
ရခိုင်ပြည်နယ်က မြောက်ဦးနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တို့ကို ဧပြီ ၁၉ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်တပ်က တိုက်လေယာဉ်တွေနဲ့ ဗုံးကြဲခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြောက်ဦးမြို့နယ်က ကျောက်ဆည်ပြင်ကျေးရွာ အနီးပတ်ဝန်းကျင်၊ ပုဏ္ဏားကျွန်းမြို့က ဓာတ်အားခွဲရုံနဲ့ နတလ ကျောင်းတို့ကို မနက် ၁၀ နာရီ ဝန်းကျင်မှာ ဂျက်ဖိုက်တာ ၄ စင်းထက်မနည်းနဲ့ တပြိုင်တည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာလို့ ရခိုင်ဒေသခံ သတင်းရင်းမြစ်တယောက်က ပြောပါတယ်။
“အထိခိုက် ရှိ၊ မရှိတော့ စုံးစမ်းနေကြဆဲပဲရှိနေသေးတယ်။ မြောက်ဦးမှာ နယ်တွေက ရွာအနီးပတ်ဝန်းကျင်ကို ဗုံးကြဲခဲ့တာဖြစ်ပြီး ပုဏ္ဏားကျွန်းမှာတော့ မြို့ပေါ်မှာရှိတဲ့ ဓာတ်အားခွဲရုံနဲ့ နတလကျောင်းလို့ ကနဦးသိထားရတယ်။ အခြေအနေအသေးစိတ်ကတော့ စုံးစမ်းနေဆဲ” လို့ပြောပါတယ်။
စစ်တပ်ဟာ ဧပြီ ၁၇ ရက်နေ့က Y-12 နဲ့ ဂျက်ဖိုက်တာတွေ သုံးပြီး လေကြောင်းကနေ နာရီနဲ့ချီ ကင်းထောက်ခဲ့ပြီးနောက် ဧပြီ ၁၈ ရက်နေ့မှာ လေကြောင်းကနေ ဗုံးကြဲခဲ့တာဖြစ်ပါတယ်။
ပုဏ္ဏားကျွန်းမြို့ကို ဗုံးကြဲတာမှာလည်း ထိခိုက်ပျက်စီးတာများပြားပြီး လူအထိအခိုက် ရှိ၊ မရှိကိုတော့ မသိရသေးဘူးလို့ ပုဏ္ဏားကျွန်းမြို့က စစ်ဘေးရှောင်နေတဲ့ အသက် ၄၀ အရွယ် အမျိုးသားတယောက်က ပြောပါတယ်။
“ဗုံးကြဲခဲ့တာတော့ ဟုတ်တယ်။ ဓာတ်အားခွဲရုံနဲ့ နတလ ကျောင်းလို့ သိထားရတယ်။ အဲဒီ ပတ်ဝန်းကျင်တွေမှာ အရပ်သားတွေနေထိုင်ကြတာကြောင့် ထိခိုက်မှုကတော့ ရှိနိုင်တယ်။ အတိအကျတော့ ကျနော်တို့လည်း မသိရသေးဘူး။ ပျက်စီးဆုံးရှုံးမှုတော့ များနိုင်တယ်” လို့ ပြောပါတယ်။
သင်္ကြန်ကာလတွင်း ဧပြီ ၁၅ နဲ့ ၁၆ ရက်ကလည်း အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ ကျောက်တော်နဲ့ ပလက်ဝမြို့နယ်က တောင်တန်းအချို့ကို စစ်တပ်က ဗုံးကြဲခဲ့ပါသေးတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းကလည်း ပုဏ္ဏားကျွန်းမြို့နယ်၊ ယိုးငူရွာကို ဗုံးကြဲတာကြောင့် အယောက် ၂၀ သေဆုံးခဲ့ပါတယ်။
စစ်တပ်ဦးစီးချုပ် အသစ်ပြောင်းပြီးနောက် ရခိုင်အပါဝင် နိုင်ငံတဝန်းလုံးက တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်နယ်မြေတွေနဲ့ တိုက်ပွဲပြင်းထန်နေတဲ့နယ်မြေတွေကို နေ့စဉ်ရက်ဆက် ဗုံးကြဲနေတာ ဖြစ်ပါတယ်။











