DVB Logo
Home
မြန်မာသတင်း
အင်ဒိုရောက် မြန်မာလှေလုပ်သားများ စင်းလုံးငှားလေယာဉ်ဖြင့် ယနေ့ပြန်ရောက်မည်
DVB
·
May 14, 2015
အင်ဒိုရောက် မြန်မာလှေလုပ်သားများ စင်းလုံးငှားလေယာဉ်ဖြင့် ယနေ့ပြန်ရောက်မည်
Donate to DVB

အင်ဒိုနီးရှားနိုင်ငံ ကျွန်းတွေပေါ်ရောက်  မြန်မာ ငါးဖမ်းလှေလုပ်သား ၅၀၀ လောက်ထဲက ပထမအသုတ်အဖြစ် ၁၂၃ ဦးကို အစိုးရက စင်းလုံးငှားလေယာဉ်နဲ့ ဒီနေ့ ပြန်လည်ခေါ်ယူလိုက်ပါတယ်။

ဒီကနေ့ မွန်းလွဲပိုင်း အင်ဒိုနီးရှားနိုင်ငံ အမ်ဘွန်မြို ကနေ ထွက်ခွာလာမှာဖြစ်ပြီး ရန်ကုန်လေဆိပ်ကို ညပိုင်းလောက်ရောက်မယ်လို့  ဂျာကာတာ အခြေစိုက် အင်ဒီုနီးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး  ဒု-အကြီးအကဲ သံမှူးဦးကျော်စိုးသိန်းက  ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့ပြန်ပို့ဖြစ်ပါတယ်။ ၁၁ ခွဲလောက်မှ အမ်ဘွန်မှာဆုံကြမယ်၊ ညနေ ၃ နာရီ ၄ နာရီလောက်ထွက်မယ်၊ မြန်မာနိုင်ငံကို ၇ နာရီလောက် ရောက်မယ်ထင်တယ်။ သူတို့ကို မြန်မြန်ပို့နိုင်လေ သူတို့အတွက်ကတော့ မိသားစုနဲ့ ပြန်ဆုံရတာပေါ့။ ကျနော်တို့အတွက်တော့ ကုသိုလ်ရတယ်လို့ မှတ်ပါတယ်၊ ကိုယ့်နိုင်ငံသားတွေအတွက် လုပ်ပေးရတာဆိုတော့။”

တူရယ်ကျွန်းရောက် မြန်မာရေလုပ်သား ၃၀၀ လောက်နဲ့ ဘန်ဂျီနာကျွန်းက  မြန်မာရေလုပ်သား ၂၀၀ နီးပါး စုစုပေါင်း ၅၀၀ လောက်ကို မေ ၁၄ ရက် တကြိမ်၊ မေ ၁၈ ရက် တကြိမ်နဲ့ မေ ၂၂ရက်နေ့မှာ နောက်ဆုံး အသုတ်အဖြစ် ခေါ်ယူဖို့ စီစဉ်ထားပါတယ်။

ကျွန်းတွေပေါ်မှာ လေယာဉ်တိုက်ရိုက်ဆင်းလို့ မရတဲ့အတွက် အင်ဒိုနီးရှား  ပြည်တွင်းလေကြောင်းက လေယာဉ်ငယ်တွေနဲ့တဆင့်ဆင့် ခွဲပြီး မြန်မာအလုပ်သမားတွေကို သယ်ယူနေရတာလို့ မြန်မာသံမှူး ဦးကျော်စိုးသိန်းက ပြောပါတယ်။

“ကျနော်တို့က အခုသူတို့ ရောက်နေတဲ့ တူရယ်ကျွန်း ရောက်နေတဲ့နေရာကို လေယာဉ်က တိုက်ရိုက်ဆင်းလို့မရဘူး၊ ကွင်းလေးက သေးသေးလေး ဖြစ်တော့ ကွင်းကြီးတဲ့နေရာမှာ လေယာဉ်ဆင်းပေးတယ်၊ သူတို့ ပြည်တွင်းလေကြောင်း လေယာဉ်အသေးလေးတွေနဲ့ ဒီဘက်ကိုပို့ပေးတယ်၊ တိုက်ရိုက်ဆင်းလို့ရရင်တော့ နေ့တိုင်းသယ်သွားလို့ရတာပေါ့။ အခုက တဆင့်သယ်ရတော့ ဟိုဘက်က ပြည်တွင်းလေယာဉ်က လေယာဉ် ထိုင်ခုံနေရာ ရတဲ့အပေါ်မှာ မူတည်ပြီး သယ်ရတယ်။”

ပြီးခဲ့တဲ့ မေလ ၉ ရက်နေ့ကတော့ ဂျာကာတာမြို့က ကယ်ဆယ်ရေးစခန်းမှာ ထိန်းသိမ်းခံထားရတဲ့   မြန်မာ ရေလုပ်သား ၁၃ ဦးကို  အစိုးရက မြန်မာပြည်  ပြန်ပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံက ရေလုပ်သားတွေဟာ ထိုင်းငါးဖမ်းလှေတွေပေါ်မှာ အလုပ်လုပ်ကိုင်ရင်း အင်ဒိုနီးရှားနိုင်ငံက ကျွန်းတွေမှာရောက်ရှိကာ အိမ်မပြန်နိုင်ပဲ နှစ်ပေါင်းများစွာ သောင်တင်နေကြတာဖြစ်ပြီး တချို့က လူကုန်ကူး ရောင်းစားခံရတာရှိသလို တချို့ကတော့ ကိုယ့်သဘောနဲ့ကိုယ် လှေလိုက်ခဲ့ကြသူတွေဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013