
ကမ္ဘာလုံးဆိုင်ရာ ဖွဲ့စည်းပုံဟာ ပြင်းထန်တဲ့ဖိအားအောက်မှာ ရှိနေတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗ်ရော့ဗ်က တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ ပေကျင်းဆွေးနွေးပွဲမှာ ဧပြီ ၁၄ ရက်က ပြောလိုက်တာပါ။
ပေကျင်းမြို့တော်ဆီ ၂ ရက်ကြာ ခရီးစဉ် ရောက်နေတဲ့ လာဗ်ရော့ဗ်က“ဒီနေ့ နိုင်ငံတကာဆက်ဆံရေးရဲ့ အခြေခံအုတ်မြစ်တွေ အပြင်းအထန် စမ်းသပ်ခံနေရတယ်ဆိုတာ ကျနော်ခင်ဗျားနဲ့ လုံးဝသဘောတူပါတယ်။ လက်တင်အမေရိက၊ ဗင်နီဇွဲလားမှာ နှစ်စပိုင်းက ဖြစ်ပျက်ခဲ့တာတွေ၊ အရှေ့အလယ်ပိုင်းမှာ လက်ရှိဖြစ်ပျက်နေတာတွေကိုသာ ကြည့်ဖို့လိုတယ်”လို့ ပြောပါတယ်။
လာဗ်ရော့ဗ်နဲ့ ဝမ်ယိတို့ဟာ ၂ နိုင်ငံပူးပေါင်းဆောင်ရွက်မှုနဲ့ ကုလသမဂ္ဂ၊ BRICS၊ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၊ G20 နဲ့ အာရှ-ပစိဖိတ်စီးပွားရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (APEC) တို့လို ဘက်စုံဖိုရမ်တွေမှာ ပူးပေါင်းဆောင်ရွက်ရေးကို ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ပါတယ်။
ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းနိုင်ငံဆီ တပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာကို မလွှတ်မီ ရက်နည်းနည်းအလိုမှာ တရုတ်နဲ့ ရုရှားတို့က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှာ "ကန့်သတ်ချက်မရှိ" မိတ်ဖက်ဆက်ဆံရေးကို ကြေညာခဲ့ပါတယ်။
ပူတင်က တရုတ်နိုင်ငံကို "မဟာမိတ်" အဖြစ် ဖော်ပြခဲ့ပါတယ်။ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတွေကနှစ်ပတ်လည်ခြိမ်းခြောက်မှုအကဲဖြတ်ချက်ထဲမှာ အာတိတ်ဒေသနဲ့ ဉာဏ်ရည်တုလို ကိစ္စရပ်တွေကနေ အာကာသနဲ့ နျူကလီးယားလက်နက်တွေအထိ နယ်ပယ်အားလုံးမှာ အမေရိကန် အစိုးရအတွက် အဓိကပြိုင်ဘက်တွေအဖြစ် တရုတ်နဲ့ ရုရှားတို့ကို သတ်မှတ်ခဲ့ကြပါတယ်။
အင်္ဂါနေ့မှာ ဗီယက်နမ်နိုင်ငံခေါင်းဆောင်တိုလမ်နဲ့ အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE)ရဲ့ အိမ်ရှေ့မင်းသား ရှိတ်ခ်ခါလက်ဘင်မိုဟာမက် ဘင်ဇေယက်အယ်လ်နာယန် အပါအဝင် ခေါင်းဆောင်အများအပြားကို တရုတ်နိုင်ငံက ကြိုဆိုခဲ့ပါတယ်။
သူတို့ဟာ စစ်ပွဲနဲ့ စီးပွားရေးကျဆင်းမှုကြောင့် ထိခိုက်ခဲ့ရတဲ့ နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေပါ။ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု၊ နယ်ပယ်အသီးသီးမှာ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဘုံစိုးရိမ်မှုရှိတဲ့ နိုင်ငံတကာနဲ့ ဒေသဆိုင်ရာ ကိစ္စရပ်တွေအပေါ် အမြင်တွေကို ဖလှယ်ပြီး ညှိနှိုင်းဆောင်ရွက်မယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာနက အခုသီတင်းပတ်မှာ ပြောခဲ့ပါတယ်။
တရုတ်ပြည်မကြီးအစိုးရနဲ့ ရုရှားအစိုးရတို့ဟာ ရင်းနှီးတဲ့ စီးပွားရေးနဲ့ နိုင်ငံရေးမိတ်ဖက်တွေဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးကတည်းက ဆက်ဆံရေးက ပိုမိုနက်ရှိုင်းလာခဲ့ ပါတယ်။
Source: Reuters











