DVB Logo
Home
Lead Story
နာဂစ်မုန်တိုင်းဘေးကယ်ဆယ်ခဲ့သည့် နိုက်တင်ဂေးဆုရ မြန်မာသူနာပြုကို မေးမြန်းချက်
DVB
·
May 13, 2015
နာဂစ်မုန်တိုင်းဘေးကယ်ဆယ်ခဲ့သည့် နိုက်တင်ဂေးဆုရ မြန်မာသူနာပြုကို မေးမြန်းချက်
1 / 2
Donate to DVB

နာဂစ်မုန်တိုင်းအတွင်း ဟိုင်းကြီးကျွန်းဆေးရုံက လူနာတွေကို ကယ်ဆယ်လို့ ဖလော်ရင့် နိုက်တင်ဂေးဆုရတဲ့ အထက်တန်းသူနာပြု စနိုင်နိုင်ထွန်းနဲ့ ဆက်သွယ်မေးမြန်းချက်။

ဆရာက နာဂစ်တုန်းက ဆေးရုံပေါ်က လူနာတွေကို ကယ်တယ်ခဲ့တာကြောင့် အခု ဆုရတယ်လို့ သိရပါတယ်။ အဲ့ဒီတုန်းက အတွေ့အကြုံ ပြန်ပြောပြပါ။

“မေလ ၂ ရက်နေ့ မနက် ၁၀ နာရီလောက်ကနေ ၂ နာရီလောက် အတောအတွင်း လေတွေ တအားတိုက်ပြီး သစ်ပင်တွေလဲပြိုကျတယ်။ ဆေးရုံအမိုးတွေလည်း လန်ထွက်ကုန်ပြီး ရေတအားတက်လာတာပေါ့။ ရေကချက်ခြင်းတက်လာပြီး ဆေးရုံထဲဝင်လာတာပေါ့။ ထုတ်တန်းတချို့လည်း ပြုတ်ကျလာတော့ ကုတင်အောက်တွေမှာ ၀င်ပုန်းကြရတယ်။ နောက် ရေက တအားတက်လာတော့ လူနာတွေက ဆရာ ဘယ်လိုလုပ်ကြမလဲဆိုပြီး ကျနော့်နောက် လိုက်ကြတာပေါ့။ ကုတင်တွေဆင့်ပြီး တက်နေကြသေးတယ်။ ရေက တအားတက်လာတော့ ကုတင်ဆင့်တာလည်း မရတော့ဘူး။ ဒါနဲ့ ကျန်နေသေးတဲ့ ထုတ်တန်းတွေပေါ် တွန်းတင်ကြရ တာပေါ့။ ဆေးရုံက မျက်နှာကြက်လည်း မရှိတော့ဘူး။ အမိုးလည်း မရှိတော့ဘူး၊ ထုတ်တန်းပေါ့၊ အဲ့ဒီမှာ လူနာစောင့်တယောက်၊ ကျနော့်လိုပဲ မေးလ်နာ့စ်တယောက်၊ ဆရာတယောက်ရှိတယ်။ အဲ့ဒါ အားလုံးဝိုင်းပြီး ထိမိထိရာ တွန်းတင်ကြရတာပဲ။ အောက်မှာ နေရင်လည်း အကုန်လုံးရေထဲနစ် ပါသွားပြီး သေကုန်ကြမှာဆိုတော့ အကုန်လုံး ဒီလိုပဲ အပေါ်ရောက်နေတဲ့သူက ဆွဲတင်၊ အောက်ကလူက တွန်းတင်လုပ်ကြရတာပါ။ ၁ နာရီလောက်ကစပြီး ထုတ်တန်းပေါ်နေခဲ့ကြရတာ ညနေ ၆ နာရီလောက်ထိ ၅ နာရီလောက် နေခဲ့ကြရတယ်။ ထုတ်တန်းပေါ်နေနေကြရတုန်း မိုးတအားရိုက်တော့ အသားတွေနာတယ်။ တချို့တွေ အသားတွေပဲ့ပြီး ဆေးပြန်ကုရတယ်။”

အဲ့ဒီလိုဖြစ်နေတုန်း ဆရာ ထူးထူးခြားခြား ကုသပေးခဲ့ရတာ ရှိလား။

“ဟုတ်ကဲ့။ အဲ့ဒီနေ့ မနက်က ဆေးရုံမှာ ကလေး ၂ ယောက်မွေးတယ်။ သူ့မိခင်ရော ကလေးတွေပါ ထုတ်တန်းပေါ်တင်လိုက်တယ်။ တင်ပြီး ကျနော်ကတံခါးဘောင်ပေါ် တက်နေတာ၊ ဆွဲတင်စရာရှိ ဆွဲတင်ရအောင်ဆိုပြီး တက်နေတာ၊ ရေနဲနဲကျတော့ ရင်ခေါင်း လောက်ရှိတော့ ကျနော်က ကလေးတွေအခြေအနေလှမ်းမေးတယ်။ အမရေ အမကလေးတွေ ဘယ်လိုနေလဲ မေးကြည့်တော့ ကလေးက အသက်မရှုတော့ဘူး။ ပြာနှမ်းပြီးတော့ ဖြစ်နေပြီ။ ဆရာလုပ်ပေးပါဦးဆိုပြီး ထုတ်တန်းပေါ်ကနေ ကျနော့်ဆီ ပစ်ချလိုက်တယ်။ ဘာပစ္စည်း ပစ္စယမှလဲ မရှိတော့ ကျနော့်နားနဲ့ပဲ ကလေးနှလုံးခုန်သံကို နားထောင်ပြီးတော့ ကလေးနှလုံးက တချက်ခြင်းပဲ ခုန်တော့ပြီး အသက်က မရှုတော့ဘူး။ ဒါနဲ့ ကျနော်တတ်တဲ့ သူနာပြုအတတ်နဲ့ပဲ မနည်းလုပ်ရတယ်။ ကလေးက အသံနည်းနည်းထွက်လာပြီး အသက်လည်း ပြန်ရှူလာတယ်။ နောက် ကလေးတယောက်လည်း အဲ့လိုပဲ ဖြစ်တယ်ဆိုပြီး ကျနော့်ဆီ ပစ်ချလိုက်တယ်။ ဒုတိယ ကလေးကျ ချွဲတွေနဲ့ အသက်မရှူနိုင်ဖြစ်နေတာ။ ကလေးဆိုတာ နူးညံ့တော့ ဘာရောဂါပိုးမှလည်း မရှိဘူးလေ။ ရောဂါပိုးရှိလည်း ကူးလည်းနေ မကူးလည်းနေဆိုပြီး ကျနော့်ပါးစပ်နဲ့ပဲ ချွဲတွေ ဆွဲထုတ်ပစ်ရတယ်။ အဲ့ဒီကလေး ၂ ယောက်စလုံး အသက်ရှင်ခဲ့တယ်။”

အဲ့ဒီကလေး ၂ယောက်စလုံး ခု ရှိသေးလား၊

Florence Nightingale“ကလေးတယောက်တော့ ရှိသေးတယ်။ သူက ၇ နှစ်ရှိပြီပေါ့။ တယောက်ကတော့ အသက် ၅ နှစ်မှာ သွေးလွန်တုပ်ကွေးဖြစ်ပြီး ဆုံးသွားတယ်။ အခု ရှိသေးတဲ့ကလေးကို သူ့မိဘတွေက နာဂစ်မောင်မောင်လို့ နာမည်ပေးထားတယ်။”

ဆရာပြောပုံဆို အဲ့ဒီတုန်းက ဆေးရုံမှာ တခြား သူနာပြုတယောက်၊ ဆရာတယောက် ရှိနေကြတယ်ဆိုတော့ အခုဆရာတယောက်ထဲကို ဆုပေးတာကျ ဘာကြောင့်လို့ ဆရာထင်လဲ။

“ကျနော်နဲ့ နောက်တယောက် ၂ ယောက်တင်တာဗျ။ ကျနော်ပဲရတာ။ ကျနော် ထင်တာပြောရရင် ကျနော်က ကိုယ့်ကိုယ်ကိုယ်လည်း သေပြီပဲ ထင်ခဲ့တာပါ။ နာဂစ်ဖြစ်ပြီး သေပြီထင်ခဲ့တာ မသေဘဲကျန်ခဲ့တယ်။ နောက် အဓိကကတော့ ကလေးလေး ၂ ယောက်ကို ဘယ်သူမှ အောက်မဆင်းရဲတဲ့အချိန်မှာ ကျနော်ပဲအောက်ဆင်းပြီး ကလေး ၂ ယောက်ကို ကယ်ဆယ်ပေးခဲ့တာ သူတို့လည်း အသက်ရှင်တယ်ဆိုတော့ အဲ့ဒီဟာကြောင့်ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။”

ဖလော်ရင့်နိုက်တင်ဂေးဆုရရှိတဲ့ ဧရာဝတီတိုင်း၊ ဟိုင်းကြီးကျွန်းဆေးရုံက အထက်တန်းသူနာပြု စနိုင်နိုင်ထွန်း ပြောပြခဲ့တဲ့ သူ့ရဲ့ နာဂစ်အတွေ့အကြုံ ဖြစ်ပါတယ်။

အဲဒီတုန်းက ဆေးရုံပေါ်မှာ လူနာ ၂၆ ယောက် ဆေးရုံတင် ကုသထားရတာ ဖြစ်ပါတယ်။

ဖလော်ရင့်နိုင်တင်ဂေးဆုရွေးချယ်နိုင်ဖို့ အချက်အလက်ပေးပို့တဲ့အခါ သက်ဆိုင်ရာအဖွဲ့အစည်း၊ အာဏာပိုင်တို့ရဲ့ထောက်ခံချက်တွေအပြင် ဖြစ်စဉ်ဖြစ်ပွားခဲ့တုန်းက ဖြစ်စဉ်မှာ ရှိနေခဲ့ကြတဲ့ သူတွေရဲ့ ထောက်ခံချက်တွေပါ ပူးတွဲတင်ပြရတယ်လို့ သိရပါတယ်။

စနိုင်နိုင်ထွန်းဟာ ဧရာဝတီတိုင်း၊ ပန်းတနော်မြို့နယ်၊ ရွာမ (၁)မှာနေထိုင်တဲ့  အဘ ဦးထွန်းမြင့်၊ အမိ ဒေါ်ဘုမတို့ရဲ့ သားသမီး ၈ ယောက်ထဲက ၅ ယောက်မြောက်သား လူပျိုလူလွတ် တယောက်ဖြစ်ပြီး လက်ရှိ ဟိုင်းကြီးကျွန်းမှာ အထက်တန်းသူနာပြုတယောက်အဖြစ် မူလရာထူးမှာပဲ  တာဝန်ထမ်းဆောင်နေတုန်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013