
ပြီးခဲ့တဲ့ ၂၀၂၆ ခုနှစ် ဩဂုတ်လအတွင်း ကရင်နီပြည်မှာ စစ်အာဏာရှင်တပ်ရဲ့ တိုက်ခိုက်မှုတွေကြောင့် အရပ်သားပြည်သူ ၉ ယောက် သေဆုံးခဲ့ပြီး ၄၃ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့ (KnHRG) ရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။
ဩဂုတ်လမှာ စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှု ၂ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၁၆ ကြိမ်၊ မတရားဖမ်းဆီးမှု ၅ ကြိမ်နဲ့ ပစ်ခတ်မှုတကြိမ် ကျူးလွန်ခဲ့လို့ ပြည်သူ့အိုးအိမ်နဲ့ ပိုင်ဆိုင်မှု ၁၀၇ ခုထက်မနည်း ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
စစ်အာဏာရှင်အစိုးရတပ်ဟာ အရပ်သားတွေ ရိက္ခာပြတ်လပ်စေဖို့ ရည်ရွယ်ပြီး စိုက်ပျိုးမြေတွေနဲ့ တောင်သူတွေကို ပစ်မှတ်ထားပြီး ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာတွေကို ခပ်စိပ်စိပ် ပြုလုပ်လာတယ်လို့ ဆိုပါတယ်။
အထူးသဖြင့် ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်မှု ၁၃ ကြိမ်အထိ အများဆုံး ပြုလုပ်ခဲ့သလို စစ်အဏာရှင်တပ်ရဲ့ စစ်ကြောင်းထိုးမှုနဲ့ အသေခံဒရုန်း တိုက်ခိုက်မှုတွေကြောင့် လွိုင်ကော်နဲ့ ဖရူဆိုရှိ စစ်ရှောင်ပြည်သူ ထောင်ပေါင်းများစွာဟာ ဘေးလွတ်ရာကို ထပ်မံထွက်ပြေး တိမ်းရှောင်နေကြရတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး KnHRG က နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေကတဆင့် စစ်ရှောင်တွေထံ အရေးပေါ် ကူညီထောက်ပံ့ပေးဖို့၊ စစ်အာဏာရှင်အစိုးရရဲ့ စီးပွားရေးနဲ့ လက်နက်/လေယာဉ်ဆီ တင်သွင်းမှုတွေ ပိတ်ဆို့အရေးယူဖို့နဲ့ မြန်မာနိုင်ငံအတွင်း ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုတရားရုံး (ICC) က အရေးယူပေးဖို့ တောင်းဆိုထားပါတယ်။











