DVB Logo
Home
မြန်မာသတင်း
မူဆယ်မြို့နယ်တွင် ဆိုင်ကယ်စီး လူငယ်တဦး ပစ်ခတ်ခံရ
DVB
·
May 14, 2015
မူဆယ်မြို့နယ်တွင် ဆိုင်ကယ်စီး လူငယ်တဦး ပစ်ခတ်ခံရ
1 / 3
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့နယ် နောင်လောင်းရွာက  အသက် ၁၆ နှစ်ရွယ်  စိုင်းလိုင်းပန်ကို နယ်မြေအခြေစိုက် အစိုးရတပ်က ပစ်ခတ်ခဲ့တာကြောင့် သေနတ်ဒဏ်ရာတွေနဲ့ ဆေးရုံမှာ ဆေးကုမှုခံယူနေရတယ်လို့  မိသားစုဝင်တွေက ဒီဗွီဘီကို ပြောပါတယ်။

မေလ ၁၂ ရက်နေ့ညက ကောင်းဝန်းရွာကို အလည်သွားရင်းလမ်းမှာ စစ်တပ်က ပစ်ခတ်ခဲ့တာလို့ မိခင်ဖြစ်သူ ဒေါ်နန်းအမ်က ပြောပါတယ်။

“အဲဒီညက ၁၀ နာရီကျော်ပေါ့။ သားက ဆိုင်ကယ်စီးပြီး အိမ်ပြန်လာတယ်။ အဖေ၊ အမေ ကျနော့်ကို စစ်တပ်က သေနတ်နဲ့လိုက်ပစ်တယ်တဲ့ ငိုပြီးပြောတယ်။ ဓာတ်မီးနဲ့ ထိုးပြီး နောက်က ပစ်တယ်တဲ့။ ကျမတို့ကြည့်တော့ တကိုယ်လုံးသွေးတွေနဲ့ အဲဒါရွာမှာရှိတဲ့ ဆေးခန်းက ဆေးမှူးကို အရင်သွားခေါ်တယ်။ ဆေးမှူးကကြည့်ပြီး မူဆယ်ဆေးရုံပို့ခိုင်းလို့ အခုမူ ဆယ်ဆေးရုံမှာ။”

သားဖြစ်သူဟာ နောက်စေ့၊ ဘယ်ဘက်လက်၊ ညာဘက်လက်၊ ပေါင်နဲ့ ညို့သကျည်းတွေမှာ ဒဏ်ရာရခဲ့ပြီး အသားထဲနစ်ဝင်နေတဲ့  ကျည်အပိုင်းအစတွေကို ဆေးရုံက ခွဲထုတ်ပေးခဲ့ကာ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ သူက ဆက်ပြောပါတယ်။

ဖခင်ဖြစ်သူ ခိင်းမောက်ခမ်းကလည်း ပစ်ခတ်သူတွေကို စစ်ဆေးအရေးယူ ပေးစေချင်ပေမယ့် သားဖြစ်သူ ကျန်းမာရေးအရေးကြီးနေချိန်ဖြစ်လို့  ဘယ်ကိုမှ တရားဝင်အမှုဖွင့်တိုင်တန်းထားတာ မရှိသေးဘူးလို့ ပြောပါတယ်။

“အမှန်က သူတို့မေးစရာရှိရင် အေးအေးဆေးဆေးခေါ်မေးလို့ရပါတယ်။ ကျနော်တို့အိမ်လည်း အဲဒီနေရာနဲ့ မဝေးဘူး။ အခုလိုပစ်တာတော့ မကောင်းဘူးပေါ့။ မနေ့ညက မူဆယ်ရဲစခန်းကလည်း လာကြည့်သွားတယ်။ ဒီနေ့လည်း စစ်တပ်က ဗိုလ်ကြီး ၂ ယောက်၊ ၃ ယောက် လာကြည့်သွားတယ်။ သတင်းမေးတယ်။ ကျနော်က ပစ်တဲ့လူသိလားလို့မေးတော့ သူတို့လည်း မသိဘူးတဲ့၊ တခြားလည်း ဘာမှမပြောဘူး။”

လူနာကို သွားကြည့်ခဲ့တဲ့ ဒေသခံ စိုင်းဟင်လိတ်ကလည်း စိုင်းလိုင်းပန်က ဆိုင်ကယ်စီးလာတာ စစ်တပ်က ဓာတ်မီးနဲ့ထိုးပြီး ရပ်ခိုင်းကြောင်း၊ သူက မရပ်ဘဲ ဆက်မောင်းတော့ အပစ်ခံရတာလို့ ပြောပါတယ်။

အဲဒီနားတ၀ိုက်မှာ တပ်မ ၈၈ လက်အောက်ခံ အစိုးရတပ်က လှုပ်ရှားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီပစ်ခတ်မှုနဲ့ ပတ်သက်ပြီး  မူဆယ်မြို့မရဲစခန်းကို ဒီဗွီဘီက မေးမြန်းခဲ့ပေမယ့် အကျိုး အကြောင်း ပြန်လည်ဖြေကြားခြင်းမရှိသလို စစ်တပ်ဘက်ကိုလည်း ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိပါဘူး။

[gallery ids="93042,93043,93044"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013