DVB Logo
Home
မြန်မာသတင်း
ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း မဟာဘွဲ့သင်တန်းသားများ စတင်ဖိတ်ခေါ်
DVB
·
May 14, 2015
ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း မဟာဘွဲ့သင်တန်းသားများ စတင်ဖိတ်ခေါ်
1 / 2
Donate to DVB

ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းက နိုင်ငံရေး မဟာသိပ္ပံဘွဲ့ တနှစ်သင်တန်းကို မကြာခင် စတင်ဖွင့်လှစ်တော့မှာဖြစ်တဲ့အတွက် သင်တန်းသားတွေကို ပထမဆုံးအကြိမ် ဖိတ်ခေါ် လိုက်ပါတယ်။

သြဂုတ်လ စတင်ဖွင့်လှစ်မယ့်  MSc Comparative Politics သင်တန်းအတွက် သင်တန်း သားတွေခေါ်ယူတာဖြစ်ပြီး နိုင်ငံရေး၊ အစိုးရ၊  ဒီမိုကရေစီရေးရာ၊ ဈေးကွက်နဲ့ နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေအကြောင်းသင်ကြားပို့ချပေးမှာပါ။

သင်တန်းဖွင့်ရတဲ့ အဓိကအကြောင်းရင်းနဲ့ပတ်သက်ပြီး ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်း ဥက္ကဋ္ဌ  ဦးမြတ်သူက “ရှင်းရှင်းပြောရရင် ဒီဘာသာရပ်က အစိုးရက တချို့ဟာတွေဆိုရင် မသိစေချင်ဘူး။ ဥပမာ ဖက်ဒရယ် စနစ်လိုဟာမျိုးလုံးဝမသိစေချင်ဘူး။   နှစ်ပေါင်း ၅၀ လောက်ပိတ်ဆို့ထားတဲ့ဟာကို ကျနော်တို့က မရဘူးသင်ခွင့်ရှိတယ်ဆိုပြီးတော့ ကြိုးစားပြီးတော့ သင်တာ။ ကျောင်းစထောင်တာကိုက အဲဒီရည်ရွယ်ချက်နဲ့ ထောင်တာ။ ဒီလို အသိပညာတွေကို ရပိုင်ခွင့်ရှိတယ်ဆိုတဲ့ အနေအထားနဲ့ လုပ်တာ။  နောက်တခုကလည်း ကမ္ဘာမှာရှိတဲ့ အဆင့် အတန်းမြင့်ပညာရေးတွေကို ကျနော်တို့သာမန်ပြည်သူတွေ ဒါမှမဟုတ် စိတ်ဝင်စားတဲ့ ကျောင်းသားတွေ အတွက် အခွင့်အလန်း ဗမာပြည်ထဲမှာ တင်ရနိုင်အောင်လို့ ကျနော်တို့ ကြိုးစားပေးတဲ့ သဘောပါ” လို့ပြောပါတယ်။

လျှောက်ထားသူဟာ ဘွဲ့တခုခုရသူ၊ အင်္ဂလိပ်စာ ကျွမ်းကျင် အဆင့်ရှိသူ၊ သင်တန်းမပျက်မကွက် တက်ရောက်နိုင်သူဖြစ်ဖို့ လိုအပ်ပါတာဖြစ်ပြီး သင်ကြားပေးမယ့် ဘာသာရပ်တွေထဲမှာ  Introduction to Comparative Politics၊ Comparative Government ၊   Democracy and Democratization၊  Democratization in South East Asia၊ Markets and States နဲ့  International Financial Institutions. ဆိုပြီး ဘာသာရပ် ၆ ခုရှိပါတယ်။

သင်တန်းကြေးကိုတော့ ၁ နှစ်စာ ကျပ် ၆ သိန်းသတ်မှတ်ထားပေမယ့် ကျောင်းသား အားလုံးနီးပါး ပညာသင်ဆုနဲ့ သင်တန်းကြေး ကင်းလွတ်ခွင့် ရအောင် ကူညီပေးမယ့် အပြင်  မြန်မာပြည်အနှံ တိုင်းရင်းသားဒေသတွေနဲ့ နယ်တွေက လာရောက်မယ့် သင်တန်းသားတွေကို လည်း နေစရာ စီစဉ်ပေးမယ်လို့ ပြောပါတယ်။

ကျောင်းသင်ခန်းစာတွေကိုတော့ နိုင်ငံတကာ တက္ကသိုလ်တွေက ပါမောက္ခတွေက သင်ကြားပေးမှာဖြစ်ပြီး သင်ရိုးညွှန်းတန်းကိုလည်း စိတ်ကြိုက်သင်ကြားဖို့ ပညာရေး လွတ်လပ်ခွင့်  အပြည့်အ၀ပေးထားတယ်လို့  ဦးမြတ်သူကပြောပါတယ်။

“ကျနော်တို့ပြည်တွင်းကနေ ဗမာတွေ ဒါကိုလုပ်နိုင်တယ်ဆိုတဲ့ဟာကို စကြိုးစားမှုတခုပဲဗျ။ ကျနော်တို့ ဒါတွေလုပ်နိုင်တယ်၊ တက္ကသိုလ်ပညာရေးကို လုပ်နိုင်စွမ်းရည်ရှိတယ်ဆိုတာ ပြတဲ့သဘောပါ။  ရေရှည်မှာလည်း နောက်ထပ် အဆင်ပြေရင်လည်း နောက်ထပ် ဘာသာရပ်တွေ ကျနော်တို့ချဲ့ဦးမှာ၊ ကျနော်တို့ အရည်အသွေးကို လုံးဝနှိမ့်မှာမဟုတ်ဘူး။ နိုင်ငံ တကာအဆင့်အတန်းနဲ့မီအောင်ထားမှာ။”

သင်တန်းလျှောက်လွှာပုံစံတွေကိုတော့ ရန်ကုန်နိုင်ငံရေးသိပ္ပံကျောင်းကို  ဇွန်လ ၈  ရက်နေ့ နောက်ဆုံးထားလာရောက်လျှောက်နိုင်သလို [email protected] ကိုပေးပို့  လျှောက်ထားနိုင်ပါတယ်။

ပဏာမ ရွေးချယ်ခံရသူတွေကို ဇွန်လ ဒုတိယပတ်ကြေညာမှာဖြစ်ပြီး အင်္ဂလိပ်စာနဲ့  လူတွေ့ အရည်အချင်းစစ် စာမေးပွဲတွေဖြေဆိုရမှာပါ။ ဖြေဆို အောင်မြင်သူတွေထဲက အများဆုံး ၂၅ ဦးရွေးချယ်ပြီး မွန်းမံသင်းတန်းတွေ တလကြာပို့ချပြီးရင်တော့  သြဂုတ်လက စတင်သင်တန်းတက်ရောက်ရမှာပါ။

ရန်ကုန်နိင်ငံရေးသိပ္ပံကျောင်းကို   ပုဇွန်တောင်မြို့နယ်  ၅၁ လမ်း အလယ်မှာ  ၂၀၁၁ ခုနှစ်က စတင်ဖွင့်လှစ်ထားပြီး  ဒီပလိုမာ သင်တန်းတွေအပါအ၀င် သင်တန်းသား ၁၀၀၀ နီးပါး ကို နိုင်ငံရေးသိပ္ပံဘာသာရပ်တွေ ပို့ချပေးခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံရေးသိပ္ပံဘွဲ့သင်တန်းကို ရန်ကုန်တက္ကသိုလ်မှာလည်း နိုင်ငံတကာ ဆက်ဆံရေးဌာနက ဖွင့်လှစ်သင်ကြားပေးနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013