DVB Logo
Home
မြန်မာသတင်း
ဒလမြစ်ကူးတံတားဖွင့်လိုက်သော်လည်း သမ္ဗန်ငယ်များကို ဆက်လက်အားကိုးနေရဆဲ
DVB
·
July 1, 2026
Photo : DVB
Photo : DVB
Donate to DVB

ကိုရီးယား - မြန်မာ ချစ်ကြည်ရေးတံတားလို့ အမည်တပ်ထားတဲ့ ရန်ကုန်-ဒလ မြစ်ကူးတံတား ဖွင့်လိုက်တာ ၅ လဝန်းကျင်ရှိပါပြီဖြစ်ပေမဲ့ ထောင်နဲ့ချီတဲ့ ဒလပြည်သူတွေဟာ မြစ်တဖက်ကမ်းက ရန်ကုန်မြို့ကိုသွားဖို့ စက်တပ်သမ္ဗန်ငယ်တွေကို ဆက်လက်အသုံးပြုနေကြရဆဲ ဖြစ်ပါတယ်။

တံတားဖွင့်ပြီးကာစကစလို့ လက်ရှိအချိန်ထိ ရန်ကုန်နဲ့ ဒလကို YBS ယာဉ်တချို့ ပြေးဆွဲပေးနေတာ ရှိပေမဲ့ တကယ့်လက်တွေမှာ ဒလမြို့ခံ အခြေခံပြည်သူတွေအတွက် အသုံးမဝင်ဘူးလို့ ဒေသခံတွေ က ပြောပါတယ်။

လက်ရှိပြေးဆွဲပေးနေတဲ့ YBS ယာဉ်တွေဟာ လမ်းကြောင်းသင့်တဲ့နေရာတွေကိုသာ ပြေးဆွဲနေတာ ဖြစ်ပြီး ရန်ကုန်မြို့ကို သွားရောက် အလုပ်လုပ်ကိုင်နေကြရတဲ့ အခြေခံပြည်သူတွေ နေထိုင်ရာ ရပ်ကွက်တွေအထိ မရောက်တာကြောင့် နီးစပ်ရာ သမ္ဗန်ဆိပ်တွေကနေပဲ ရန်ကုန်မြစ်ကိုဖြတ်ပြီး သွားလာနေကြရတယ်လို့ ဒလမြို့ခံတယောက်က ပြောပါတယ်။

“ဒလမြို့ကို YBS ချထားပေးတာကတော့ ကောင်းတယ်။ တံတားကြီးလည်း ဖွင့်လှစ်ပေးလိုက်တာ ဆိုတော့ ဟိုအရင်ထက်စာရင်တော့ အရေးပေါ်အခြေအနေတွေမှာ ကူးလူးဆက်ဆံရတာ အများကြီး မြန်သွားတယ်။ အဲ့တာက အားသာချက်ပေါ့။ ဒါပေမဲ့ ဘာကြောင့် လူတွေက ဒီလို အန္တရာယ်များတဲ့ လမ်းကြောင်းကို ဆက်ပြီးတော့ ရွေးနေရလဲဆိုတဲ့ ပြဿနာက။ အဲဒီ YBS တွေက တကယ်တော့ ဒလမြို့ရဲ့ ကားလမ်းတွေ အခြေအနေတွေနဲ့ မကိုက်ဘူး။ သူတို့ တကယ်နေတဲ့ နေရာကို YBS မရောက်ဘူး။ အဲတော့ YBS ဂိတ်ကို အိမ်ရှေ့ကနေ သုံးဘီးနဲ့ ငှားသွားရတယ်။ အဲ့မှာ ကုန်ကျစရိတ် တခုရှိတယ်။ ၃၀၀၀လောက်ရှိတယ်။ ပြီးတာနဲ့ YBS ကို ပြန်စောင့်နေရသေးတာ။ တချို့က ၁၅ မိနစ် တချို့ကျ မိနစ် ၂၀ လောက်မှ ထွက်တာ။ စစချင်းတုန်းကဆို နာရီဝက် တနာရီမှ တစီးပဲလာတာ။ အဲ့တော့ လူတွေက အဲ့လောက် မစောင့်နိုင်ဘူး။ အခုထည့်ထားတဲ့ YBS တွေက မှားနေတာ။ ဒလမြို့ နဲ့ ကိုက်တာက mini bus ပဲ ထည့်လို့ရမှာ။”

ဒလမြို့နယ်က ပြည်သူ ထောင်နဲ့ချီဟာ ရန်ကုန်မြို့ကို နေ့စဉ်လာရောက်ပြီး စားဝတ်နေရေးအတွက် အလုပ်လုပ်ကိုင်နေကြရပါတယ်။ အဲဒီအထဲမှာ ကျောင်းလာတက်တဲ့ ကလေးငယ်တွေလည်း ပါသလို ကျန်းမာရေးအရ ဆေးဝါးကုသဖို့ လာရောက်ကြသူတွေလည်း ရှိနေတာဖြစ်ပါတယ်။

လက်ရှိမှာ မိုးရာသီကို ရောက်နေပြီဖြစ်တဲ့အတွက် စက်တပ်သမ္ဗန်တွေကို စီးနေရတဲ့ အခြေခံပြည်သူ တွေဟာ အသက်အန္တရာယ်ကို နေ့စဉ်နဲ့အမျှ အလောင်းအစားလုပ်ပြီး စားဝတ်နေရေးအတွက် ဖြေရှင်းနေကြရတာပါ။ 

လှိုင်းဒဏ်၊ လေဒဏ်နဲ့ ရာသီဥတုဆိုးရွားတဲ့အခါ သမ္ဗန်မှောက်ပြီး အသက်ဆုံးရှုံးကြရတာတွေ ရှိပေမဲ့ YBS စီးတဲ့အခါ အချိန်နဲ့ ငွေကုန်ကြေးကျ ပိုများတာကြောင့် အခုလို အန္တရာယ်များတဲ့လမ်းကိုပဲ ရွေးနေရတယ်လို့ ဒလမြို့ခံက ဆိုပါတယ်။

“အဲဒီလှေက လူတွေကစီးကြတယ်။ လှေဆိပ်တွေမှာလည်း စည်းကမ်းတွေရှိတယ်။ လှေပေါ် တက်တာနဲ့ Life Jacket ဝတ်ရမယ်။ လူ ၁၂ ယောက်ထက် ပိုမတင်အောင်။ တချို့ဆိပ်တွေဆို ၁၀ ယောက်ထက် ပိုမတင်ရဘူး။ စသဖြင့်ပေါ့ မောင်းသမား အရက်မသောက်ရဘူး။ ဒါပေမဲ့အခုက အဲဒီလိုမျိုး စည်းကမ်းတွေ လျော့ရဲနေတာပေါ့။ Life Jacket ဝတ်ဖို့ဆိုရင် လူတွေက အဲတာကို မဝတ်ချင်ဘူး။ အိမ်ကနေ သန့်သန့်ပြန့်ပြန့် ထွက်လာပြီး ညစ်ပတ်နေတဲ့ Life Jacket ကို ဘယ်သူမှ မဝတ်ချင်ဘူး။ စည်းကမ်းတွေ ရှိတယ်။ လျော့ရဲတဲ့အပိုင်းတွေရှိတယ်။ ဒါပေမဲ့ အာဏာပိုင်တွေက ထိန်းတာ သိမ်းတာမျိုးလည်း မရှိဘူး။ အဲ့တော့ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေက ဖြစ်လာတယ်။ လှေမှောက်တယ်၊ သေတယ်။ အဲ့ဒီ risk တွေက လူတွေကမသိဘူးလားဆိုတော့ သိတယ်။ ဒါပေမဲ့ ရွေးချယ်စရာ မရှိဘူး။ လိုင်းကားက ကြာတယ်။ လိုင်းကားရှိတဲ့နေရာနဲ့ လူတွေနေတဲ့ နေရာက သိပ်အလှမ်းဝေးနေတယ်။”

သမ္ဗန်တွေပေါ်က အသက်ကယ်အင်္ကျီတွေဟာ ညစ်ပတ်ပေရေနေတဲ့အပြင်တချို့ဟာ ဟောင်းနွမ်း စုတ်ပြဲနေတာ တွေ့ရပါတယ်။

ရန်ကုန်နဲ့ ဒလ ပြေးဆွဲပေးနေတဲ့ စက်တပ်သမ္ဗန်ငယ်တွေကို သမဝါယမလို အသင်းအဖွဲ့တွေအပြင် ပုဂ္ဂလိကလုပ်ငန်းရှင်တွေက လိုင်စင်ယူပြေးဆွဲပေးနေတာဖြစ်ပြီး ဆိပ်ကမ်းအာဏာပိုင် လက်အောက်မှာ ရှိပေမဲ့ နေ့စဉ် စီးနင်းနေတဲ့ ခရီးသွားပြည်သူတွေအတွက် အသက်အန္တရာယ် လုံခြုံစိတ်ချရတဲ့ လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ပေးထားမတွေ့ရပါဘူး။

သက်ဆိုင်ရာ သမ္ဗန်ဂိတ်တာဝန်ရှိသူတွေကတော့ သူတို့အနေနဲ့ ယာဉ်အစီးအရေ အကန့်အသတ်နဲ့ ခရီးသည်ဦးရေ ကန့်သတ်ချက်တွေထားထားတဲ့အပြင် သမ္ဗန်တွေပေါ်မှာ အသက်ကယ်အင်္ကျီတွေ ထားပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အရေးပေါ်အခြေအနေမှာ အချိန်နဲ့တပြေးညီ တုန့်ပြန်ဆောင်ရွက်နိုင်ဖို့ သမ္ဗန်သမား အချင်းချင်းချိတ်ဆက်မှုတွေလည်း လုပ်ဆောင်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ သမ္ဗန်စီးနှင်းတဲ့ ခရီးသည်တွေဟာ သမ္ဗန်ပေါ်က အသက်ကယ်အင်္ကျီတွေ ဝတ်ဆင်ဖို့ ဝန်လေး ကြတယ်လို့လည်း ဗိုလ်တထောင်ဆိပ်ကမ်းနဲ့ ဒလမြို့က သမ္မတကမ်းခြေကို ပြေးဆွဲနေတဲ့ သမ္ဗန်ဆိပ် က တာဝန်ရှိသူတယောက်က ပြောပါတယ်။

“တချို့ကလည်း life jacket ကို ရှိုးပဲ့မှာစိုးလို့ မဝတ်ချင်ဘူး။ ဒို့ကတော့ ညွှန်ကြားပေးတယ်။ ဝတ်ဖို့ကို ညွှန်ကြားပေးတယ်။ ဒါပေမဲ့ တချို့က သူတို့အလှအပတွေ ဖုံးကွယ်မှာစိုးလို့ မဝတ်ချင်ကြဘူး။ ဒါပေမဲ့ ဒို့ကတော့ ဝတ်ရအောင်လို့ တိုက်တွန်းတယ်။ မဝတ်မနေဆိုပြီး အတင်းတော့ တိုက်တွန်းတယ်။ နားလည်အောင်တော့ ပြောပြတာပေါ့”

နှစ်စဉ် မိုးရာသီရောက်တိုင်း ရန်ကုန်နဲ့ ဒလ ပြေးဆွဲနေတဲ့ သမ္ဗန်မှောက်လို့ ခရီးသွားပြည်သူတွေနဲ့ သမ္ဗန်မောင်းနှင်သူတွေ အသက်ဆုံးရှုံးနေကြရပြီး ပြီးခဲ့တဲ့ ဒီလအစောပိုင်းကလည်း ရန်ကုန်မြို့ မော်တင်ဆိပ်ကမ်းကနေ ဒလမြို့ မှော်စက်ဆိပ်ကမ်းကို ပြေးဆွဲတဲ့ သမ္ဗန်မှောက်လို့ ခရီးသွားပြည်သူ ၃ ယောက် သေဆုံးခဲ့ ပါတယ်။

ဒါပေမဲ့ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ဟာ တိကျပြီး တင်းကျပ်တဲ့ လုံခြုံရေးအစီအမံတွေ ဆောင်ရွက်ခိုင်းတာမျိုး မရှိဘဲ စီမံချက်ကာလမျိုးမှာသာ ခဏလာကြည့်ပြီး ဓာတ်ပုံရိုက်ပြန်သွားကြတယ်လို့ ဒလဒေသခံတွေက DVB ကို ပြောပါတယ်။

အခုလိုအခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ရန်ကုန်နဲ့ ဒလကို လက်ရှိပြေးဆွဲနေတဲ့ YBS ယာဉ်တွေ နေရာမှာ Mini Bus ယာဉ်တွေကို အစားထိုးပြီး အဓိကလမ်းမကြီးတွေအပြင် ရပ်ကွက်လမ်းကြား တွေအထိပါ တိုးချဲ့ပြေးဆွဲးပေးဖို့ ဒလမြို့ခံတွေက လိုလားနေကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013