DVB Logo
Home
မြန်မာသတင်း
အကြွေးစနစ်ဖြင့် ချုပ်နှောင်နှိပ်စက်ခံရသည့် မြန်မာအလုပ်သမားများ လွတ်မြောက်
DVB
·
May 13, 2015
အကြွေးစနစ်ဖြင့် ချုပ်နှောင်နှိပ်စက်ခံရသည့် မြန်မာအလုပ်သမားများ လွတ်မြောက်
1 / 2
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း စမွတ်စခွန်ခရိုင် မဟာချိုင်မြို့က စက်ရုံတရုံမှာ လူကုန်ကူးသူ တွေက အကြွေးစနစ်နဲ့ လာထားသွားပြီး မတရားခိုင်းစေခံနေရတဲ့ အလုပ်သမား ၄၀ ကျော် မနေ့ညက ပြန်လွတ်လာခဲ့ပြီ ဖြစ်ပါတယ်။

ကော့စမွတ်ရပ်ကွက် ထိုင်းယူနီယံပုစွန်ကုမ္ပဏီက မြန်မာအလုပ်သမား ၄၄ ဦးကို မေ ၁၂ ရက် ညနေပိုင်းမှာ မဟာချိုင်နယ်မြေ အမှတ် ၄ က ထိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့အတူ ၀င်ရောက်ကယ်ထုတ်ခဲ့တယ်လို့ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ် ဒါရိုက်တာ ဦးကျော်သောင်းက ဒီဗွီဘီကို ပြောပါတယ်။

“အဲဒီစက်ရုံမှာ သူတို့ ဒုက္ခရောက်နေရတဲ့အကြောင်းကို အလုပ်သမားတယောက်က မေ ၄ ရက်နေ့ကတည်းက လာတိုင်ထားတာ၊ သူတို့ကို ကူဖို့  သက်ဆိုင်ရာကို အကြောင်းကြား ထားပေမယ့်  ချက်ချင်း အရေးယူဆောင်ရွက်တာ မရှိဘူး။ မနေ့ မွန်းလွဲပိုင်းကတော့ မဟာချိုင်အမှတ် ၄ တပ်က ရဲအရာရှိတွေက ကျနော်တို့ဆီ ရောက်လာတယ်။ ဒီအမှုအတွက်တော့ မဟုတ်ဘူး။ ရဲအတုပေါ်ပြီး အလုပ်သမားတွေကို လိမ်နေတဲ့ကိစ္စ ဟုတ်၊ မဟုတ် လာမေးတာ။ ကျနော်တို့ကလည်း ကြုံကြိုက်တာနဲ့ ပုစွန်စက်ရုံက ကိစ္စကိုပါ ထပ်ပြီး တင်ပြလိုက်တယ်။ သက်သေအထောက်အထားတွေ ထုတ်ပြတယ်။ အဲဒါနဲ့ စက်ရုံကို သွားပြီး အလုပ်သမားတွေ ခေါ်ထုတ်ခဲ့တာ ဖြစ်တယ်။”

အဲဒီစက်ရုံက မြန်မာအလုပ်သမားအများစုဟာ လူကုန်ကူးသူတွေဆီကနေ ရောက်လာတာ ဖြစ်ပြီး လာပို့ခနဲ့ အလုပ်ရှာပေးခအဖြစ် တဦးကို အကြွေးဘတ် ၁၀၀၀၀ ကျော်ကနေ ၂၀၀၀၀ ထိ တင်နေကြကြောင်း၊ အကြွေးကျေဖို့အတွက် အရင်ဆုံး အလုပ်လုပ်ပေးရကာ ဒီကြားထဲ အလုပ်ရှင်ကို ပြန်ပြောလို့ သေနတ်နဲ့ ရိုက်တာ၊ လက်ထိတ်နဲ့ ရိုက်တာ၊ အခန်းထဲမှာ အစာမကျွေးဘဲ ပိတ်လှောင်ခံရတာ၊ တနေ့ကို ၁၆ နာရီထိ မရပ်မနား အလုပ်လုပ်ရတာတွေ ရှိတယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် လွတ်လာတဲ့ အလုပ်သမားအများစုကတော့ အမှုကို ဆက်ပြီးရင်ဆိုင်ဖို့ အချိန် မပေးနိုင်တာ၊ ၀မ်းစာရေးတွေပါ ရှိနေတဲ့အတွက် အလုပ်ရှင်ကို အမှုမဖွင့်တော့ဘဲ ကျေအေးလိုကြတယ်လို့ ဆိုပါတယ်။

“လူပေါင်း ၄၄ ယောက်မှာ ၂၇ ယောက်က  ဒီလူတွေလက်ကနေ လွတ်ရင်ပြီးရော အမှု မဖွင်တော့ဘူးလို့ ပြောတယ်။ အမှန်က သူတို့တွေမှာ လုပ်အားခ ကျန်တာတို့၊ အခန်းထဲ ပိတ်လှောင်ပြီး ရာဇ၀တ်မှု မြောက်အောင်၊ လူကုန်ကူးမှုမြောက်အောင် လုပ်ဆောင်ခံရ တာတွေ ရှိတယ်။ အဲဒါ သူတို့က တရားမျှတမှုအတွက် အချိန်မပေးနိုင်ဘူး။ စားဝတ်နေရေးက ရှိသေးတယ်။ အဲဒါကြောင့် ရစရာရှိတာတွေလည်း မယူဘဲ၊ နှိပ်စက်ခံရတာတွေလည်း ငရဲတွင်းထဲက လွတ်ရင် ပြီးရောဆိုပြီး အေးရာအေးကြောင်းလုပ်လိုက်တာ။”

အဲဒီစက်ရုံမှာ မြန်မာနိုင်ငံ ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ရောက်လာတဲ့ အလုပ်သမား စုစုပေါင်း ၅၀ ကျော်ရှိကြောင်း၊ အခုလို တပြုံကြီးထွက်လာတဲ့အတွက် အလုပ်ရှင်က တားပေမယ့် တာဝန်ရှိသူတွေ လာခေါ်လို့ ရဲရဲတင်းတင်း ထွက်လာကြတယ်လို့ မွန်ပြည်နယ် ရေးမြို့နယ် စံပြရွာနေ မနွယ်နွယ်က ခုလို ပြောပါတယ်။

“အခုလို လွတ်လာတော့ အရမ်းဝမ်းသာတယ်။ ညီမက ပွဲစားကို အကြွေး ၂ သောင်း တင်တာ။ ၂ နှစ်ကျော်မှ ကျေတယ်။ လုပ်အားခက တနေ့ ၁၀၀ ကျော်ပဲ ရတယ်။ အကြွေး မကျေရင် ဘယ်မှ ပေးမသွားဘူး။ ၂ နှစ်လုံး စက်ရုံထဲမှာပဲ။ ထမင်းလည်း ကျွေးတာပဲစား ရတယ်။ ညီမတို့ ထွက်လာတော့ သူဌေးက သူ့ကို ကူပါဦးတဲ့။၊ သူက ညီမတို့ကို လုပ်ထားတော့ မကူပါဘူး၊ လူကြီးတွေ လာကြိုလို့ ရဲရဲပဲ ထွက်လာတယ်။ သူဌေးကို မျက်နှာလိုမျက်နှာရ ဖားတတ်တဲ့ သူတွေလောက်ပဲ ကျန်ခဲ့တယ်။”

သထုံမြို့နယ် တံတားဦးရွာနေ ဖိုးခွားက “သူဌေးက အလုပ်သမားကတ် သိမ်းထားတယ်။ အပြင်မှာ ရဲဖမ်းတော့ တာဝန်မယူဘူး။ ကိုယ့်ပိုက်ဆံနဲ့ ကိုယ်ပေးပြီး ပြန်ထွက်လာတယ်။ လုပ်ခလည်း အလုပ်လုပ်တာ တနေ့ ၂၀၀ ထက် ပိုမပေးဘူး။”

[caption id="attachment_92790" align="aligncenter" width="510"]ဓာတ်ပုံ - ရွှေလုပ်သား ဓာတ်ပုံ - ရွှေလုပ်သား[/caption]

ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအဖွဲ့ချုပ်ဟာ မြန်မာနိုင်ငံသားတွေကို ကိုယ်အားကိုယ်ကိုး ၀ိုင်းဝန်းကူညီနေတာဖြစ်ပြီး ဒီနှစ်ထဲ လူကုန်ကူးခံရတဲ့ မြန်မာနိုင်ငံသား ၆၀ ကျော်ကို ကယ်တင်နိုင်ခဲ့တယ်လို့ ဦးကျော်သောင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013