DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံကာကွယ်စောင့်ရှောက်ရေး ဥပဒေ အမြန်တင်ရန် သူရဦးရွှေမန်းတိုက်တွန်း
DVB
·
May 14, 2015
၂၀၀၈ ဖွဲ့စည်းပုံကာကွယ်စောင့်ရှောက်ရေး ဥပဒေ အမြန်တင်ရန် သူရဦးရွှေမန်းတိုက်တွန်း
1 / 3
Donate to DVB

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကို သက်ဆိုင်ရာ အစိုးရ၀န်ကြီးဌာနအနေနဲ့ လွှတ်တော်ထံ အမြန်ဆုံးတင်သွင်းဖို့ လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက  လွှတ်တော်မှာ ဒီကနေ့ အဆိုတင်တိုက်တွန်းလိုက်ပါတယ်။

မေလ ၁၄ ရက် ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ သင်္ဃန်းကျွန်းအမတ် ဦးသိန်းညွန့်က ၁၉၅၉ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကို ရုပ်သိမ်းသည့် ဥပဒေကြမ်းတင်သွင်းလာမှုအပေါ် ဆက်စပ်ပြီး လွှတ်တော်ဥက္ကဋ္ဌက အဆိုတင်သွင်းခဲ့တာပါ။

သူရဦးရွှေမန်းက “ကျနော်တင်ပြလိုတဲ့ အဆိုပြုချက်ကတော့ ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး အက်ဥပဒေကို ရုပ်သိမ်းနိုင်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေကို လွှတ်တော်သို့ သက်ဆိုင်ရာ ၀န်ကြီးဌာန၊ ပြည်ထောင်စုအစိုးရအား အမြန်ဆုံး တင်သွင်းရန် တိုက်တွန်းကြောင်း အဆိုဖြစ်ပါတယ်”လို့ လွှတ်တော်မှာ ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်သည့် ဥပဒေကြမ်းနဲ့ပတ်သက်ပြီး ပြည်ထောင်စုရှေ့နေချုပ်ရုံး ဒုတိယရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဒီဥပဒေကြမ်းကို ပြည်ထဲရေးဝန်ကြီးဌာနက မူကြမ်းရေးဆွဲပြီး ရှေ့နေချုပ်ရုံးအနေနဲ့လည်း အကြံ ပြုထားပြီးဖြစ်တယ်လို့ ဖြေကြားသွားပါတယ်။

“လက်ရှိ ပြည်ထဲရေးဝန်ကြီးဌာနက ဒီဖွဲ့စည်းပုံအခြေခံဥပဒေ ကာကွယ်စောင့်ရှောက်ရေး ဥပဒေမူကြမ်းကို ရေးဆွဲပြီးတော့ တင်ပြခဲ့ပါတယ်။ အဲဒီမူကြမ်းအပေါ်မှာ ကျနော်တို့လည်း  ဧပြီ ၂၄ ရက်နေ့က ဥပဒေအကြံပေးပြန်ထားပြီးထားဖြစ်ပါတယ်။ ၁၉၅၉ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေပေါ်မှာပဲ အခြေခံပြီးတော့ ခေတ်နဲ့ညီအောင် အသုံးအနှုန်းများ ပြန်လည်ပြုပြင်ရေးဆွဲထားပြီးတော့  တခါတည်းပဲ အဲဒီဥပဒေမှာ   ၁၉၅၉ ခုနှစ် ဥပဒေကိုလည်း ရုပ်သိမ်းသွားမှာဖြစ်ကြောင်း တင်ပြထားပါတယ်။ ဒီဥပဒေကို အမြန်ဆုံးတင်သွင်းနိုင်ရေး သက်ဆိုင်ရာဝန်ကြီးဌာနကလည်း ဆက်လက်ဆောင်ရွက်သွားဖို့၊ ကျနော်တို့လည်း ဆောင်ရွက်သွားမယ်လို့ တင်ပြအပ်ပါတယ်။”

၁၉၅၉ ဖွဲ့စည်းပုံကာကွယ်တဲ့ ဥပဒေဖျက်သိမ်းဖို့ အဆိုတင်သွင်းခဲ့တဲ့ သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်က ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေရေးဆွဲဖို့ ဆိုလိုတာလို့ ပြောပါတယ်။

“သူရဦးရွှေမန်း ပြောတဲ့ထဲပါတယ်။ အဲ့ဒီမှာ ကျနော်နားလည်တဲ့အတိုင်းပြောရင်တော့ ဒီဥပဒေနဲ့ပတ်သက်ရင် ခေတ်ကာလနဲ့ လိုက်လျောညီထွေရှိတဲ့ စကားရပ် အသုံးအနှုန်းပြင်ဆင်ပြီး ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မယ့် ဥပဒေဖြစ်မှာပေါ့ဗျာ။ အဲ့ဒါကို လွှတ်တော်တင်သွင်းပြီးမှသာ ကျနော့်ရဲ့ ရုပ်သိမ်းသင့်တယ်ဆိုတဲ့အချက်ကို ဆက်လက်ဆောင်ရွက်သင့်တယ်ဆိုတဲ့ သဘောမျိုး ကျတယ်လို့ပဲ ယူဆပါတယ်။”

လွှတ်တော်ဥက္ကဋ္ဌကတော့ တိုင်းပြည်ကို အမှန်တကယ်ပြုပြင်ပြောင်းလဲစေချင်တယ်ဆိုရင် အမြဲတမ်း မူဝါဒကြီးအတိုင်းပဲ ဆောင်ရွက်လို့မရပဲ အချိန်အခါနဲ့လိုက်လျောညီထွေဖြစ်အောင် ဆုံးဖြတ်ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောဆိုသွားပါတယ်။

[gallery ids="93027,93028,93029"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013