မြင်းစီးမြားပစ်၊ ရွှေလင်းယုန်နဲ့ အမဲလိုက်တာကနေ လွန်ဆွဲနဲ့ အရိုးချိုးပြိုင်ပွဲအထိ ထူးခြားတဲ့ ရိုးရာအားကစားတွေကို ကာဂျစ္စတန်နိုင်ငံ World Nomad Games မှာ ယှဉ်ပြိုင်ခဲ့ကြပါတယ်။
ဆဋ္ဌမအကြိမ် World Nomad Games ကို ဩဂုတ် ၃၁ ရက်ကနေ စက်တင်ဘာ ၆ ရက်အထိ ကျင်းပခဲ့ပြီး အဓိကပြိုင်ပွဲတွေကို Issyk-Kul (အစ်ဆစ်ကူးလ်) ဒေသမှာ ပြုလုပ်ခဲ့ပါတယ်။
ဒီနှစ်ပွဲမှာ နိုင်ငံ ၁၀၉ နိုင်ငံက အားကစားသမား ၃,၀၀၀ ခန့် ပါဝင်ပြီး ရိုးရာအားကစားနည်း ၄၂ မျိုး ယှဉ်ပြိုင်ခဲ့ကြပါတယ်။
အထင်ရှားဆုံးပြိုင်ပွဲတွေထဲမှာ မြင်းကို အရှိန်ပြင်းပြင်းစီးရင်း ပစ်မှတ်ကို မြားပစ်ရတဲ့ မြင်းစီးမြားပစ်ပြိုင်ပွဲ ပါဝင်ပါတယ်။
အစ်ဆစ်ကူးလ်ရေကန်အနီး ကျင်းပတဲ့ Kok-boru ကတော့ ပိုလိုအားကစားနဲ့ ဆင်တူတဲ့ အာရှအလယ်ပိုင်းရဲ့ ရိုးရာမြင်းစီးအားကစားတမျိုး ဖြစ်ပါတယ်။
ဒီပြိုင်ပွဲမှာ မြင်းစီးသမားတွေက ဆိတ်အသေကောင် ဒါမှမဟုတ် ပုံစံတူကို အပြိုင်လုယူပြီး ပြိုင်ဘက်အသင်းရဲ့ အိုးကြီးပုံစံ ဂိုးပေါက်ထဲ ပစ်ထည့်ရပါတယ်။
ဒါ့အပြင် လွန်ဆွဲ၊ ရွှေလင်းယုန်နဲ့ အမဲလိုက်ပြိုင်ပွဲနဲ့ နွားကျောရိုးဆစ်ချိုးပြိုင်ပွဲလို ခွန်အားနဲ့ ကျွမ်းကျင်မှု စမ်းသပ်တဲ့ ရိုးရာအားကစားတွေလည်း ပါဝင်ပါတယ်။
World Nomad Games ဟာ အာရှအလယ်ပိုင်းမှာ ရာသီအလိုက် နေရာရွှေ့ပြောင်းနေထိုင်လေ့ရှိတဲ့ နိုမက်ဒ်လူမျိုးတွေရဲ့ ရိုးရာအားကစားနဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဖော်ပြတဲ့ နိုင်ငံတကာပွဲတခု ဖြစ်ပါတယ်။
နောက်တကြိမ် World Nomad Games ကို ၂၀၂၈ ခုနှစ်မှာ ရုရှားနိုင်ငံ တာတာစတန်ဒေသ ကာဇန်မြို့မှာ ကျင်းပသွားမယ်လို့ သိရပါတယ်။











