
ဘာရိန်း၊ ဂျော်ဒန်နဲ့ ကူဝိတ်နိုင်ငံတွေက အမေရိကန် စစ်ရေးပစ်မှတ်တွေကို အီရန်က ဒုံးကျည်တွေ၊ ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့ပါတယ်။
ဘာရိန်းက အမေရိကန် ပဉ္စမရေတပ်နဲ့ ဂျော်ဒန်က လေတပ်စခန်းကို တိုက်ခိုက်ခဲ့တယ်လို့ အီရန် တော်လှန်ရေးအစောင့်တပ် (IRGC) က ဇွန် ၁၀ ရက်မှာ ထုတ်ပြန်ပါတယ်။
ကူဝိတ်နိုင်ငံမှာလည်း အီရန်ရဲ့ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၈ ရက်က ဟော်မုဇ်ရေလက်ကြားမှာ အမေရိကန် ရဟတ်ယာဉ်တစီးကို အီရန်က ပစ်ချခဲ့ပါတယ်။
အဲဒီဖြစ်စဉ်ကြောင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ အမိန့်နဲ့ အီရန်ကို အမေရိကန်က စစ်ရေးအရ အရေးယူခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုကို အမေရိကန် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် (CENTCOM) ကလည်း အတည်ပြုပါတယ်။ အမေရိကန်ရဲ့ အဲဒီလုပ်ရပ်ကို အီရန်က အခုလို လက်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
လုံခြုံချင်ရင် ဒီဒေသကနေ ထွက်သွားဖို့ အီရန်နိုင်ငံခြားရေးဝန်ကြီး အဘားစ် အာရက်ဂ်ချီက သတိပေးထားပါတယ်။
အီရန်တပ်ဖွဲ့တွေအနေနဲ့ ဘယ်လိုခြိမ်းခြောက်မှုကိုမဆို တိတ်တိတ်နေမှာ မဟုတ်ဘူးလို့လည်း အာရက်ဂ်ချီက ပြောပါတယ်။
လက်ရှိမှာတော့ အီရန် ပစ်ခတ်လိုက်တဲ့ ဒုံးကျည်နဲ့ ဒရုန်းအများစုကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ပြီး အမေရိကန်ဘက်က ထိခိုက်မှု တစုံတရာ မရှိသေးဘူးလို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
ဒါ့အပြင် ဒီလို တင်းမာမှုတွေ မြင့်တက်လာတာကြောင့် အာရှဈေးကွက်မှာ ရေနံစိမ်းဈေးနှုန်း ၁ ရာခိုင်နှုန်းလောက် မြင့်တက်သွားပါတယ်။
အခုပဋိပက္ခတွေကြောင့် ပြီးခဲ့တဲ့ ဧပြီလက ရရှိထားတဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။










