DVB Logo
Home
မြန်မာသတင်း
အောင်တံခွန်သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁ ဦးကို ၅ သိန်း လျော်ပေးမည်
DVB
·
May 13, 2015
အောင်တံခွန်သင်္ဘောနစ်မြုပ်မှု သေဆုံးသူ ၁ ဦးကို ၅ သိန်း လျော်ပေးမည်
Donate to DVB

ရခိုင်ကမ်းရိုးတန်းမှာ နစ်မြုပ်သွားတဲ့ အောင်တံခွန် ၃ ရေယာဉ်ပေါ်က အသက်ဆုံးရှုံးသွားသူတွေအတွက် လက်မှတ်ပေါ်မှာ ထားရှိတဲ့ အာမခံအရ တဦးကို ကျပ် ၅ သိန်းစီ ပေးလျော်မယ်လို့ ပို့ဆောင်ရေးဒုဝန်ကြီးက လွှတ်တော်မှာ ပြောဆိုလိုက်ပါတယ်။

ဒီကနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော် ပုံမှန်အစည်းအဝေးအတွင်း ရသေ့တောင်မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေရဲ့ ဟောင်းနွမ်းပြီး စံချိန်မပြည့်မီတဲ့ ရေယာဉ်တွေကို အစားထိုးရန် ရှိမရှိနဲ့ အောင်တံခွန် ရေယာဉ်နစ်မြုပ်မှု ဆောင်ရွက်နေမှုအခြေအနေတွေကို မေးမြန်းရာမှာ ပို့ဆောင်ရေးဒုဝန်ကြီးက အခုလို ဖြေကြားခဲ့တာပါ။

ပို့ဆောင်ရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ ဦးဟန်စိန်က “အသက်သေဆုံးမှု၊ ကုန်ပစ္စည်း ဆုံးရှုံးမှုများနှင့်ပတ်သက်၍ ကျနော်တို့က ခရီးသည်လက်မှတ်ပေါ်မှာသာ အာမခံထားတဲ့အတွက်ကြောင့်မို့ အာမခံကြေး ငွေ ၅ သိန်းကိုသာ လျော်ကြေးအဖြစ် ရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ လက်မှတ်အပေါ်မှာ အသက်အာမခံတို့၊ ကုန်ပစ္စည်းဆုံးရှုံးမှု အာမခံတို့ ထားခြင်းမရှိတဲ့အတွက်ကြောင့် ဒီဟာအတွက် လျော်ကြေးပေးရန် အစီစဉ်မရှိကြောင်း ဖြေကြားအပ်ပါတယ်” လို့ ပြောပါတယ်။

ဒုဝန်ကြီးရဲ့ ဖြေဆိုမှုနဲ့ပတ်သက်ပြီး မေးခွန်းရှင် ဒေါ်ခင်စောဝေက လက်မှတ်မပါတဲ့ သူတွေကို လျော်ကြေးမပေးဘူးဆိုတဲ့ သဘောသက်ရောက်နေကြောင်း၊ တကယ်တမ်း လက်မှတ်မပါတဲ့ လူတွေကိုလည်း အစိုးရ၀န်ထမ်းကပဲ လိုက်ပါခွင့်ပြုထားတာဖြစ်လို့ အစိုးရမှာ တာဝန်ရှိကြောင်း ပြောပါတယ်။

“ဒါတွေက မဖြစ်သင့်ဘူး၊ ဘာလို့လဲဆိုတော့ သူတို့အစိုးရ သင်္ဘောပဲဖြစ်တယ်။ တရားဝင်တင်ထားတဲ့ ကုန်ပစ္စည်းတွေဖိုးတော့ သူတို့ လျော်ကြေးငွေပေးရလိမ့်မယ်။ ဒါကြောင့် အန်တီတို့အနေနဲ့ လျော်ကြေးငွေ ရဖို့အတွက် တင်ပြဖို့ ရှိပါတယ်။”

စံချိန်မပြည့်မီတဲ့ ကမ်းရိုးတန်းသွားရေယာဉ်တွေ လဲဖို့အစီအစဉ်နဲ့ပတ်သက်ပြီးလည်း ဒုဝန်ကြီးက လဲလှယ်ဖို့အတွက် ဂျပန်နိုင်ငံကို အကူအညီတောင်းထားကြောင်းနဲ့ မြန်မာပြည်ကမ်းရိုးတန်း အနေအထားနဲ့လိုက်ဖက်တဲ့ သင်္ဘောအဟောင်းမရှိလို့ အသစ်တည်ဆောက်ပေးဖို့ ဂျပန်နိုင်ငံနဲ့ ညှိနှိုင်းထားကြောင်း ပြောဆိုသွားပါတယ်။

အောင်တံခွန် ၃ နှစ်ထပ်သင်္ဘောဟာ မတ်လ ၁၃ ရက်ညက မြေပုံ မြို့နယ်ငပသုန်ကျေးရွာအနီးမှာ နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ သင်္ဘောနစ်မြုပ်မှုကြောင့် လူ ၆၂ ဦးသေဆုံးပြီး ၁၇၂ ဦး ကယ်ဆယ်နိုင်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေး အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013