DVB Logo
Home
မြန်မာသတင်း
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄၅၀ ကျော် အမှုရင်ဆိုင်နေရ
DVB
·
May 13, 2015
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ ၄၅၀ ကျော် အမှုရင်ဆိုင်နေရ
Donate to DVB

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ နိုင်ငံရေးအကျဉ်းသား ၁၅၇ အကျဉ်းကျခံနေရပြီး ၄၅၃ ဦးအမှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ နိုင်ငံရေး အကျဉ်းသားများကူညီစောင့်ရှောက်ရေး အသင်း (မြန်မာနိုင်ငံ) အေအေပီပီဘီက ထုတ်ပြန်ပါတယ်။

ဧပြီလအတွင်း နိုင်ငံရေးဖြစ်စဉ်တွေကို သုံးသပ်တင်ပြထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားတာဖြစ်ပြီး တရားရင်ဆိုင်ရသူ တ၀က်ကျော်ဟာ ငြိမ်းချမ်းစွာ စီတမ်းလှည့်လည်ခွင့်ပုဒ်မ ၁၈ နဲ့၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) နဲ့ တရားစွဲဆိုခံရ တယ်လို့ အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က ပြောပါတယ်။

“ပုဒ်မ ၁၈ နဲ့ ၅၀၅ (ခ)က အများဆုံးဖြစ်ပါတယ်။ အခုဆိုရင်တော့ ကျောင်းသားတွေ စာရင်းလည်း ပါလာတာပေါ့လေ။ ပုဒ်မ ၁၈ တို့၊ ၁၉ တို့ဆိုတာကတော့ နိုင်ငံသားအခွင့်အရေးအတွက်၊ လူ့အခွင့်အရေးအတွက် ကိုယ့်ရဲ့အခွင့်အရေးအတွက် ဆန္ဒထုတ်ဖော်တဲ့ သူတွေကို အကာအကွယ်ပေးသလိုဖြစ်တယ်။ သို့ပေမယ့် တကယ်တမ်းမှာကျတော့ ပုဒ်မ ၁၈၊ ၁၉ တို့ဟာ ဆန္ဒထုတ်ဖော်တဲ့သူကို ဟန့်တားဖို့၊ ခြိမ်းခြောက်ဖို့၊ ဖမ်းဆီး အရေးယူဖို့ ပုဒ်မပဲဖြစ်နေတယ်။”

ဒါ့အပြင် တရားစွဲဆိုခံသူတွေထဲမှာ လယ်သမားတွေများအပြားရှိပြီး သူတို့တွေဟာ ပိုင်နက်ကျူးကျော်မှုပုဒ်မတွေဖြစ်တဲ့ ၄၄၇၊ ၄၂၇ တို့နဲ့ တရားစွဲဆိုခံနေရ တယ်လို့လည်းဆိုပါတယ်။

တရားလွှတ်တော်ချုပ်ရှေ့နေဦးအောင်သိန်းကတော့ ပုဒ်မ ၁၈ နဲ့ ပုဒ်မ ၅၀၅(ခ) တို့နဲ့ တရားစွဲဆိုခြင်းအားဖြင့် မြန်မာနိုင်ငံအတွင်းမှာ နိုင်ငံရေးအကျဉ်းသားပိုများလာမှာဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင်အထိ တက်ကြွလှုပ်ရှားသူတွေကို ထိန်းသိမ်းချင်တဲ့ သဘောဖြစ်နေ တယ်လို့ ထောက်ပြဝေဖန်ထားပါတယ်။

“ပုဒ်မ ၁၈ ဆိုတာက တချို့တွေလည်း ၂ ပတ်တို့၊ ၃ ပတ်တို့ချတာပေါ့နော်။ ၅၀၅ (ခ) ကတော့ ၂ နှစ်လောက်ချတာပေါ့။ အဲတော့ ခင်များစဉ်းစားကြည့် နိုင်ငံရေးအကျဉ်းသားက လက်ရှိအကျဉ်းထောင်ထဲမှာ  ၁၅၀ လောက်ရှိတယ်။ အမှုရင်ဆိုင်နေရသူ ၄၀၀ ကျော်ဆိုလို့ရှိရင် အမှု ရင်ဆိုင်နေရတဲ့သူတွေက သေချာတယ် ထောင်ထဲရောက်မှာပဲ။ အဲတော့ ထောင်ထဲက ၁၅၀ ကျော်မထွက်ခင်မှာ ၄၀၀ လောက်ထပ်ထည့်မယ်ဆိုတော့ နိုင်ငံရေးအကျဉ်းသားကတော့ ပိုပိုပြီးတော့ ဒီအစိုးရခေတ်မှာ ဖောင်ပွနေဦးမှာပဲ။ ဘာဖြစ်လို့လဲဆိုတော့ လှုပ်ရှား တက်ကြွသူတွေကို သူတို့က ၂၀၁၅ ရွေးကောက်ပွဲမှာ ကျော်ဖြတ်သွားနိုင်ဖို့အတွက် ထောင်ထဲ ထည့်ပြီး သိမ်းထားချင်တဲ့ သဘောမျိုးရှိနေတယ်။ နောက်အစိုးရတက်မှ လွှတ်ချင်လွှတ်ဆိုတဲ့ သဘော မျိုးရှိတဲ့အတွက်ကြောင့် အဲဒီသဘောမျိုးတွေနဲ့ လှုပ်ရှားတက်ကြွသူတို့ နိုင်ငံရေးအုပ်စုတွေကို ပုံစံမျိုးစုံနဲ့ ဖိနှိပ်ပြီးတော့ ထောင်ထဲမှာ ထည့်သိမ်းထားဖို့ဆိုတဲ့ ရည်ရွယ်ချက် သူတို့မှာ ရှိပုံပေါ်တယ်လို့ ကျနော်အဲလိုမြင်ပါတယ်။”
ဦးသိန်းစိန်အစိုးရက ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလမှာ နိုင်ငံရေးအကျဉ်းသားများ လုံးဝ မရှိတော့ဘူး လို့ ပြောဆိုနေပေမယ့် နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်းက ပြုစုထားတဲ့စာ ရင်း ဇယားတွေအရ အနည်းဆုံး နိုင်ငံရေးအကျဉ်းသား ၁၅၇ ယောက် အကျဉ်းထောင်တွေမှာ ရှိနေဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013