
စစ်ကိုင်း-ကချင်အစပ် အင်းတော်မြို့နယ်ထဲ အင်အားအလုံးအရင်းနဲ့ စစ်ရေးလှုပ်ရှားနေတဲ့ စစ်ကြောင်းကြောင့် ကသာ၊ မော်လူး ဒေသခံတွေ အပါအဝင် ကျေးရွာ ၂၀ကျော် ဒေသခံ ၁၀,၀၀၀ ကျော် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
ဧပြီ ၁၉ ရက်က ကသာမြို့ကို ထီးချိုင့်မြို့က စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းတွေ ဝင်ရောက်လာပြီးနောက် အင်းတော်မြို့ဘက်ကိုလည်း တဆက်တည်း စစ်ကြောင်းထိုးလို့ အင်းတော်မြို့နယ်ထဲက ကျေးရွာတွေ ကြိုတင်တိမ်းရှောင်ခဲ့ရပါတယ်။
ဧပြီ ၃၀ ရက်မှာ အင်းတော်မြို့ကို ထပ်မံစစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ စစ်ကြောင်းဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG) အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတဲ့ အင်းတော်မြို့ရဲ့ မြို့နယ်ခွဲဖြစ်တဲ့ မော်လူးမြို့ကိုပါ ပြန်သိမ်းပိုက်လိုက်တာကြောင့် အင်းတော်မြို့နယ်ထဲ ကျေးရွာ ၂၀ ကျော်က သောင်းနဲ့ချီတဲ့ ဒေသခံတွေ ဘေးလွတ်ရာကို တိမ်းရှောင်နေရပါတယ်။
မော်လူးဒေသခံတယောက်က “စစ်ရှောင်တွေကတော့ အင်းတော်မြို့နယ်က ကျေးရွာ ၂၀ ကျော်ပေါ့နော်၊ ၂၀ ကနေ ၂၅ လောက်ရှိမယ်။ အဲဒီကျေးရွာတွေကတော့ ရှောင်နေကြတာ ကြာပြီ။ ဘာလို့ဆိုရင် ကသာဘက်ကနေ စကစစစ်ကြောင်း တက်လာကတည်းကနေ ကသာနဲ့နဘားကြားက ရွာတွေ၊ ပြီးတော့ နဘားနဲ့ အင်းတော်ဘက်က ရွာတွေလည်း ကြိုပြီးရှောင်ထားကြတယ်။ စကစဘက်က အင်းတော် ရောက်သွားတဲ့နောက်ကျတော့ မော်လူးကြားက ရွာတွေ အဲဒီကရွာတွေလည်း အကုန်တိမ်းရှောင်နေရတယ်။ လူဦးရေက အကြမ်းအားဖြင့်ပြောရမယ်ဆိုရင် တသောင်းကျော်လောက် ရှိမယ်။ ကျေးရွာပေါင်း ၂၅ ရွာလောက်ရှိမယ်”လို့ ပြောပါတယ်။
လက်ရှိ တိမ်းရှောင်နေကြရတဲ့ ကျေးရွာတွေကတော့ နဘား၊ ကမ်းနီ၊ နားရခေါင်၊ ပင်ဝယ်၊ ဖားပန့်၊ မော်လူး၊ စီပိန်း၊ စီးမော်၊ ညောင်ပင်သာ၊ ဟဲနု၊ ကျန်တော၊ တုံးပုံ၊ ကူးဆိပ်၊ နားနောင်၊ ကျော်ရွာ၊ လယ်ပြင်၊ သီဘာ၊ အစရှိတဲ့ကျေးရွာတွေဖြစ်ပြီး နီးစပ်ကျေးရွာတွေနဲ့ တောတောင်တွေထဲ တိမ်းရှောင်နေကြရပါတယ်။
မေ ၂ ရက်ကစပြီး အင်းတော်မြို့ကို သိမ်းပိုက်လိုက်တဲ့ စစ်တပ်ရဲ့ စစ်ကြောင်းဟာ မော်လူးဘက်ကို ဦးတည်လာတာဖြစ်ပြီး အင်အားအလုံးအရင်းနဲ့ စစ်ကြောင်း ၂ ကြောင်းခွဲ ဝင်ရောက်လာတာကြောင့် မေ ၅ ရက် မနက်ပိုင်းမှာပဲ မော်လူးမြို့ကို ဝင်ရောက်သွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒေသခံတယောက်က “စကစစစ်ကြောင်းကတော့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး မော်လူ အရှေ့ခြမ်းကော အနောက်ခြမ်းကော အဲဒီဘက်ကနေဝင်ပြီးမှ မော်လူးမြို့ထဲကို ဝင်သွားတဲ့ အခြေအနေ။ မြေပြင်မှာတော့ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုပြီးတော့လည်း သိရတယ်။ တိုက်ပွဲနှစ်ဖက် ပစ်ခတ်သံတွေလည်း ကြားနေရတုန်း ဟုတ်တယ်”လို့ ပြောပါတယ်။
မော်လူးမြို့ဟာ စစ်ကိုင်းနဲ့ ကချင်အစပ်မှာရှိပြီး မန္တလေး–မြစ်ကြီးနား ဗျူဟာကားလမ်းပိုင်းမှာ ရှိတာဖြစ်သလို ကချင်ပြည်နယ်ဘက်ကို စစ်အင်အားနဲ့ စားနပ်ရိက္ခာတွေတင်ပို့တဲ့ လမ်းကြောင်းမှာရှိတဲ့မြို့နယ် ဖြစ်ပါတယ်။
မော်လူးမြို့ဟာ ကချင်ပြည်နယ်ထဲက မိုးညှင်းမြို့နယ်ထဲ ထိစပ်နေတာကြောင့် စစ်တပ်အတွက် အရေးပါတဲ့ လမ်းကြောင်းပေါ်က မြို့တွေ ဖြစ်နေပါတယ်။
စစ်တပ်ဟာ မန္တလေး–စစ်ကိုင်း–ကချင် အထိကို ရိက္ခာတင်ပို့နိုင်တဲ့ ဧရာဝတီမြစ်ကြောင်းကို ပြန်လည်ထိန်းချုပ်ကာ စစ်ကိုင်းနဲ့ ကချင်အစပ်က လက်လွှတ်ခဲ့ရတဲ့ဒေသတွေကို ပြန်ထိန်းချုပ်ဖို့ ကြိုးပမ်းလာနိုင်တယ်လို့ စစ်ရေး၊ နိုင်ငံရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
မော်လူးမြို့ကို ၂၀၂၃ ခုနှစ် ဒီဇင်ဘာလက NUG လက်အောက်ခံ ကာကွယ်ရေးတပ်တွေ၊ KIA၊ ABSDF နဲ့ တော်လှန်ရေးအင်အားစုတွေက ပူးပေါင်းသိမ်းပိုက်ခဲ့တာဖြစ်ပြီး ၂ နှစ်ကျော်အကြာမှာ စစ်ကော်မရှင်ဘက်က ပြန်လည်ထိန်းချုပ်လိုက်တာပါ။










