အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ တရုတ်၊ ရုရှား စတဲ့နိုင်ငံတွေနဲ့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးအတွက် ဆွေးနွေးနေတယ်လို့ အောက်တိုဘာ ၁၅ ရက်မှာ အတည်ပြုပြောပါတယ်။
ကမ္ဘာပေါ်မှာ နျူကလီးယားလက်နက် အင်အားအကြီးဆုံးနိုင်ငံတွေ ဖြစ်တဲ့အလျောက် ထိပ်ဖူးအရေအတွက်အားဖြင့် ရုရှားဆီမှာ အများဆုံးသိုလှောင်ထားပြီး အမေရိကန်နဲ့ တရုတ်တို့က ကပ်လျက်ရပ်တည်နေတာကို တွေ့ရပါတယ်။
SIPRI - စတော့ခ်ဟုမ်း နိုင်ငံတကာငြိမ်းချမ်းရေး သုတေသနအဖွဲ့ရဲ့ အချက်အလက်တွေအရ အသင့်အနေအထားနဲ့ တပ်ဖြန့်ထားနိုင်တဲ့ နျူကလီးယားထိပ်ဖူး အရေအတွက်မှာတော့ အမေရိကန်က ရုရှားထက်ကို သာလွန်နေပါတယ်။
အဲဒီနောက် Newsmax သတင်းဌာနနဲ့ အင်တာဗျူးမှာ ထရမ့်ပ်က “ဒီကိစ္စကြီးတခုလုံးဟာ ရှက်စရာကောင်းပါတယ်။ တကယ်လို့ ဖြစ်နိုင်မယ်ဆိုရင် နျူကလီးယားလက်နက်တွေကို ဖျက်သိမ်းပစ်ချင်ပါတယ်။ လက်တွေ့မှာလည်း ရုရှားရော၊ တရုတ်နဲ့ပါ နျူကလီးယားကင်းစင်ရေး ဆွေးနွေးနေပါတယ်” လို့ မှတ်ချက်ပေးပါတယ်။
ဒါ့အပြင် လာမဲ့ ၅ နှစ်အတွင်း တရုတ်က အမေရိကန်ကို နျူကလီးယား လက်နက်အင်အားအရ အမီလိုက်လာနိုင်တယ် ဆိုပြီး မျှော်မှန်းထားတဲ့အကြောင်း ဖြည့်စွက်ပြောပါတယ်။
ဒါဟာ ၂၀၂၆ ဖေဖော်ဝါရီလအတွင်း မဟာဗျူဟာမြောက် လက်နက်များလျှော့ချရေး (Strategic Arms Reduction Treaty) စာချုပ်သက်တမ်း ကုန်ဆုံးသွားခဲ့ပြီးနောက် လပိုင်းအကြာမှာပဲ အခုလိုမျိုး ထရမ့်ပ်ရဲ့မှတ်ချက် ထွက်ပေါ်လာတာပါ။
၂၀၁၀ ပြည့်နှစ်တုန်းက လက်မှတ်ရေးထိုးခဲ့ကြတဲ့ New START စာချုပ်ကို သက်တမ်းတကြိမ်သာ ထပ်တိုးခွင့်ရှိပြီး အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒင်နဲ့ ရုရှားသမ္မတ ဗလာဒီမာ ပူတင် ကြားမှာ ၅ နှစ်စာ နောက်ဆုံးသဘောတူညီချက် ရရှိခဲ့တာဖြစ်ပါတယ်။
တချိန်တည်းမှာပဲ ထရမ့်ပ် တည်ဆောက်နေတဲ့ အိမ်ဖြူတော်ကပွဲခန်းမ အသစ်အတွက် မြေအောက်ဗုံးခိုကျင်း ဘန်ကာတခုနဲ့ အဆင့်မြင့် လုံခြုံရေးစနစ်တွေ တပ်ဆင်နိုင်ဖို့ လွှတ်တော်ဆီက ဒေါ်လာ ၁ ဘီလီယံ တောင်းခံခဲ့ပေမဲ့လည်း အောင်မြင်ခဲ့ခြင်း မရှိပါဘူး။
အဲဒီစီမံကိန်းအတွက် ပုဂ္ဂလိကလှူဒါန်းငွေ ဒေါ်လာ ၃၃၃ သန်းအထိ ရရှိထားပေမဲ့လည်း အလှူရှင်တွေရဲ့ အချက်အလက်ကို ထုတ်ပြန်ပေးမှာ မဟုတ်ဘူးဆိုပြီး အိမ်ဖြူတော်က တုံ့ပြန်ထားပါတယ်။
The Washington Post သတင်းစာထဲမှာတော့ Nvidia နဲ့ Apple လိုမျိုး နည်းပညာကုမ္ပဏီကြီးတွေက ဒေါ်လာ ၂၅ သန်းစီ ထည့်ဝင်လှူဒါန်းဖို့ရာ ကတိပြုထားတာကို ဖော်ထုတ်ထားပါတယ်။
Source: Reuters











