DVB Logo
Home
Lead Story
တွက်ရေးမကိုက်တော့တဲ့ မင်္ဂလာ ဓာတ်ပုံဆရာ
DVB
·
May 12, 2015
တွက်ရေးမကိုက်တော့တဲ့ မင်္ဂလာ ဓာတ်ပုံဆရာ
Donate to DVB

ခေတ်ကြီးက တိုးတက်လာတော့ လူတိုင်းလိုလိုက လက်ကိုင်ဖုန်းကိုယ်စီ ကိုယ်စီ ကိုင် နေကြတယ်။ ဖုန်းထဲက ကင်မရာတွေကလည်း အရည်အသွေး ကောင်းတယ်။ ပြီးတော့ အရင်ကလို ဓာတ်ပုံတွေကူး၊ ပုံကြီးတွေချဲ့ တခမ်းတနား အိမ်နံရံမှာ ချိတ်ဆွဲဆိုတာမျိုး လုပ်တာက နည်းလာတယ်။ ဒီတော့ မင်္ဂလာအခမ်းအနားမှာ ဓာတ်ပုံဆရာကို ငှားတော့ငှားပါရဲ့ အလုပ်ကတော့ မဖြစ်တော့ဘူး။

အရင်ကတော့ မိသားစုတွေ ဆုံဖြစ်တုန်းဆိုပြီး အုပ်စုလိုက် ဓာတ်ပုံရိုက်တယ်ဆိုရင်တော့ ဓာတ်ပုံဆရာက ရိုက်စားပေါ့။ အုပ်စုထဲ ပါသမျှလူတွေက အမှတ်တရ လိုချင်ကြတော့ လူများများ ပါရင်ပါသလောက် ဓာတ်ပုံတွေ ကူးပေးရတာ။ ခုကာလကတော့ အုပ်စုလိုက် ဓာတ်ပုံရိုက်ပြီဆိုရင် ဓာတ်ပုံဆရာက ကိုယ့်ကင်မရာနဲ့ ကိုယ် ရိုက်ရတာက နည်းနည်း၊ ဟိုလူ ဒီလူက သူတို့ ဖုန်းလေးတွေ ကိုယ်စီကိုယ်စီ ပေးထားပြီး ရိုက်ခိုင်းတာမို့ ဓာတ်ပုံဆရာ ခမျာ ဓာတ်ပုံရိုက်ပေးရတဲ့လူပဲ ဖြစ်နေရတယ်။ ဖုန်းနဲ့ရိုက်တဲ့သူတွေက ဓာတ်ပုံလည်း ပြန်မကူးတော့ဘူး။ ကြည့်ချင်ရင် ဖုန်းထဲပဲ ပြန်ကြည့်တော့တယ်။

“တခါတခါ ဖုန်း ၄၊ ၅၊ ၆ လုံး ပေးထားပြီး ရိုက်ခိုင်းတော့ (အိတ်တွေ အများကြီးပါတဲ့) ဓာတ်ပုံဆရာရဲ့အင်္ကျီအိတ်တွေကအရင်က ဖလင်လိပ်ထည့်တာ။ ခုတော့ ဖုန်းတွေ ထည့်ရတာ ဖြစ်နေပြီ” လို့ ဓာတ်ပုံ ကိုဇော်ဇော် (ဘိုအဖွဲ့) က ပြောတယ်။

ခုကာလမှာ ဒီဂျစ်တယ် ကင်မရာပေါက်စလေးတွေကိုလည်း လူတိုင်းကိုင်ကြ ဓာတ်ပုံတွေ ရိုက်ကြ ၊ ပုံတွေကို ပြန်ကူးပြန်တော့ ၁ ပုံကို ကျပ် ၁၀၀ တောင် မကုန်ကျဘူး။ ခုရိုက် ခုကူး ခုစောင့်ယူ ခုရတဲ့ခေတ်။ မင်္ဂလာမှတ်တမ်းဓာတ်ပုံတွေကတော့ ဒါလောက် ဈေးမပေါဘူး။ ဓာတ်ပုံကူးခကို သိနေတဲ့သူတွေက မင်္ဂလာမှတ်တမ်းဓာတ်ပုံဆရာကို ဈေးကြီးတယ်၊ ဆော်တယ်လို့ ပြောတာမျိုးလည်း ရှိတယ်။

“သူတို့ဘက်ကကြည့်ရင် ကူးခပဲရှိတယ် ထင်တာ။ ကျနော်တို့က ဓာတ်ပုံတိုက်တခု ထူထောင်ထားရင် အခွန်အခ အမျိုးစုံ ဆောင်ရတယ်။ ၀ယ်ထားရတဲ့ကင်မရာကြီးတွေက အထုတ်ဖောက်လိုက်တာနဲ့ တန်ဖိုးက ကျသွားပြီ။ ပုံကူးရာမှာ ကျနော်တို့က နားလည်နေတော့ ဆိုင်က သူများကူးတဲ့ဆေးနဲ့ ကူးမပေးဘူး။ ကျနော်တို့အတွက် ကူးတဲ့ဆေးက ပိုကောင်းတယ်။ ကူးခလည်း ပိုယူတယ်” လို့ ကိုဇော်ဇော် ( ဓာတ်ပုံဘို အဖွဲ့) ကပြောတယ်။

ဖုန်းနဲ့ ရိုက်တာ ထောင့်မစေ့ခဲ့ရင် ခြေမခိုင် လက်မြဲ သဘောမျိုးပဲ ဓာတ်ပုံဆရာ ကိုငှားသူက ပိုများလာတယ်။ အရင်က မင်္ဂလာဆောင်တဆောင်ကို ပုံ ၂၀၀ - ၃၀၀ အနည်းဆုံး ကူးရတယ်။ ခုတော့ ဓာတ်ပုံဆရာကို ပုံ ၅၀ ပဲ ကူးပါ၊ ၁၀၀ ပဲ ကူးပါဆိုတာ မျိုး ကန့်သတ်လာတယ်။ မင်္ဂလာဆောင်မှတ်တမ်းဓာတ်ပုံဆရာတွေ မင်္ဂလာပွဲ ရိုက်ရတာ လျော့လာတယ်။ စီဒီပဲ ခုတ်ပေးပါ၊ လက်တော့ပ်ထဲ ထည့်ပေးပါ၊ Stick ထဲပဲထည့် ပါဆိုတာတွေ ရှိလာတယ်။

သူတို့အတွက် အသက်ရှုပေါက် ကျန်သေးတာကတော့ ယခုနောက်ထပ် ခေတ်စားလာတဲ့ Pre Wedding ခေါ်တဲ့ မင်္ဂလာပွဲမတိုင်ခင် အကြိုဓာတ်ပုံ အလှရိုက်တာပါ။ ပွဲကြို အလှဓာတ်ပုံကို မင်္ဂလာဧည့်ခံပွဲမှာ ပုံအကြီးကြီးတွေ ကူးပြီး တခမ်းတနား ပြထားတာ ခေတ်စားလာတယ်။ အချို့ကတော့ ရှုခင်းလှတဲ့နေရာတွေကို မင်္ဂလာဝတ်စုံအမျိုးမျိုးပြောင်း အောက်ဒိုးထွက်ရိုက်ပြီး ပုံကြီးလည်းကူးတယ်၊ မင်္ဂလာပွဲမှာ ပရိုဂျက် တာနဲ့ထိုးပြပြီး ဧည်ခံတယ်။

မင်္ဂလာဝတ်စုံကလည်း အမျိုးမျိုး ရှိတယ်။ မြန်မာ့ရိုးရာ၊ တိုက်ပုံခေါင်းပေါင်း နဲ့ ထိုင်မသိမ်းနဲ့ မဟာဆန်ဆန် ရှိတယ်။ အနောက်တိုင်းဆန်ဆန် ဘောင်းဘီ၊ ဂျက်ကက်နဲ့ ဂါဝန်ဖြူနဲ့လည်း ရှိတယ်။ အချို့က စစ်ဝတ်စုံဝတ်ပြီး ချီတက်လာတာလည်း ရှိတယ်။

မင်္ဂလာဝတ်စုံကို တတ်နိုင်တဲ့လူက အပိုင်ဝယ်တယ်၊ ချုပ်တယ်။ အချို့ကတော့ တပွဲတိုးပဲ ၀တ်တာ တသက်လုံးဝတ်ရတာလည်း မဟုတ်ဘဲနဲ့ဆိုပြီး ငှားဝတ်တယ်။ မင်္ဂလာဝတ်စုံ ငှားတဲ့ဆိုင်တွေလည်း မြို့ရွာတိုင်းမှာ ရှိနေပါပြီ။

သိပ်တတ်နိုင်တဲ့ သတို့သားနဲ့ သတို့သမီးတွေကတော့ မင်္ဂလာပွဲတပွဲစာ ဒီဇိုင်နာ အပ်တယ်။ မျိုးမင်းစိုးဆို မျိုးမင်းစိုး၊ မျိုးလှိုင်ဆို မျိုးလှိုင် ဒီဇိုင်းပညာရှင်နဲ့ သီးသန့် အပ်ဝတ်တယ်။

“အချို့က ခရမ်းရောင်လွှမ်းတဲ့ မင်္ဂလာပွဲ ဖြစ်ချင်တယ်ဆိုပြီး သတို့သမီး၊ သတို့သား၊ မိဘနှစ်ဘက်၊ ပန်းကြဲ၊ အပျိုရံ၊ လူပျိုရံကအစ မင်္ဂလာတပွဲလုံး စိတ်ကြိုက် အရောင် တရောင်တည်း ဖြစ်အောင် ဒီဇိုင်နာနဲ့ အပ်ပြီး ချုပ်ဝတ်တာမျိုးလည်း ခေတ်စားလာတယ်”လို့ ကိုဇော်ဇော်က ပြောပြတယ်။

ခေတ်ရေစီးကြောင်းက ပြောင်းလဲနေတာနဲ့အညီ မင်္ဂလာပွဲဆင်ယင်ပုံကလည်း ပြောင်းလဲလာ နေပါတယ်။

ကျော်ရင်မြင့်

 

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013