DVB Logo
Home
မြန်မာသတင်း
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေမှု ဗဟိုဘဏ် ထပ်မံသတိပေးထိန်းချုပ်
DVB
·
May 12, 2015
မြန်မာကျပ်ငွေတန်ဖိုးကျဆင်းနေမှု ဗဟိုဘဏ် ထပ်မံသတိပေးထိန်းချုပ်
Donate to DVB

မြန်မာကျပ်ငွေနဲ့ အမေရိကန်ဒေါ်လာ လဲလှယ်နှုန်းဟာ အစိုးရ သတ်မှတ်ထားတဲ့ ဘောင်ထက် ကျော်လွန်နေတဲ့အတွက် သတ်မှတ်နှုန်းအတိုင်း ရောင်းချဖို့ နိုင်ငံခြားငွေလဲလှယ်လုပ်ငန်း လုပ်ကိုင်သူတွေကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်က သတိပေးလိုက်ပါတယ်။

mobile moneyဗဟိုဘဏ်အနေနဲ့ မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက်ကျဆင်းနေတာကို အရေးယူဆောင်ရွက်ဖို့ မေလ ၁၁ ရက်နေ့က ရန်ကုန်မှာ ပုဂ္ဂလိက ဘဏ်တွေက တာဝန်ရှိသူတွေနဲ့ လိုင်စင်ရ နိုင်ငံခြားသုံးငွေ ရောင်းဝယ် ကောင်တာဖွင့် လုပ်ကိုင်နေသူတွေကို တွေ့ဆုံ သတိပေးခဲ့တာပါ။

ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နိုင်ငံခြားငွေလဲနှုန်းဟာ အမေရိကန် ၁ ဒေါ်လာကို ၁၀၈၀ ကျပ် ဖြစ်ပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းက ပုဂ္ဂလိက ဘဏ်တွေမှာ ၁၀၁၀ ကျပ် ၀န်းကျင်နဲ့ ရောင်းဝယ်သလို ပြင်ပအရောင်းအ၀ယ်ဈေးကွက်မှာလည်း ၁ဒေါ်လာကို ကျပ် ၁၁၂၀ ကျော် လောက်ထိ ဈေးတက်နေတာဖြစ်ပါတယ်။

ဗဟိုဘဏ်ရဲ့ သတ်မှတ် ရောင်းဈေးဝယ်ဈေး ရည်ညွန်းငွေလဲလှယ်နှုန်းရဲ့ အပေါင်း (သို) အနုတ် ၀ဒသမ၈ ရာခိုင်နှုန်း ဘောင်အတွင်းမှာ ရောင်းဝယ်ကြဖို့ သတိပေးတာဖြစ်ပြီး မလိုက်နာရင် အရေးယူဖို့လည်း ညွန်ကြားထားတယ်လို့ ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဌာန ဒု-ညွန်ကြားရေးမှူးချုပ် ဦးဝင်းသော်က ဒီဗွီဘီကို ပြောပါတယ်။

“ဗဟိုဘဏ် နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေရှိပါတယ်။ ဥပဒေအရဆိုရင်တော့ ဗဟိုဘဏ်က ထုတ်ပြန်ထားတဲ့ အမိန့်တွေ ညွန်ကြားချက်တွေ စည်းမျဉ်းတွေ စည်းကမ်းတွေကို လိုက်နာရမယ်ဆိုပြီးတော့ ပုဒ်မ ၄၀ မှာဖော်ပြထားပါတယ်။ အဲဒါကို လိုက်နာဆောင်ရွက်မှု မရှိဘူးဆိုရင်တော့ ထောင်ဒဏ် ၁ နှစ်သို့မဟုတ် ငွေဒဏ် ကျခံနိုင်တယ်လို့ ဖော်ပြထားပါတယ်။ အုပ်ချုပ်မှုပိုင်းကဆိုရင်တော့ သက်ဆိုင်ရာ ငွေလဲကောင်တာတွေကို သတိပေးမယ် ဒဏ်ကြေးရိုက်မယ် ပြီးရင် ငွေလဲလှယ်လုပ်ငန်း လိုင်စင်သိမ်းမယ် အဲလိုညွန်ကြား ချက်တွေရှိပါတယ်။”

ပြီးခဲ့တဲ့ ၂၀၁၄ နိုဝင်ဘာလ ကလည်း အမေရိကန် ဒေါ်လာ ဈေးတွေ ပြင်ပမှာ ၁ ဒ်ါလာကို ၁၀၈၀ ကျပ်လောက်ထိ မြင့်တက်နေချိန် ဗဟိုဘဏ်က လုပ်ငန်းရှင်းတွေကို ခေါ်ယူတွေ့ဆုံပြီး ထိန်းချုပ်ခဲ့ တာကြောင့် ၁၀၅၀ ကျပ်လောက်ထိ ဈေးတွေပြန်ကျသွားခဲ့ပါတယ်။

ဗဟိုဘဏ်က ၀င်ရောက် ထိန်းချုပ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဒု-ညွန်ကြားရေးမှူးချုပ် ဦးဝင်းသော်က “ပုံမှန်ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေမှာ ငွေကြေးတန်ဖိုးကတော့ အချိန်မရွေး အပြောင်းအလဲ ရှိနေမှာပေါ့ အမေရိကန် ဒေါ်လာအပေါ်မှာ အခြေခံပြီးတော့ နိုင်ငံတကာရဲ့ ငွေကြေးဈေးနှုန်းတွေက အပြောင်းအလဲရှိပါတယ်၊ အဲဒီအချိန်တုန်းကလည်း ပြောင်းလဲ သင့် ပြောင်းလဲထိုက်တဲ့ ပမာဏထက် ကျော်လွန်ပြီးတော့ ဖြစ်တာတွေသည် သွေးရိုးသားရိုး မဟုတ်ဘဲနဲ့ ဒီအပေါ်မှာ ငွေကြေးကစားတာ လုပ်တယ်လို့ ယူဆတဲ့အခါမှာ ကျနော်တို့က ဘဏ်တွေကိုခေါ်ပြီးတော့ ပြောရဆိုရတဲ့ သဘောပါပဲ။ လက်ရှိအခြေအနေမှာလည်း ဒီအတိုင်းပါဘဲ အပြောင်းအလဲတော့ရှိနေမှာပဲ ပြောင်းလဲတဲ့ဘောင်ထက် အများကြီး ကျော်လွန်နေတာ ဖြစ်တဲ့အတွက်ကြောင့်မို့လို့ ဒါတွေကို ကျော်လွန်မှုမရှိဘဲနဲ့ အမြတ်အစွန်းတွေကို အဓိကထားပြီးတော့ လိုတဲ့လူက လိုက်ဝယ် ရှိတဲ့လူက ဈေးတင်ရောင်း မလိုအပ်ပဲနဲ့ နိုင်ငံခြားငွေဈေးကွက်အပေါ်မှာ မဖြစ်အောင်လို့ ကြိုသတိပေးတဲ့သဘောပါ။”

ဒီကနေ့ မေလ ၁၂ ရက် ဗဟိုဘဏ် သတ်မှတ်နှုန်း အမေရိကန် ၁ ဒေါ်လာကို မြန်မာ ကျပ်ငွေ ၁၀၈၀ကျပ်ဖြစ်ပြီး ပုဂ္ဂလိက ဘဏ်တွေမှာ ၀ယ်ဈေး ၁၀၈၈ ကျပ် ရောင်းဈေး ၁၀၈၉ကျပ် သတ်မှတ်ထားပြီး ပြင်ပငွေအရောင်းအ၀ယ် ဈေးကွက်မှာတော့ ၀ယ်ဈေး ကျပ်ငွေ ၁၁၂၈ ကျပ် ၊ ရောင်းဈး ၁၁၃၅ ကျပ် ၀န်းကျင်နဲ့ အရောင်းအ၀ယ်ဖြစ်နေပါတယ်။

ပြည်တွင်း ပုဂ္ဂလိက ဘဏ်အရာရှိတဦးကတော့ “ နစ်နာမှုတော့ရှိပါတယ်၊ အပြင်ဈေးနဲ့ ၄၀ ကျော်လောက်ဟနေတယ်ဆိုရင် ဘာပဲပြောပြော အပြင်က ၁ ကျပ်ပဲ မြတ်မြတ်၊ ၂ ကျပ်မြတ်မြတ် ကျမတို့ ကောင်တာမှာဝယ်မယ် အပြင်မှာ ပြန်ရောင်းမယ်ပေါ့။ ဒီလိုလုပ်လို့ရှိရင် ကျမတို့လည်းဝယ်လိုအား ဈေးကွက်လိုသလောက်လုပ်နိုင်မှာ မဟုတ်ဘူး။ ကျမတို့ လက်ထဲမှာလည်း ဒေါ်လာ ဒီလောက်အထိ မရှိပါဘူး။ အပြင်ကလည်း လာမရောင်းပါဘူး။ အပြင်မှာက ၁၁၃၀ လောက်ရှိနေတဲ့အခါကျတော့ ၁၀၈၀နဲ့ အရမ်းဟနေတော့ လာရောင်းတာ မရှိပါဘူး”လို့ပြောပါတယ်။

နိုင်ငံတကာမှာ အမေရိကန်ဒေါ်လာတန်ဖိုး တက်နေတာ လတ်တလော မြန်မာငွေတန်ဖိုး သိသိသာသာကျနေရတဲ့ အကြောင်းအရင်းတွေထဲက တခုဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေ ပါတယ်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာစိုးထွန်းက “ အဓိကက ပို့ကုန်နဲ့ သွင်းကုန်မှာ သွင်းကုန်က များနေတာ၊ ပို့ကုန်ပမာဏလျော့သွားတယ် သွင်းကုန်က များတဲ့ အခါကျတော့ ကျနော်တို့ဆီက ဒေါ်လာက မရှိတော့ဘူး သွင်းတဲ့ပစ္စည်းတွေ က များနေတဲ့အပိုင်းဖြစ်တာပေါ့၊ နောက်တချက်ကတော့ အစိုးရဘတ်ဂျက်လိုငွေပြတာပေါ့ လစာတွေတိုးတယ် ငွေလုံးငွေရင်း အသုံးစရိတ်တွေကြီးတဲ့အခါ ဘတ်ဂျက်လိုငွေပြတယ် နောက်ပိုင်း ငွေဖောင်းပွမှုဖြစ်လာနိုင်တဲ့ အနေအထားရှိတာပေါ့၊ အမေရိကန်ဒေါ်လာ အနေနဲ့လည်း ခိုင်မာမှုရှိနေတာလည်း ပါတာပေါ့”လို့ ပြောပါတယ်။

နိုင်ငံတော် ဗဟိုဘဏ်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်းစနစ်ကို ဈေးကွက်အခြေခံတဲ့ ထိန်းကျောင်းမှုရှိတဲ့ နှုန်းရှင်ငွေလဲလှယ်နှုန်းစနစ်အဖြစ် ၂၀၁၂ ခု ဧပြီလ ၁ ရက်နေ့ကတည်းက စတင်ကျင်သုံးကာ ငွေလဲလှယ်နှုန်းကို နေ့စဉ်သတ်မှတ် ထုတ်ပြန်ပေးနေတာ ဖြစ်ပြီး ထိုစဉ်က အမေရိကန် ၁ ဒေါ်လာကို မြန်မာကျပ်ငွေ ၈၀၀ ကျော်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013