
အမေရိကန်ပြည်ထောင်စု၊ မင်နီဆိုးတားပြည်နယ်၊ မိုင်နီယာပိုလစ်မြို့ အနီးနားရှိ Mall of America ဈေးဝယ်ကုန်တိုက်မှာ အိုင်အက်စ် (ISIS) အမည်ခံပြီး လူအများအပြားကို သေနတ်နဲ့ ပစ်ခတ် တိုက်ခိုက်ဖို့ ကြံစည်နေတဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တယောက်ကို FBI က ဖမ်းဆီး လိုက်တယ်လို့ တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။
မိုဟာမဒ်ဟာ အောက်တိုဘာ ၇ ရက်မှာ အမေရိကန်မြို့နယ်တရားသူကြီး အယ်လ်ဇဘက်ကာဝန်ရိုက် ရှေ့မှောက်မှာ ပထမဆုံးအကြိမ် တရားရုံးထွက်ခဲ့ပါတယ်။
တရားစွဲဆိုချက်အရ အောက်တိုဘာ ၆ ရက်မှာ မင်နီဆိုတာပြည်နယ်သား ရှိုက်ဒွန်အဗ္ဗဒူလာ မိုဟာမဒ်ကို FBI ရဲ့ လျှို့ဝှက်အေးဂျင့် တယောက်က AK-47 သေနတ်တလက်၊ ကျည် ၃၀ ဝင်ဆံ့တဲ့ ကျည်အိမ် ၄ ခုနဲ့ ကျည်ဆန် ၂၀၀ လောက်ကို ဒေါ်လာ ၆၀၀ နဲ့ ရောင်းချပေးခဲ့ပြီးနောက် ဖမ်းဆီးခဲ့ တာပါ။
အကြမ်းဖက်မှုလုပ်ရပ်အတွက် လက်နက်နဲ့ကျည်ဆန် လက်ခံရယူမှုနဲ့ မိုဟာမဒ်ကို တရားစွဲထားပြီး သူ့ရဲ့ရှေ့နေကတော့ မှတ်ချက်ပေးဖို့ တောင်းဆိုချက်အပေါ် ချက်ချင်းတုံ့ပြန်ပြောဆိုတာ မရှိ သေးပါဘူး။
မိုဟာမဒ်ဟာ နိုင်ငံခြားအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ခံထားရတဲ့ အယ်လ်ရှာဘာ့ဘ် အဖွဲ့အတွက် တိုက်ပွဲဝင်ဖို့ နိုင်ငံခြားကို သွားချင်နေပြီးတော့ သူသာ ခရီးမသွားနိုင်ရင်လည်း လူစုလူဝေးကို သေနတ်နဲ့ ပစ်ခတ်တိုက်ခိုက်ဖို့ စီစဉ်ထားကြောင်းနဲ့ နောက်ပိုင်းမှာ ISIS ထဲ ဝင်ချင်ကြောင်း FBI သတင်းရင်းမြစ်ကို မက်ဆေ့ချ်ကနေတဆင့် ပြောပါတယ်။
ဒါ့အပြင် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်က နယူးအော်လင်းစ်မြို့မှာ ကုန်တင်ကားနဲ့ လူဝင်တိုက်လို့ ၁၄ ယောက်သေဆုံးခဲ့ရပြီးတော့ ရဲတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုမှာ သေဆုံးသွားသူ ကိုလည်း ထောက်ခံကြောင်း စွပ်စွဲခံထားရပါတယ်။
Mall of America ရဲ့ ပိုင်ရှင်တွေဟာ ဂျူးလူမျိုးတွေဖြစ်ပြီး မွတ်စလင် မဟုတ်သူတွေကို သတ်ပစ်ချင်လို့ အောက်တိုဘာလ ၂၄ ရက်နေ့ ကျင်းပမဲ့ မှူန်းလူမျိုးတို့ရဲ့ အနုပညာပွဲတော်မှာ လူ ၃၀ ကနေ ၆၀ အထိ သတ်ဖြတ်ဖို့ အဲဒီလက်နက်တွေကို သုံးဖို့ကြံစည်ထားတယ်လို့ မိုဟာမဒ်က သတင်းပေးသူကို ပြောပြခဲ့တယ်လို့ ဆိုပါတယ်။
Mall of America ဟာ အမေရိကန်ရဲ့ အကြီးဆုံးစျေးဝယ်စင်တာဖြစ်ပြီး အပန်းဖြေဥယျာဉ်၊ ရေအောက်ကမ္ဘာ အဏ္ဏဝါပြခန်းနဲ့ ဆိုင်ခန်းပေါင်း ၅၀၀ ကျော် ပါဝင်ပါတယ်။
Source:Reuters











