
အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ရဲ့ ရေတပ်က ဘယ်နေရာမှန်း မသိတဲ့နေရာမှာ ဖမ်းဆီး ရမိထားတဲ့ အမေရိကန် လူမဲ့ ရေငုပ်သင်္ဘောတစင်းကို အီရန်မီဒီယာကနေ စက်တင်ဘာ ၈ ရက်က ထုတ်လွှင့်ခဲ့တဲ့ ဗီဒီယိုထဲမှာ ပြထားပါတယ်။
ရေငုပ်သင်္ဘောရဲ့ တည်နေရာနဲ့ ရက်စွဲကို အတည်မပြုနိုင်ပါဘူး။ ဗီဒီယိုရဲ့ ပထမပိုင်းမှာ မြင်ရတဲ့ လူမဲ့ ရေအောက်ယာဉ်ဟာ Dive-LD ရေငုပ်သင်္ဘောမော်ဒယ်ရဲ့ မော်ကွန်းတိုက်ပုံရိပ်နဲ့ ကိုက်ညီ နေပါတယ်။
စက်တင်ဘာ ၈ ရက် မတိုင်မီ အွန်လိုင်းမှာ တင်ထားတဲ့ ဗီဒီယိုရဲ့ ဗားရှင်းဟောင်းကိုတော့ မတွေ့ရပါဘူး။
ဗီဒီယိုထဲမှာ ရေငုပ်သင်္ဘောက ဟော်မုဇ်ရေလက်ကြား ဝင်ပေါက်ကို ဝင်လာခဲ့လို့ ကြားဖြတ် ဟန့်တားခဲ့တယ်လို့ စွပ်စွဲထားပါတယ်။
အမေရိကန်အစိုးရကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ ချက်ချင်း အတည်မပြုသေးပါဘူး။
အမေရိကန် ရေတပ်စစ်သင်္ဘောတစင်းကို ဒုံးကျည်နဲ့ တိုက်ခိုက်ဖို့ ကြိုးပမ်းမှုအပြီး စက်တင်ဘာ ၈ ရက်မှာ အမေရိကန်တပ်တွေက အီရန်ရေနံစိမ်းတင်သင်္ဘောငါးစင်းကို ဖျက်ဆီးပစ်ခဲ့တယ်လို့ အမေရိကန် အလယ်ပိုင်း စစ်တိုင်းကွပ်ကဲရေးဌာနက ပြောပါတယ်။
အမေရိကန်စစ်သင်္ဘောတွေကို တိုက်ခိုက်ဖို့ ကြိုးပမ်းမှုအတွက် လက်စားချေတဲ့အနေနဲ့ အမေရိကန် က အီရန်ရေနံတင်သင်္ဘောတွေကို ဆက်ပြီး တိုက်ခိုက်သွားမယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုက အီရန်ကို စက်တင်ဘာ ၈ ရက်မှာ သတိပေးခဲ့ပါတယ်။
ကိုလံဘီယာနိုင်ငံကို သွားရောက်လည်ပတ်ချိန်မှာ ရူဘီအိုက သတင်းထောက်တွေကို ပြောခဲ့တာပါ။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ပ်က အခွန်ကောက်ခံမှုနဲ့ ကုန်သွယ်ရေး ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီး ကိုလံဘီယာနဲ့ သဘောတူညီချက်ရဖို့ ဆန္ဒရှိတယ်လို့ ပြောခဲ့ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ မကြာမီ သတင်းကောင်း ရှိလာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း သူက ပြောခဲ့ပါတယ်။
အင်္ဂါနေ့မှာ ရူဘီအိုဟာ သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရနဲ့ နီးနီးကပ်ကပ် ဆက်နွှယ်နေတဲ့ လက်တင် အမေရိက နိုင်ငံသုံးနိုင်ငံဖြစ်တဲ့ ကိုလံဘီယာ၊ ပီရူးနဲ့ အီကွေဒေါနိုင်ငံတွေဆီ ခရီးစဉ်ကို စတင်ခဲ့ ပါတယ်။
Source: Reuters











