DVB Logo
Home
မြန်မာသတင်း
စစ်ရေးမငြိမ်သက်ဖြစ်နေသည့် မတ္တရာမြို့နယ်၌ တောင်ပြုံးပွဲလုပ်မည်ကို ဒေသခံများ စိုးရိမ်
သီရိ
·
July 21, 2026
Photo: DVB
Photo: DVB
Donate to DVB

တောင်ပြုံးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမယ်လို့ နိုင်ငံပိုင်သတင်းစာတွေကနေ ကြေညာခဲ့ပေမဲ့ တိုက်ပွဲနဲ့နီးတဲ့ မတ္တရာမြို့ဝန်းကျင်မှာ ပွဲတော်ကြီးလုပ်မှာကို ဒေသခံတွေအကြား စိုးရိမ်နေပါတယ်။

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာက အနော်ရထာမင်းကြီး တည်ထားကိုးကွယ်ခဲ့တဲ့ သမိုင်းဝင် တောင်ပြုံး ဆုတောင်းပြည့်-ဆုတောင်းရ မြတ်စွာဘုရား ဗုဒ္ဓပူဇနိယ ဆွမ်းတော်ကြီး လောင်းလှူပွဲနဲ့ တောင်ပြုံးအရှင်နှစ်ပါးပွဲတော်ကို ဝါခေါင်လဆန်းပိုင်းကနေ ဝါခေါင်လပြည့်နေ့အထိ နှစ်စဉ် ကျင်းပခဲ့တာ ဖြစ်ပါတယ်။

ဒီနှစ်မှာလည်း တောင်ပြုံးပွဲတော်ကို ဩဂုတ် ၂၁ ရက် ဝါခေါင်လဆန်း ၈ ရက်ကနေ ဝါခေါင်လပြည့်နေ့ ဩဂုတ် ၂၈ ရက်အထိ ၇ ရက်တိုင်တိုင် ကျင်းပသွားမယ်လို့ စစ်အာဏာရှင်အစိုးရ လက်အောက်ခံ သတင်းစာတွေကနေ ကြေညာခဲ့ပါတယ်။

ဒီနှစ်မှာလည်း နယ်မြေဒေသအခြေအနေ အေးချမ်းတည်ငြိမ်နေတဲ့အတွက် တောင်ပြုံးပွဲ ဘုရားဖူး တိုင်းရင်းသားပြည်သူတွေ၊ ရိုးရာဓလေ့ကိုးကွယ်သူတွေ၊ လာရောက်ရောင်းချကြမဲ့ ဈေးသူ/ဈေးသားတွေ စိတ်အေးချမ်းသာစွာနဲ့ လာရောက်နိုင်တယ်လို့ ကြေညာချက်ထဲမှာ ပါရှိပါတယ်။‌

ဒါပေမဲ့ ဇူလိုင်လဆန်းလောက်က မတ္တရာဝန်းကျင်မှာ ပြောက်ကျားတိုက်ပွဲတွေ ဖြစ်ထားတဲ့အတွက် ဒေသခံတွေကတော့ စိုးရိမ်နေကြပါတယ်။ 

ဒေသခံတယောက်က “သတင်းစာထဲမှာပါ ထည့်ကြေညာပြီဆိုတော့ ဆိုင်တွေကတော့ ထိုက်သလောက် ဖွင့်ခွင့်ရမှာပဲ။ ရောင်းတဲ့ ၁၂ ပွဲဈေးသည်တွေ ဘယ်လောက်လာမလဲနဲ့ ပွဲကို ဘယ်လောက်အထိ ခွင့်ပြုပေးမလဲ ဆိုတာတော့ ဂေါပကတွေက မသိရသေးဘူး။ ပွဲဖြစ်မြောက်ကြောင်းနဲ့ အစဉ်အလာမပျက် မလုပ်ဘူးဆိုတာ မဖြစ်ရလေအောင် သူတို့အလှည့်ကျမှ မလုပ်ဘူးဆိုတာ မဖြစ်ရလေအောင် လုပ်ပေးတဲ့သဘောလည်း ပါတယ်။ မတ္တရာနဲ့ မလှမ်းမကမ်းမှာကို တိုက်ပွဲတွေက ဆက်တိုက်ပြန်ဖြစ်လာတာဆိုတော့ အရင်လို တပြည်လုံးစာ ပွဲကြီးကတော့ မဖြစ်နိုင်တော့ဘူး။ ပွဲက အကြီးအကျယ် စီစဉ်ပြီးရင် ပွဲအရှိန်ထိန်းနိုင်မလား ဆိုတာကတော့ စိုးရိမ်စရာပေါ့” လို့ ပြောပါတယ်။ 

စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတလုပ်ပြီး နောက်ပိုင်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းနေကြောင်း နိုင်ငံတကာကို ပြချင်တဲ့အတွက် အခုလို တောင်ပြုံးပွဲကို စည်ကားအောင် ကျင်းပဖို့ ပြင်ဆင်နေတာလို့ မြို့ခံတချို့က သုံးသပ်နေကြပါတယ်။

တော်လှန်ရေးတပ်တွေ တနှစ်ကျော်ကြာ ထိန်းချုပ်နိုင်ခဲ့တဲ့ မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့တွေကို စစ်အာဏာရှင်တပ်တွေ ပြန်ထိန်းချုပ်ပြီးနောက်ပိုင်း အခု ဇူလိုင်လလောက်မှာ အဲဒီဝန်းကျင်မှာ တိုက်ပွဲတချို့ ဖြစ်ပွားခဲ့ပါတယ်။

စစ်အာဏာရှင်အစိုးရက တောင်ပြုံးပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပမယ်လို့ ကြေညာခဲ့ပေမဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံတပ်ဖွဲ့တွေကတော့ ဧရာဝတီမြစ်အရှေ့ဘက် မြစ်ကမ်းဘေး မန္တလေးတိုင်း မတ္တရာ၊ စဉ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်အနီးမှာ ပြီးခဲ့တဲ့ ဇွန်လကုန်ကစပြီး စစ်ရေးလှုပ်ရှားမှုတွေ ပြန်လည်လုပ်ဆောင်နေပါတယ်။

အဲဒီလို စစ်ရေးလှုပ်ရှားမှုတွေ ပြန်လုပ်လာတဲ့အတွက် မတ္တရာမြို့နယ် တောင်ပြုံးကျေးရွာနဲ့ ၆ မိုင်အကွာအထိ တိုက်ပွဲတွေ ရောက်ရှိလာပြီလို့ မတ္တရာမြို့ခံတွေက ပြောပါတယ်။

စစ်အာဏာရှင်အစိုးရက တောင်ပြုံးပွဲကျင်းပဖို့ ကြေညာထားတဲ့ မတ္တရာမြို့နယ်ဟာ သူတို့ အပြည့်အဝ ထိန်းချုပ်ထားတဲ့ဒေသဖြစ်လို့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာတွေ ရှိတယ်လို့ မတ္တရာအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။

ဒါကြောင့် စစ်အာဏာရှင်တပ်က သူတို့စိုးမိုးတဲ့ နယ်မြေမှာ ပြည်သူတွေ အေးချမ်းစွာ နေထိုင်နိုင်ကြောင်း သက်သေပြဖို့ ဒီပွဲကို ကျင်းပမှာဖြစ်ပြီး နောက်ကွယ်မှာလည်း လူငယ်တွေကို ပေါ်တာဆွဲ ဖမ်းဆီးမှုတွေ ဖြစ်လာနိုင်တယ်လို့ မတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။ 

“မဖြစ်မနေ သူတို့ကတော့ ဒီပျော်ပွဲရွှင်ပွဲတွေကို လုပ်မှာပဲဗျ။ ဘာဖြစ်လို့လဲဆိုတော့ ရှေ့တန်းစစ်မျက်နှာပြင်နဲ့ နီးတဲ့နေရာတွေတောင်မှ သူတို့က ဘောလုံးပွဲတွေ၊ ဘုရားပွဲတွေ၊ အလှူပွဲတွေ၊ မင်္ဂလာပွဲတွေကို ပျော်ပျော်ရွှင်ရွှင် ကျင်းပပေးနေတာတွေ ရှိတယ်။ အဲ့ထဲကမှ သူတို့က စစ်မှုထမ်းဖို့ လူဦးရေစာရင်းတွေ တိတ်တိတ်ပုန်း ကောက်ယူသွားတာတွေ ရှိတယ်။ မဖြစ်မနေ ပေါ်တာဆွဲတာတွေ ရှိနေပါတယ်ဗျ။ ဒါကြောင့် စစ်ကောင်စီကလုပ်တဲ့ ပျော်ပွဲရွှင်ပွဲတွေကို မသွားကြဖို့ မေတ္တာရပ်ခံပါတယ်။”

၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၇ ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးကြီး စတင်ခဲ့ပြီးနောက်ပိုင်း မန္တလေးတိုင်းထဲကို တိုက်ပွဲတွေ ကူးစက်လာတဲ့အတွက် ၂၀၂၄ ခုနှစ်နဲ့ ၂၀၂၅ ခုနှစ်တွေမှာ တောင်ပြုံးပွဲကို စည်စည်ကားကား မလုပ်နိုင်ဘဲ ရိုးရာ အစဉ်အလာမပြတ်ရေး အတွက်သာ အကျဉ်းချုံး ကျင်းပခဲ့ရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ 

သီရိ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013