးအကြောင်း သင်ပေးတဲ့ ဆရာတွေကို ကညစ်နဲ့ ပေကို ဘယ်လိုခြစ်ရသလဲ မေးကြည့်တဲ့အခါ ဒီလို ဒီလို ခြစ်ရတာပေါ့ကွာ” ဆိုပြီး သင်ပုန်းကြီး ပေါ်မှာ မြေဖြူနဲ့ ဟိုခြစ်ဒီခြစ် လုပ်ပြတယ်ဆိုတဲ့ အကြောင်း ကျနော်ကို အဲဒီဆရာတွေက လုပ်ပြတယ်။ ဒီတော့ ကျနော်က သူတို့ကို ရွှေတိဂုံ အလယ်ပစ္စယံကို ခေါ်သွားပြီး ဟော ဒါက ပေလို့ ခေါ်တယ်။ ဒီဆရာတွေက ပေပင်တောင် မမြင်ဖူးကြပါဘူး။ အဲဒီမှာရှိတဲ့ ပေရွက်ကို ပြတယ်။ ကညစ်ကိုပြတယ်။ ပေပေါ် ကညစ်နဲ့ ခြစ်တယ်ဆိုတာကို ဟိုခြစ်ဒီခြစ် မဟုတ်ဘူး။ ရှေးက ရတုတွေ၊ ကျမ်းတွေကို တလုံးချင်းရေးခြစ်တာကို ပေမှာ ခြစ်တယ်ဆိုတာပဲလို့ ပြရပါတယ်။ နောက်ပြီး ဓ, ဓနိငုတ်ဓားနဲ့ ခုတ်ဆိုတာ ပါလာပြန်တော့ ဆရာတွေက ကျနော်ဆီ ရောက်လာပြန်ရော၊ ဓနိငုတ်ကို ကျမတို့ မသိဘူးလို့ပြောတော့ ကမာရွတ်ချောင်းစပ်က ဓနိပင်တွေကို ပြရပြန်တယ်” ဟု ပြောပြခဲ့သည်ကို ကျနော် အမှတ်ရနေပါသည်။
ဆိုလိုသည်မှာ စာပေသမားကို အုပ်ချုပ်ရေးအရေးပိုင် ခန့်မည့်လူမျိုး၊ ကျောင်းသားနဲ့ အံဝင်ခွင်ကျ မဖြစ်သည့် သင်ရိုးညွန်းတမ်းမျိုးမှာ အခက်အခဲများစွာ ကြုံရသည့်သဘောမျိုးပင် ဖြစ်လေသည်။ တက္ကသိုလ်ကျောင်းအုပ်ကို ပါရဂူဘွဲ့ရနဲ့ အတွေ့အကြုံရင့်ကျက်သော ဆရာမျိုးကိုသာ ခန့်ရမည်ဖြစ်ပြီး စစ်ရေးကျွမ်းကျင်သော ဗိုလ်ချုပ်ကြီးတယောက်ကို တက္ကသိုလ် ကျောင်းအုပ်အဖြစ် ခန့်အပ်လျှင် လူမှန်နေရာမှန် မဖြစ်နိုင်ပေ။ ထို့ပြင် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူကိုသာ ဘဏ်ဥက္ကဋ္ဌ ခန့်ရမည်ဖြစ်ပြီး တက္ကသိုလ်ကျောင်းအုပ်ကို ဘဏ်ဥက္ကဋ္ဌခန့် ပါက ငွေကြေးနဲ့ ပတ်သက်ပြီး နားလည်နိုင်မည် မဟုတ်ပေ။ ကျွမ်းကျင်သော အယ်ဒီတာ တယောက်သည် သူ့လုပ်ငန်းနဲ့ ပတ်သက်၍ စာစောင်ဖွဲ့ပုံ၊ တည်းဖြတ်ပုံ၊ မဂ္ဂဇင်း သို့မဟုတ် ဂျာနယ်၏ အထားအသို၊ ဂျာနယ်သို့မဟုတ် မဂ္ဂဇင်းနဲ့ လိုက်ဖက်သော စာမူစသည်တို့ကို ကျွမ်းကျင်နားလည်ရန်လိုသည်။ ကွန်ပျူတာသမား ရိုက်လိုက်သော စာများကို မှန်ကန်အောင် ပရုဖ်ဖတ်ပြီး စာပြင်တတ်ဖို့လည်း လိုသည်။ ထိုသို့ ကျွမ်းကျင်သော အယ်ဒီတာက မှန်မှန်ကန်ကန် ဦးဆောင်နိုင်လျှင် ထိုမဂ္ဂဇင်း၊ ဂျာနယ်က အောင်မြင်နိုင်ပေလိမ့်မည်။
ထို့ကြောင့် နိုင်ငံရေး၊ စီးပွားရေးနဲ့ စစ်ရေးစသည့် အဖက်ဖက်တွင် သူ့နေရာနဲ့ သူ ကျွမ်းကျင်ပိုင်နိုင်ပြီး သင့်လျော်မှန်ကန်သော သူက ခေါင်းဆောင်နိုင်မှသာ အောင်မြင်ပေမည်။ လူမှန်နေရာမှန် ရှိဖို့လိုသည်။ လူမှား နေရာမှားဖြစ်ပါက ဆုံးရှုံးနိုင်ပြီး တိုင်းပြည်လည်း ခေတ်နောက်ကျပေမည်။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ အံဝင်ခွင်ကျသော ခေါင်းဆောင်မှုမျိုး ပေးနိုင်မှသာ တိုးတက်ပေမည်။ စစ်ဖြစ်လျှင်စစ်တိုက်နိုင်သော ဗိုလ်ချုပ်က ဦးဆောင်မှသာ အောင်နိုင်ပေမည်။ စီးပွားရေးတိုးတက်အောင် စီးပွားရေးပညာရှင်များကသာ လုပ်ဆောင်နိုင်သလို တိုင်းပြည် ဖွံ့ဖြိုးတိုးတက်အောင်လည်း လူထုထောက်ခံမှုရှိသော ခေါင်းဆောင်ကသာ လုပ်နိုင်ပေမည်။
ထို့ကြောင့် စီးပွားရေးပညာရှင်သည် စစ်ဗိုလ်ချုပ် မဟုတ်၊ စစ်ဗိုလ်ချုပ်မှာ နိုင်ငံရေးသမား မဟုတ်၊ နိုင်ငံရေးသမားသည် စစ်ပွဲတွင် နိုင်အောင် ဦးဆောင်နိုင်မည် မဟုတ်။ စစ်ရေး မကျွမ်းဘဲ စစ်တိုက်လျှင် စစ်ရှုံးမှာ သေချာသည်။ ထို့ကြောင့် လူမှန်နေရာမှန် ဖြစ်ရေးမှာ အလွန်အရေးကြီးပါသည်။










